Daily Archives: November 1st, 2013

သျှမ်း/မြောက်ဒေသခံများ ရရန်ကျန်သည့် ပိုက်လိုင်းသိမ်း ပိုက်မြေလျော်ကြေး ဆက်လက်တောင်းဆို


သျှမ်းသံတော်ဆင့်

တရုတ်ဂက်စ်နှင့်ရေနံစိမ်းပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းစတင်ကတည်းက နမ္မတူမြို့နယ်အတွင်းသတ်မှတ် ဧရိယာထက်ပို၍ သိမ်းပိုက်ထားသည့် လယ် ယာခြံမြေများ နစ်နာကြေး အတွက်ဆက်လက် တောင်းဆိုသွား မည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုက်ခေါင်အုပ်စုအတွင်း ဖြတ် သန်းသည့် ဂက်စ်နှင့်ရေနံပိုက်လိုင်း အတွက် သိမ်းပိုက်မြေဆုံးရှုံးခ အပြည့်အ၀ မရသေးကြောင်း၊ မိမိနစ်နာ ဆုံးရှုံးခများ ပြန်လည်ရရှိရန် သျှမ်းပြည်ဝန်ကြီးချုပ်ထံ အကြိမ်ကြိမ်တောင်းဆိုသော်လည်း မရသေးဟုဆိုသည်။

“အမှန်တော့ ပိုက်လိုင်းဧရိယာက ၃၀ မီတာ အတွက်ဘဲ သိမ်းမယ် လို့ပြောတယ်။ တကယ်လာသိမ်းတော့ မက ဘူး၊ တချို့နေရာမှာ မီတာ ၅၀ ကနေ မီတာ ၁၀၀ အထိတောင် သိမ်းထား တယ်” – ဟု ဆိုက်ခေါင်အုပ်စု သား စိုင်းခမ်းခင်က ပြောသည်။

ဒေသခံများသည် ဂက်စ်နှင့် ပိုက်လိုင်းဧရိယာအတွက် သိမ်းပိုက်ခံ ထား ရသည့် မီတာ ၃၀ အတွက်ပေးလျော် ပြီးဖြစ်ကြောင်း၊ မီတာ ၃၀ ထက်ကျော် လွန်သည့် အသုံးပြုခံမြေ ဧရိယာများအတွက် သုံးနှစ်စာ (အပင်ဖိုး)လျော်ကြေး တောင်းဆိုခြင်းဖြစ်သည်။

“ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် ဆီကို သွားပြောတယ်။ သူက စွမ်းအင်ဝန်ကြီးဌာနက အဲဒီ လောက်ပဲချပေးတယ်လို့ပြောတယ်။ အဲဒီလျော်ကြေးပမာဏက ရွာသားတွေလိုတဲ့ နှုန်းထားထက် မတရား နည်းနေတယ်။ ဒါကြောင့် အရင်က ပေးတဲ့နှုန်းထား အတိုင်းပြန်ပေး ဖို့ တောင်းဆိုတာဖြစ်တယ်။ မပေးရင် တော့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့အဆင့် ဆက်လုပ်သွားမယ် ” – ဟု ယာမြေ ဆုံးရှုံးခံသူတဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ပိုက်လိုင်းသွယ်တန်းပြီးစီးပြီး ယခုနှစ် (၂၀၁၃) ဂျွန်လကုန်ပိုင်းက ရေနံ နှင့် ဂက်စ်များ စတင်ပို့လွှတ်နေပြီး ဖြစ်ပါသည်။

အဆိုပါစီမံကိန်းစတင်ကတည်းက သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို နှင့် ပြင်ဦးလွင် အပါအဝင် ၆ မြို့နယ်ရှိ လယ်မြေ ဧက ၂၀၀၀ ကျော် ၊ သစ်တောနှင့် ဥယျဉ်ခြံမြေ၊ ကျွဲနွားစား ကျက် မြေတို့ကို ဖြတ်သန်းသွားသဖြင့် ဒေသခံများစွာနစ်နာဆုံးရှုံးခဲ့၏။ ၂၀၁၁ ခုနှစ်မှစ၍ စီမံကိန်းလမ်းကြောင်း တလျှောက် မြေတူးစက်ဖြင့် ထိုးဖျက်ခြင်း၊   မြေများစုပုံခြင်း၊ ရေလမ်း ကြောင်းများ ပိတ်ဆို့ခြင်းကြောင့် ပိုက် လိုင်း သတ်မှတ်နယ်မြေ ပေ ၁၀၀ ကိုကျော်၍ ပတ်ဝန်းကျင်အနီးရှိ သီးနှံခြံမြေများ ပျက်စီး ကြရသည် ဟု လယ်သမား များကပြောပါသည်။

ရွှေဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် တရုတ်အမျိုးသားရေ နံ ကော်ပိုရေး ရှင်း(CNPC) နှင့် မြန်မာ့ရေနံနှင့် ဓါတ်ငွေ့ရောင်းဝယ် ရေး (MOGE) တို့ ပူးတွဲလုပ်ကိုင်သော လုပ်ငန်းဖြစ် သည်။ မြန်မာအစိုးရမှ တရုတ်ပြည်သို့ အနှစ် ၃၀ ကျော်ကြာ ဓါတ်ငွေ့ နှင့် ရေနံစိမ်းရောင်းဝယ်မှု အတွက် အမေရိကန်ဒေါ်လာ၂၉ ဘီလီယံ လက်ကျန်အမြတ်ရရှိမည်ဖြစ်သည်။

Advertisements

အင်တာနက်ပေါ်မှ မြန်မာစာအုပ်များ

အင်တာနက်ပေါ်မှ မြန်မာစာအုပ်များ

with 40 comments

မြန်မာ့ရိုးရာဓလေ့၊ သဘောသဘာဝ၊ အရည်အသွေး၊ အနုပညာနှင့် ဗဟုသုတများ၊ အထူးသဖြင့် မြန်မာတို့၏ အစဉ်အလာ ဂုဏ်သိက္ခာများကို လေ့လာ၊ အတုယူ၊ ထိန်းသိမ်းနိုင်ကြစေရန် ရည်ရွယ်လျက် အင်တာနက်ပေါ်မှ ရရှိသော မြန်မာစာအုပ်များကို မူရင်းရရှိသည့်စာရင်းအတိုင်း ပြန်လည် ဖော်ပြလိုက်ပါသည်။

………………………………………………………………

    1. မဟာသေနာပတိ (ချစ်ဦးညို)
    2. လင်္ကာဒီပချစ်သူ (ချစ်ဦးညို)
    1. မျက်ရည်စများနှင့်ရယ်သံ (ကျော်လှိုင်ဦး)
    1. ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ (ဦးလှဝင်း)
    2. ရွှေဘုံသာ လမ်းပေါ်မှာ (ဦးလှဝင်း)
    3. အာဇာနည် (ဦးနု)
    4. တာတေ စနေသား (ဦးနု)
    5. ဘ၀အကျဉ်းသား (ဦးရွှေအောင်)
    1. ယောနသံ ဇင်ယော် (ဦးဘသန်း)
    1. ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ (၀င်းသိန်းဦး)
    1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း က (ဦးနု)
    2. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း ခ (ဦးနု)
    1. လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း (ချစ်ဦးညို)
    1. မိန်းမလှအမုန်း (၀င်းဦး)
    1. ထောင်မင်းသားဦးဘိုးတော် (ဒဂုန်ရွှေမျှား)
    1. အစီရ၀တီ ကုဏ္ဍလကေသာ (ချစ်ဦးညို)
    2. ချစ်သူမင်းနန္ဒာ (ချစ်ဦးညို)
    3. စာမရီတို့ထူးထူးခြား (ချစ်ဦးညို)
    4. ယာဇ (ချစ်ဦးညို)
    5. မလေးမဏိစန္ဒာရဲ့နှောင်း (ချစ်ဦးညို)
  1. ဆရာတော်ဦးဥတ္တမ လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့သူ (ဦးဘရင်)

စာအုပ်များကို အပင်ပန်းခံစွာ မြန်မာများအားလုံး မျှဝေခံစားနိုင်ရန်အတွက် ပေးပို့သူများ အားလုံးကို အထူးကျေးဇူးတင်ပါသည်။ ရွှေစကားမှလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမည်။ စာအုပ်များရှိပါက မျှဝေခံစားနိုင်ရန် myanmarchatadmin@gmail.comို.သို့ပေးပို့ ကူညီကြပါရန်။

Source – email

သခင်တွေရဲ့နိုင်ငံ နှင့် သခင်စိတ်ဓါတ် သခင်အကျင့်

 

“ဆရာတင်မောင်သန်းရဲ့ သခင်နိုင်ငံတော်စာအုပ်ဟာ သခင်စိတ်ဓာတ်ကို
အုတ်မြစ်ချပေးမယ့် စာအုပ်။ ဖတ်ရင်းဖတ်ရင်း သခင်သွေးတွေ
ဖြန်းဖြန်းထစေမယ့်စာအုပ်။ ဒီနေ့ခေတ်မှာ အလွန်ထူးခြားပြီး အလွန်လိုအပ်နေတဲ့
စာအုပ်။ ဒီလို ကျနော်ထင်မြင်တယ်။ အဲဒီလို ရဲရဲယုံကြည်တယ်။”

တင်မိုး

“လူသည်အရေးကြီး၏။ လူ့တန်ဖိုးသည် အရေးကြီး၏။ နိုင်ငံကြီးသားစိတ်ဓာတ်မွေးကြဖို့
အထူးလို၏။ ဖွတ်ကျားစိတ်ဓာတ်ဖြင့်တော့ လူတယောက်၊ အသင်းအဖွဲ့တခု၊
နိုင်ငံတနိုင်ငံအား ပေမီဒေါက်မီဖြစ်အောင် ပုံဖော်နိုင်မည်မဟုတ်။”
မောင်သစ်ဆင်း

**သခင်တွေရဲ့နိုင်ငံ**

မြန်မာ့တပ်မတော်ရဲ့ တာဝန်ဟာ ဘာလဲလို့မေးရင် ရဲဘော်လေးကအစ
ဗိုလ်ချုပ်ကြီးများအဆုံး လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ရေးပါပဲလို့
ခြေကြမယ်ထင်ပါတယ်။ မြန်မာပြည်ကို အင်္ဂလိပ်က သိမ်းပိုက်အုပ်ချုပ်ခဲ့တယ်။
ပြီးတော့ ဂျပန်ဝင်အုပ်ချုပ်တယ်။ နောက် အင်္ဂလိပ်ပြန်ဝင်ပြီး အုပ်ချုပ်တယ်။
ဒီသမိုင်းဖြစ်စဉ်လေးလောက်တော့ မူလတန်းအောင်ပြီးသူတိုင်း သိကြမှာပါ။ ဒါဖြင့်
လွတ်လပ်ရေးဆိုတာ ဘာလဲလို့မေးသူကို မေးဖို့မလိုလောက်အောင် ရှင်းလှတဲ့ကိစ္စ
မေးရကောင်းလားဆိုပြီး မျက်မှောင်ချုံ့ကြည့်လိမ့်မယ် ထင်ပါရဲ့။ လွတ်လပ်ရေးဆိုတာ
တိုင်းတပါးလူမျိုးခြားလက်အောက်ပြန်မရောက်ရေးလို့ သူတိုင်းသိပြီးသားကိုး။
တပ်ထဲက ရဲဘော်ကအစ၊ ဗိုလ်မှူးကြီးတွေအလယ်၊ ဗိုလ်ချုပ်ကြီးတွေအဆုံး
မြန်မာပြည်သူပြည်သားတွေ အပါအ၀င် နိုင်ငံရေးသမားတွေအထိ လွတ်လပ်ရေးရဲ့
အဓိပ္ပါယ်နဲ့ သမိုင်းကြောင်းကို ဒါ့ထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း
သဘောမပေါက်ကြတာကတော့ မြန်မာပြည်ရဲ့ ကံကြမ္မာဆိုးပါပဲ။

မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ တို့ဗမာအစည်းအရုံးရဲ့ သခင်တွေဟာ
အင်မတန်အရေးပါပါတယ်။ ဒီလှုပ်ရှားမှုဟာ အင်္ဂလိပ်အောက်က လွတ်မြောက်ရုံလောက်ပဲလို့
တပ်မတော်ခေါင်းဆောင်အများစုက တိမ်တိမ်လေး မြင်နေပုံရပါတယ်။ မြန်မာတွေဟာ
အဲဒီလောက် အတွေးမတိမ်ခဲ့ပါဘူးလို့ တပ်မတော်ခေါင်းဆောင်တွေကို
ကျနော်ပြောပြချင်ပါတယ်။

သခင်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကြည့်ပါ။ “သခင်ဆိုသည်မှာ
လူတိုင်းလူတိုင်း၏ အခွင့်အရေးရရှိ ပိုင်ဆိုင်ရန်အတွက်
ဆောင်ရွက်လုပ်ကိုင်သူများနှင့် လူတိုင်းလူတိုင်း၏
လူတန်းစေ့နေရေးထိုင်ရေးတို့ကို ကြံစည်လုပ်ကိုင်သူများကို ဆိုလိုပါသည်။
သို့အတွက် လူတိုင်းလူတိုင်း လူ့အလျောက် လူလိုနေခြင်းနှင့် လူလိုနေထိုင်ရာ
ကြံစည်အားထုတ်သူတိုင်း သခင်ဟုခေါ်သည်။ လူတိုင်းလူတိုင်း အခွင့်အရေးတူညီသည့်
သခင်ဖြစ်ရန်လိုသည်။”

အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာ အယူအဆသုံးရပ်ပါနေတာ တွေ့ရပါလိမ့်မယ်။
တစ်- လူတိုင်းလူတိုင်း၏ အခွင့်အရေး (Human Rights)
နှစ်- လူတန်းစေ့နေထိုင်ရေး (Economic Rights)
သုံး- လူတိုင်းလူတိုင်း အခွင့်အရေးတူသည့်သခင် ( Equality ) – ဆိုတဲ့ အတွေးအယူ
သုံးရပ်ပါပဲ။

၁၉၉၀ ခုနှစ်မတိုင်မီက ဖွံ့ဖြိုးတိုးတက်ရေးဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
( Economic Growth ) လို့ပဲ နားလည်ကြတာများပါတယ်။ ဒါပေမယ့်
ဖွံ့ဖြိုးတိုးတက်ရေးကို စီးပွားရေးဖွံ့ဖြိုးမှု ကိန်းဂဏန်းတခုထဲနဲ့
တိုင်းလို့မရဘူးဆိုတာ နောက်ပိုင်းမှာ လက်ခံလာကြပါတယ်။ ကျနော်တို့ရဲ့
သခင်ကြီးတွေက ဂျီဒီပီတပ်ရုံတင်မက၊ လူတိုင်းလူတိုင်း လူတန်းစေ့နေရေးထိုင်ရေးကို
မှန်းခဲ့ကြတာပါ။ ဒီသခင်အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ ဖွံ့ဖြိုးတိုးတက်ရေးရဲ့
အတွင်းအနှစ်သာရပါပဲ။

ဒါပေမယ့် ‘လူတန်းစေ့နေထိုင်ရေး’ ကြောင့်ပဲ ကျနော်တို့ရဲ့ နိုင်ငံရေးသမိုင်းဟာ
ကွန်မြူနစ်နဲ့ဆိုရှယ်လစ် အယူအဆတွေဘက် ပိုညွတ်ခဲ့ရပါတယ်။ လူတန်းစေ့နေထိုင်ရေး
ရည်မှန်းချက်က မမှားပါဘူး။ ဒါပေမယ့် အဲဒီကိုရောက်အောင်သွားဖို့
ရွေးချယ်ခဲ့တဲ့ ‘တပါတီအာဏာရှင်စနစ်’ နည်းလမ်းကသာ လွဲမှားခဲ့တာပါ။
ဒီစနစ်ကပဲ ‘လူတိုင်းလူတိုင်း၏ အခွင့်အရေးကို ရရှိပိုင်ဆိုင်ဖို့’
နဲ့ ‘လူတိုင်းလူတိုင်း အခွင့်အရေးတူညီသည့် သခင်ဖြစ်ဖို့’
ပိတ်ပင်ဟန့်တားခဲ့တာကိုး။

လက်ရှိ တပ်မတော်ခေါင်းဆောင်အများစုဟာ လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းရဲ့
လေးနက်တဲ့ ဒီသဘောတွေကို နားလည်ကြပုံ မရဘူး။ ကိုယ့်မင်းကိုယ့်ချင်းကိုလည်း
မြန်မာလူမျိုးက အစိုးရဖြစ်ရင် လွတ်လပ်ရေးကိစ္စပြီးပြီလို့ လျှပ်လျှပ်လေး
ထင်ကြပုံရပါတယ်။

“နိုင်ငံရေးအရ လွတ်လပ်ရေးရရုံနှင့် ကိုယ့်မင်းကိုယ့်ချင်း အဖြစ်သို့
မရောက်ရှိသေး။ ကိုယ့်မင်းကိုယ့်ချင်းတည်ထောင်ရေးဆိုသည်မှာ ရှေးကကဲ့သို့
တဦးတည်း တယောက်တည်း သက်ဦးဆံပိုင် အာဏာရှင်ဘုရင်တို့ အုပ်စိုနည်းမျိုးမဟုတ်။
အများဖြစ်သော ဆင်းရဲသားများကိုယ်တိုင် ကြီးမှူးအုပ်ချုပ်သော ဆင်းရဲသားမင်း
ဆင်းရဲသားချင်းတို့သာ တို့ဗမာများ သဘောဆန္ဒအရ ကိုယ့်မင်းကိုယ့်ချင်း
တည်ထောင်ရေးဖြစ်သည်။”

သိပ်ရှင်းပါတယ်။
(၁) အာဏာရှင်အုပ်စိုးနည်းမဟုတ်ဘူး။
(၂) ဆင်းရဲသားတွေရဲ့အစိုးရ။
(၃) အများသဘောဆန္ဒအရ အစိုးရတည်ထောင်ရေးပါပဲ။

နိုင်ငံရေးသဘောအရ ပြောရရင် ရွေးကောက်တင်မြှောက်တဲ့အစိုးရ (Elected Government)
နဲ့ ဆင်းရဲခြင်းလျော့ပါးအောင် ဆောင်ရွက်ရေး (Poverty Alleviation) ဆိုတဲ့
သဘောတွေပါပဲ။

ကဲ – လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းက ထားခဲ့တဲ့ အယူအဆ၊ ရည်မှန်းချက်တွေနဲ့
ဒီနေ့တပ်မတော်လုပ်နေတာတွေ ဘာများဆက်စပ်နေပါသလဲ။ စပ်ဆိုင်ဖို့ဝေးရော။ ၁၉၆၂
ကတည်းက ဦးနေ၀င်းချမှတ်တဲ့ စနစ်ကြီးလွဲမှားနေမှန်းမသိ၊ ဆက်လက်အမွေဆက်ခံပြီး
နိုင်ငံရေးလမ်းကြောင်း ပြောင်းပြန်ကြီးကို လျှောက်မိလျက်ဖြစ်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေးကို အသံပြာအော်ဟစ်နေပေမယ့် လက်တွေ့လုပ်ဆောင်နေတာတွေကတော့
အင်္ဂလိပ်ကိုလိုနီအစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ သွားတူနေတာ တွေ့ရပါတယ်။

အင်္ဂလိပ်ဘုရင်မင်းမြတ်ရဲ့ ကျေးဇူးတော်နဲ့ မြင့်မြတ်သော စိတ်နှလုံးကို
ဖော်ကျူးခဲ့သလိုပဲ၊ တပ်မတော်ဟာ သူ့ရဲ့ကျေးဇူးတော်ကို ဖော်လို့မဆုံးပါဘူး။
ဒါ့အပြင် တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုပြီး လူထုရဲ့ ကျေးဇူးရှင်နေရာကို
ပြောင်းပြန်လုလိုက်ပြန်ပါသေးတယ်။ ဆရာစံကို ငစံ၊ သခင်အောင်ဆန်းကို
ငါးကျပ်နဲ့ဖြတ်ခဲ့တဲ့ စော်ကားပုံထက် သာလွန်တဲ့ ရင့်သီးနှိမ့်ချ၊
အောက်တန်းအကျဆုံး အသုံးအနှုံးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး
လှုပ်ရှားသူတွေကို စော်ကားခဲ့ပါသေးတယ်။

လူတဖက်သားကို အောက်တန်းကျကျတိုက်ခိုက်ရာမှာ ဗြိတိသျှထက် တပ်မတော်က
ကိုးဆယ်ဆသာပါတယ်။

၁၉၂၀ ကျောင်းသားသပိတ်ပြီးတော့ မွန်တေဂူအစီရင်ခံစာက
အုပ်ချုပ်ရေးအဆင့်တိုးမြှင့်ပေးဖို့၊ မြန်မာနိုင်ငံဟာ
နိုင်ငံရေးနိုးကြားမှုမရှိသေးပါဘူးတဲ့။ တပ်မတော်က ၁၉၈၈ လူထုအုံကြွမှုကြီး
ပြီးကတည်းက ဘာပြောနေပါသလဲ။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့
နိုင်ငံရေးမပြည့်ဝသေးပါဘူးတဲ့။ ဒိုင်အာခီအုပ်ချုပ်ရေးကိုကြည့်ရင်
ဘုရင်ခံခန့်ကိုယ်စားလှယ် (၂၃%) ရှိသလိုပဲ တပ်မတော်က ရေးဆွဲနေတဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံမှာလည်း ၂၅% ယူထားပြန်တယ်ခင်ဗျ။ ဒိုင်အာခီဘတ်ဂျက်နဲ့
စစ်အုပ်စုရဲ့ ဘတ်ဂျက်ကို ယှဉ်ကြည့်လိုက်ပါဦး။ အင်္ဂလိပ်မင်းများလာရင်
လက်အုပ်ချီရသလို ဗိုလ်ချုပ်ကြီးများကိုလည်း ကျနော်တို့ ပြည်သူတွေခမျာ
လက်အုပ်ချီကြိုဆိုနေကြရတာပဲ မဟုတ်ပါလား။

နယ်ချဲ့ဆန့်ကျင်ရေးတွေ မိုးမွှန်အောင် အော်ဟစ်နေပေမယ့် တပ်မတော်အစိုးရဟာ
အင်္ဂလိပ်နယ်ချဲ့က မြန်မာပြည်သူတွေကို အုပ်ချုပ်နှိမ့်ချခဲ့သလိုပဲ
ပြုမူမိလျက်ဖြစ်နေတာ ၀မ်းနည်းစွာ တွေ့လိုက်ရပါတယ်။ ဒါကြောင့်လည်း စာဖတ်သူတွေက
သတိထားမိချင်မှ သတိထားမိမယ်။ အင်္ဂလိပ်၊ ဂျပန်၊ မာစတာ အုပ်ချုပ်ရေးလို့
ကျနော်ရဲ့ ‘ သခင်စိတ်ဓါတ်၊ သခင်အကျင့် ‘ ဆောင်းပါးမှာ ပုဒ်မ ( ၊ ) ခြားပြီး
ကျနော်ရေးခဲ့တာပါ။

ယနေ့တပ်မတော်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းက မျှော်မှန်းခဲ့တဲ့
မြန်မာပြည်သူတိုင်းကို သခင်ဖြစ်အောင် လူဇာတ်ဝင်အောင် ဆောင်ရွတ်ရမယ့်အစား
ကိုယ့်ကိုယ်ကို မာစတာဖြစ်အောင် နေထိုင်ဆောင်ရွတ်မိလျက် ဖြစ်နေပါပြီ။
သမိုင်းကိုလည်း ပြန်လှည့်ကြည့်ဖို့ သခင်စိတ်ဓါတ်၊ သခင်အကျင့် ဆောင်းပါးကို
ဖတ်ကြည့်လိုက်ပါခင်ဗျား။

**သခင်စိတ်ဓါတ် သခင်အကျင့်**

သခင်ဆိုသည်မှာ

သခင်ဆိုသည်မှာ လူတိုင်းလူတိုင်း၏ အခွင့်အရေးကို ပိုင်ဆိုင်ရန်အတွက် ဆောင်ရွက်
လုပ်ကိုင်သူများနှင့် လူတိုင်းလူတိုင်းတို့၏ လူတန်းစေ့နေရေးထိုင်ရေးတို့ကို
ကြံစည်အားထုတ်သူတိုင်း သခင်ဟုခေါ်သည်။ လူတိုင်းလူတိုင်း အခွင့်အရေးတူညီသည့်
သခင်ဖြစ်ရန်လိုသည်။

**ဗမာ့စိတ်ထား**

မှတ်မိပါသေးသည်။ လတခြမ်းပဲ့ကလေးသည် အနောက်ဘက်ကောင်းကင်ပြင်ဝယ် ရှိနေကာ
တောင်ကုန်းကလေးများဆီဝယ် လျှပ်စီးရောင်များ ၀င်းကနဲ ၀င်းကနဲ လက်နေသည်။
လယ်ကွင်းပြင်များ ထက်ဝယ် ဘော်သာခွာငွေအဆင်းကဲ့သို့ ဖြူဖွေးနေသော နှင်းမှုံများက
အုံ့မှိုင်းလျက် ရှိနေသည်။

ကျွန်ုပ်တို့နှင့် (ကျွန်ုပ်တို့ဆိုသည်မှာ အင်္ဂလိပ်အရာရှိ စာရေးသူ H Fielding
Hall ဖြစ်သည်။) ရှေ့တည့်တည့်တွင် ချောင်းငယ်ဆိုရှိလျက် ဟိုဘက်ကမ်းတွင်မူ
တောင်တန်းကြီးတခုက ရေနှင့်နီးကပ်စွာ တည်ရှိနေသည်။ ထိုတောင်တန်းကြီးအနီးတွင်
သစ်တောများရှိပြီး တောင်ထိပ်အနီးတ၀ိုက်တွင် ကောင်းကင်ပြင်နှင့်ဟပ်၍
ငွေဖြူရောင်တောက်နေလေသည်။ ထိုနေရာမှာ ကျွန်ုပ်တို့နေရာနှင့် ဝေးကွာ၍
မြန်မာတို့၏ မီးကျိုးမောင်းပျက်သေနတ်တို့ဖြင့် ပစ်ခတ်သော်လည်း မရောက်နိုင်ချေ။
ကျွန်ုပ်တို့စခန်း တဖက်တချက်တွင် လယ်ကွင်းပြင်များရှိပြီး
ထိုလယ်ကွင်းပြင်ကျယ်ကြီး အဆုံးတွင် သစ်တောကြီးများကို
ညှို့ညှို့မှိုင်းမှိုင်းမြင်နေရလေသည်။

ကျွန်ုပ်တို့သည် ကောလင်းမြို့စားသား (ကျွန်ုပ်တို့ လားခါးရွာသွားစဉ်က
လမ်းပြ)နှင့် နောင်ရေးကိစ္စများကို ပြောဆိုတိုင်ပင်နေသည်။ စကားထဲတွင်
လားခါးရွာတွင် ရောက်ရှိနေသော ၀န်းသိုစော်ဘွား၏ နောက်လိုက်များက သူ့ (
ကောလင်းမြို့စား၏သား) အား အလွန်မုန်းတီး၍ ဆဲဆိုခဲ့ကြပုံကို ပြန်ပြောပြနေရာ
သူကလည်း ထိုအတိုင်းအမုန်းခံနေရကြောင်း ၀န်ခံလေသည်။
(သခင်နု)

ကျွန်ုပ်မိတ်ဆွေတွေကလွဲရင် အားလုံးက ကျွန်ုပ်ကို မုန်းကြတာပဲ။
ကျွန်ုပ်ဘာတွေလုပ်ခဲ့လို့လဲ။ ကျွန်ုပ်က ကျွန်ုပ်အဖေ သူ့ရာထူး သူပြန်ရအောင်
ကူညီခဲ့တာပဲ။ ကျွန်ုပ်တို့ကို သူတို့ကစပြီး တိုက်တယ်ဆိုတဲ့ အကြောင်းတော့
သူတို့မေ့ကုန်ပြီလေဟု သူကပြောလေသည်။ သူကဆက်၍ ခင်ဗျားတို့နှင့်
ပေါင်းမိတာကြောင့် အသတ်ခံရမှာပဲ။ တနေ့တချိန်တော့ ကျုပ်ကို သူတို့က
သတ်တော့မှာပဲဟု ဆိုလေသည်။

ကျွန်ုပ်တို့သည် ဤသို့ဖြင့် အချိန်ကြာမြင့်စွာ စကားပြောနေကြသည်။ လဆုတ်ရက်ဖြစ်၍
အနီးမီးဖိုမှ မီးရောင်ဖြင့် ဤသို့စကားပြော၍ အားရသောအခါ ကျွန်ုပ်တို့သည်
အိပ်ရာသို့ ၀င်တော့မည်အပြုတွင် ချောင်းတဘက်ကမ်းမှ ကျွန်ုပ်တို့ဘက်ဆီသို့
လှမ်းအော်ပြောသံကြားရသည်။ ထိုအသံမှာ

“ ကောင်းကောင်းအိပ်ထားလိုက်၊ ထမင်းကောင်းကောင်း စားထားလိုက်ဦးကွယ့်နော်
သိပ်မကြာတော့ဘူး….”

ကျွန်ုပ်တို့အားလုံး အံ့သြစွာဖြင့် မတ်တပ်ရပ်လိုက်ကြသည်။ မြန်မာလို
နားမလည်သူတို့မှာ ဘာပြောမှန်းမသိ၍ အလွန်အံ့သြစွာ နားထောင်နေကြသည်။
စန္ဒရီအစောင့်တို့က အကင်းပါးစွာဖြင့် ခေါင်းပြူကာ နားစွင့်လျက်ရှိနေလေသည်။
နောက်တခါ ထပ်အော်ပြန်သည်။

“ ကောင်းကောင်းအိပ်ထားလိုက်၊ ထမင်းကောင်းကောင်း စားထားလိုက်ဦးကွယ့်နော်
သိပ်မကြာတော့ဘူး….”

ခဏကြာသောအခါ ကောလင်းမြို့စား၏သားအမည်ကိုခေါ်၍ ‘ သစ္စာဖောက်၊ သစ္စာဖောက် ဟု
သံကုန်အော်ဟစ်၍ တောင်ကုန်းတ၀ိုက်တွင် ပဲ့တင်သံများထပ်သွားသည်။ ထိုအော်ဟစ်သော
မြန်မာများလည်း အဝေးသို့ထွက်သွားတော့သည်။

**’ဗမာ့စိတ်ထား ‘**
မိုးနတ်သျှင် ( မြန်မာပြန် )
The Soul of A People by H Fielding Hall မှ

**သမိုင်းနောက်ခံအကျဉ်း**

၁၈၈၅ခုနှစ်၊ နိုဝင်္ဘာ ၂၉မှာ သီပေါမင်းကို အလွယ်တကူ
ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့နောက် မြန်မာတပြညလုံး ကျွန်ဖြစ်ခဲ့ကြရတော့တာပါပဲ။
အဲဒီနောက် ခဏတဖြုတ် ငြိမ်သက်နေကြပြီး မြန်မာပြည်အနှံ့အပြားမှာ
အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေး ထကြွလှုပ်ရှားမှုတွေ ဖြစ်ကြပါတယ်။ အဲဒီထဲမှာ
ဝန်းသိုစော်ဘွားလည်း အပါအ၀င်ပါ။ ၀န်းသိုစော်ဘွားက ကောလင်းမြို့စားကို
ဖြုတ်ချခဲ့ဖူးတာမို့ အဲဒီကောလင်းမြို့စားရဲ့သားက မာစတာအသစ်
အင်္ဂလိပ်နဲ့ပေါင်းပါတယ်။ သူ့အဆိုအရ သူ့အဖေကို မြို့စားပြန်ဖြစ်အောင်လုပ်တာပါတဲ့။

ကျနော်တို့တွေရဲ့ စိတ်ဓါတ်ပုံပြင်လေးက အဲဒီကတည်းက စခဲ့တာပါ။
အင်္ဂလိပ်အုပ်ချုပ်သူတွေက သူတို့ထက် နိမ့်ကျတဲ့သူတွေလိုကြည့်၊ ကိုယ့်ကိုယ်ကိုကျ
မာစတာရယ်လို့ သဘောထားကြပါတယ်။ ကောလင်းမြို့စားရဲ့သားလို
ကိုယ့်နယ်ပယ်ကျဉ်းကျဉ်းလေးမှာ မာစတာပေါက်စဖြစ်ချင်သူတွေက မာစတာကြီးတွေကို
ပြေးကပ်ပြီး ကျွန်ခံကြပြန်ပါတယ်။ ဒီလိုနဲ့ ကျွန်စိတ်ဝင်လာတဲ့ လူတွေရယ်လို့
ပေါ်လာရပါလေရော။

အဲဒီလိုမဟုတ်ပဲ ငါတို့သာအရှင်သခင်လို့ ကိုယ့်ကိုယ်ကိုယူဆတဲ့သူတွေကတော့
ကိုယ့်မှာ မီးကျိုးမောင်းပျက်သေနတ်ပဲရှိစေဦး၊ ငြိမ်မနေကြပဲ မာစတာနဲ့
ကျွန်ပါးဝမာစတာပေါက်စလေးတွေကို ကောင်းကောင်းအိပ်ထား၊ ကောင်းကောင်းစားထား
လို့ကြိမ်းဝါးလိုက်ကြတာကိုး။ အဲဒီလို သခင်စိတ်ရှိသူတွေလည်း
ပေါ်ထွန်းလာပါတော့တယ်။ ဒါပေမယ့် မြန်မာတွေရဲ့ပုန်ကန်မှုဟာ ဆယ်စုတစုထက်
ပိုမကြာနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ အုပ်ချုပ်သူအင်္ဂလိပ်တွေကို သခင်ကြီးလို့
ခေါ်ရတဲ့ဘ၀ ရောက်ပါလေရော။ အင်္ဂလိပ်လိုတော့ မာစတာဆိုပါတော့။

အဲသလို အဖြေအနေကနေ မြန်မာတွေစပြီး လူးလွန့်ခဲ့ရတာကတော့ ဘာသာရေးအဖွဲ့အစည်းတွေ
အနေနဲ့ပါပဲ။ ဟိုတဖွဲ့ ဒီတဖွဲ့ ဖြစ်နေရာကနေ ၁၉၀၆ခုနှစ်ရောက်တော့
ဝိုင်အမ်ဘီအေလို့ အင်္ဂလိပ်လို အတိုကောက်ခေါ်တဲ့ ဗုဒ္ဓကလျာဏယုဝအသင်း တသင်းကို
စထူထောင်ဖြစ်ကြပါတယ်။ ပိုပြီးကျယ်ပြန့်အောင် မြို့နယ်တိုင်းမှာ
အသင်းခွဲထူထောင်ဖို့ ဆုံးဖြတ်ပြီး ၁၉၁၀ ရောက်တော့ အဖွဲ့ချုပ်ကြီးတခုအဖြစ်
ဖွဲ့လို့ရလာပါတယ်။ အဲဒီလိုနဲ့ နှစ်စဉ်နှစ်တိုင်းလို ကွန်ဖရင့်အစည်းအဝေး
ကျင်းပနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အစည်းအဝေး အဖွင့်အပိတ်တိုင်းမှာ
ဘုရင်မင်းမြတ်အား ဘုရားသခင် ကြည့်ရှုတော်မူပါလော့ ( God Save The King ) ဆိုတဲ့
အင်္ဂလိပ်အမျိုးသားသီချင်းကို ဆိုကြရတာပါ။

တို့ဗမာ သခင်သီချင်းရှိသလို ကျွန်သီချင်းလည်းရှိတယ်။ အဲဒါ God Save The King
ဆိုတဲ့သီချင်းပဲ။ ကျောင်းတွေမှာ ကျောင်းတက်ရင် အဲဒီသီချင်းဆိုရတယ်။
အခမ်းအနားတွေမှာ အဖွင့်အပိတ် အဲဒီသီချင်းဆိုရတယ်။ တကယ်တော့ ကျွန်စိတ်ဝင်အောင်
လုပ်ထားတာပဲလို့ ၀ါးခယ်မသခင်သိန်းဖေက သူတို့ငယ်ငယ်ဘ၀ကို
ပြန်ပြောင်းပြောပြပါတယ်။

**ငါတို့၏သခင် ဘုရင်မင်းမြတ်**

မြန်မာလူမျိုးတွေရဲ့ သဘောထားက ကိုယ့်ဘုရင်မင်းမြတ်တောင်
ရန်သူမျိုးငါးပါးစာရင်းထဲ သွင်းထားကြတာ မဟုတ်လား။ အဲဒါကို ငါတို့၏သခင်
ဘုရင်မင်းမြတ်ဆိုပြီး ဘုရင်မင်းမြတ်အတွက် မြန်မာတွေကို
ဆုတောင်းခိုင်းကြတာကိုး။ ရုပ်ရှင်တွေပေါ်လာတော့ ရုပ်ရှင်ရုံတွေမှာလည်း
ဒီသီချင်းလာရင် မတ်တပ်ရပ်ရပါသတဲ့။ အဲဒီသီချင်းစာသားတွေက ဒီလိုပါ။

“ဘုရားသခင်သည် ကျေှးဇူးကြီးမားတော်မူသော ငါ၏ဘုရင်မင်းမြတ်ကို မစပါစေသတည်း။
မြင့်မြတ်သော စိတ်နှလုံးတို့နှင့်ပြည့်စုံတော်မူသော ငါတို့၏သခင်
ဘုရင်မင်းမြတ်သည် သက်တော်ရာကျော် ရှည်မြင့်တော်မူပါစေသတည်း။

ဘုရားသခင်သည် ငါတို့၏သခင် ဘုရင်မင်းမြတ်အား ခပ်သိမ်းသော အောင်ပွဲတို့ကို
ခံပါစေသတည်း။

ဘုရားသခင်သည် ငါတို့သခင် ဘုရင်မင်းမြတ်အား ဘုန်းတန်ခိုးတေဇော် ကျက်သရေတော်
အပေါင်းတို့နှင့် ကောင်းကောင်းကြီး ပြည့်စုံပါစေသတည်း။

ငါတို့များစွာ သတ္တ၀ါအ၀ှန်းတို့ အဓွန့်ရှည်စွာ
စောင့်ရှောက်အုပ်စိုးနိုင်ပါစေသတည်း။

အို ဘုရားသခင်၊ ဘုရင်မင်းမြတ်အား သနားသမှု ကြည့်ရှုမစတော်မူပါလော့။”

သီချင်းထဲမှာ ဘုရားသခင်ကို ဆုတောင်းဟန်နဲ့ ဘုရင်မင်းမြတ်ရှေ့မှာ နာမ၀ိသေသနတွေ
ထည့်သွားလိုက်တာ ကျေးဇူးကြီးမားတော်မူသောတဲ့။

မြန်မာ့ယဉ်ကျေးမှုမှာ ကျေးဇူးတရားနဲ့ပက်သက်လာရင် အနန္တော အနန္တ ငါးပါးဖြစ်တဲ့
ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာပဲ ဦးထိပ်ထားလေ့ရှိပါတယ်။ ဘုရင်မင်းမြတ်မပါပါဘူး။
ဒါပေမယ့် သီချင်းစာသားထဲမှာ အင်္ဂလိပ်အုပ်စိုးသူ မာစတာတွေဟာ အမိအဖနေရာက
တန်းညှိလာကြပါတယ်။

ငါတို့ကျေးဇူးတရားလို့ တယ်ကျူးရင့်ချင်လာပြီး ပြည်သူလူထုကိုလည်း
အဲဒီသီချင်းကို နားထောင်ခိုင်း၊ ဆိုခိုင်းလို့ရတဲ့နေရာမှာ လိုက်ဆိုခိုင်း
လုပ်ကြတာဟာဖြင့် မြန်မာပြည်သူလူထုကို ထင်သလိုစော်ကားတာပါပဲ။ အဲဒီကျေးဇူးဆိုတဲ့
နာမ၀ိသေသနအပြင် မြင့်မြတ်သော စိတ်နှလုံးနှင့် ပြည့်စုံတော်မူသောတဲ့၊
ငါတို့၏သခင်’ တဲ့။ မသိမသာထည့်သွားတာ သုံးကြိမ်သုံးခါ တွေ့ရပါတယ်။
အဲဒါကျနော်တို့တတွေကို ‘ ငါတို့၏သခင် ဘုရင်မင်းမြတ်သာ မိဘ၊ ဘုရင်မင်းမြတ်သာ
ဆရာ၊ ဘုရင်မင်းမြတ်သာ သခင်လူထုစိတ်ထဲ စွဲဝင်သွားစေချင်တာကိုး။ သူတို့က လူထုကို
အဲသလို ကျွန်ဇာတ်သွင်း၊ အနန္တော၊ အနန္တငါးပါးနေရာမှာဝင်၊ ခြေတင်ချင်ကြတာပါ။

**ကျွန်အဖြစ်မခံသော ပထမကျောင်းသားသပိတ်သို့**

မာစတာတွေဟာ နည်းပေါင်းစုံနဲ့ ကျွန်ဇာတ်သွင်းလိုက်ကြတာ
ဝိုင်အမ်ဘီအေအသင်းကြီးရဲ့ ကွန်ဖရင့်တွေမှာ ဂျော့ဘုရင်နဲ့ မေရီမိဘုရားကြီးတို့
သက်တော်ရာကျော်ရှည်ပါစေ၊ ဘုရားသခင်က စောင့်ရှောက်ပါစေရယ်လို့ ဆုတောင်းမေတ္တာ
ပို့ခဲ့ကြရသေးတာကလား။ စတုတ္ထအကြိမ် ဟင်္သာတကွန်ဖရင့်မှာလည်း ဂျော့ဘုရင်နဲ့
မြန်မာပြည်ဘုရင်ခံကို ကျေးဇူးသစ္စာစောင့်သိ ရိုသေပါကြောင်း အစည်းအဝေးမှာ
ထည့်ပြောရပါသေးသတဲ့။ ဆဋ္ဌမအကြိမ် မော်လမြိုင်ကွန်ဖရင့်မှာ ပုဏ္ဏားသုံးယောက်က
ဂျော့ဘုရင်ကို မေတ္တာရေစင်လောင်း၊ ဆုမွန်ကောင်းတွေလည်း တောင်းကြသေးသတဲ့။
ဒါ့အပြင် အင်္ဂလိပ်အုပ်ချုပ်ရေးအောက်မှာ အေးအေးချမ်းချမ်းနေကြရလို့
အုပ်ချုပ်သူမာစတာမင်းတွေကို ကျေးဇူးဥပကာရတင်ကြောင်း စကားဆိုခဲ့ကြသေးတယ်လို့
ဆိုသကိုး။

မာစတာတွေက ကျွန်ဇာတ်သွင်းသလို ကျနော်တို့ထဲကလူတွေကလည်း မျက်နှာလိုအားရနဲ့
ကျွန်ဇာတ်ကသူတွေက ကကြသေးတာဆိုတော့ ရာဇ၀င်ရိုင်းခဲ့ရတယ်လို့
ရှက်ရှက်နဲ့ဝန်ခံရမှာပါ။ ဒါပေမယ့် ၀ိုင်အမ်ဘီအေအသင်းကြီးဟာ
နိုင်ငံအကျိုးပြုလုပ်ငန်းတွေလည်း လုပ်ခဲ့တာ ငြင်းလို့မရပါဘူး။

အဲဒီတုန်းက အစိုးရရုံးတွေက လူထုကိုဆင့်ဆိုတဲ့စာတွေထုတ်ရင် မောင်မင်း၊ မယ်မင်း
နာခံရမည် ဆိုတဲ့ အသုံးအနှုန်းမျိုး သုံးနှုန်းထားတာကလား။ လူနာမည်ကိုလည်း ငဖြူ၊
ငမဲ စသဖြင့် ‘ ထည့်ပြီး နှိမ်ခေါ်တာပါ။ တောင်သူလယ်သမားခေါင်းဆောင်
ဆရာစံအမှုတုန်းကဆိုရင်လည်း အဲဒီအခေါ်အဝေါ် ပြသနာ ကြုံခဲ့ပါသေးတယ်။

အဲဒီအခါက ဆရာစံဘက်က လိုက်ပါဆောင်ရွတ်တဲ့ ရှေ့နေတွေက ဒေါက်တာဘမော်၊ သခင်မြ၊
သခင်စိန်တို့ပါ။ အမှုစစ်ကတော့ ‘ဆရာစံ လို့ပဲ ဆရာစံကို ခေါ်ကြပါတယ်။ ငစံလို့
မခေါ်ရကောင်းလားဆိုပြီး တရာသူကြီးဦးဘဦးက မကျေမနပ်ဖြစ်ပါသတဲ့။ ဒါကြောင့်’ ဒီမှာ
သခင်ဘသောင်းရဲ့၊ ကျုပ်တို့ မြန်မာတွေကိုက မကောင်းတာဗျ လို့ ဒေါက်တာဘမော်က
သခင်ဘသောင်းကို ပြောဖူးပါသတဲ့။

အဲလိုဈေးဖျက်မြန်မာတွေကလည်း ရှိသေးတာကိုး။
သခင်သီချင်းထဲမှာ ‘ဈေးဖျက်မြန်မာဆိုတာ ကိုယ့်အသားကလောက်ပင်၊
မိုက်ကြေးသာခွဲချင်၊ ဒါမျိုးတော့ ခေါင်းဆောင်မတင်’ လို့ ရေးဖွဲ့
ဆိုခဲ့ပါသေးတယ်။

ဒီလို ရင့်သီးတဲ့ အသုံးအနှုန်းတွေကို ၀ိုင်အမ်ဘီအေအသင်းကြီးက ကန့်ကွက်ပါတယ်။
အင်္ဂလိပ်၊ မြန်မာ၊ ဥရောပသားရယ်လို့ မခွဲခြားပဲ ပညာရေးဥပဒေ
တမျိုးတည်းရှိသင့်တယ်လို့လည်း တောင်းဆိုခဲ့ပါတယ်။ အဲဒီတုန်းက
မြန်မာကျောင်းသားတွေ ကျောင်းခန်းထဲဝင်ရင် ဘွတ်ဖိနပ်စီးရတာ၊
မြန်မာဖိနပ်စီးခွင့်ပြုဖို့လည်း ၀ိုင်အမ်ဘီအေက တောင်းဆိုခဲ့ပါတယ်။
စီးပွားရေးအားဖြင့်ဆိုရင် လယ်ယာတွေကို နိုင်ငံခြားသားကို
ပိုင်ဆိုင်ခွင့်မပေးဖို့၊ ဆန်ဈေးကို မကန့်သတ်ဖို့၊ ဆန်ရောင်းလို့ရတဲ့အမြတ်ကို
မြန်မာနိုင်ငံမှာပဲသုံးစွဲဖို့ အဆိုပြုခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့်
နိုင်ငံရေးအားဖြင့်ဆိုရင်တော့ ဘာတောင်းဆိုချက်မှ မတောင်းဆိုနိုင်ခဲ့သလောက်ပါပဲ။

အုပ်ချုပ်သူရဲ့ အင်ပါယာကိုစိမ်ခေါ်ပြီး တနိုင်ငံလုံး ထကြွနိုးကြားလာစေခဲ့တာတော့
ပထမကျောင်းသားသပိတ်ပဲ ဖြစ်ပါတယ်။

**လူတိုင်းခေါင်းဆောင်**

၁၉၂၀ မတိုင်မီက မြန်မာပြည်မှာ တက္ကသိုလ်ရယ်လို့ မရှိသေးပါဘူး။
ရန်ကုန်တက္ကသိုလ်နဲ့ ယုဒသန်ကောလိပ်ပဲ ရှိတာပါ။ အဲဒီတော့ ၀ိုင်အမ်ဘီအေခေါ်တဲ့
ဗုဒ္ဓကလျာဏယုဝအသင်းက မြန်မာပြည်မှာ တက္ကသိုလ်သီးခြားရှိရမယ်ဆိုပြီး
ကြွေးကြော်တိုက်တွန်းပါတယ်။ ဒါကြောင့် ပညာမင်းကြီး မစ္စတာမက်သယူးဟန်တား
ဦးစီးလို့ တက္ကသိုလ်အက်ဥပဒေရေးဆွဲဖို့ ကော်မတီတရပ်ကို ၁၉၁၈ ဇွန်လမှာ
ဖွဲ့စည်းပြီး၊ ၁၉၂၀ မှာတင်သွင်း၊ ဒီဇင်္ဘာ ၃ရက်နေ့မှာ ကောလိပ်ကျောင်းသားကြီး
၁၁ဦးဟာ ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့် ဗောဓိပင်အနီးမှာ ဒီဥပဒေကို
လျှို့ဝှက်ဆွေးနွေးကြပြီး သပိတ်မှောက်ဖို့ ဆုံးဖြတ်ကြပါတယ်။
ကောလိပ်ကျောင်းသားတွေလည်း သပိတ်မှောက်ရော တပြည်လုံးက
အထက်တန်းကျောင်းသားတွေလည်း သပိတ်ထဲ ပါလာကြပါတယ်။ မန္တလေးမှာ
သပိတ်မှောက်ကျောင်းသားတွေ မြို့ထဲလှည့်လည်ကြတော့ ရာဇ၀တ်ဝန်မက်ဒေါ်နယ်နဲ့
တွေ့ကြပါလေရော။

‘ကျောင်းသားခေါင်းဆောင်ဘယ်သူလဲ’ လို့ရာဇ၀တ်ဝန်က အင်္ဂလိပ်လိုမေးပါတယ်။ ဒီတော့
ခေါင်းဆောင်တယောက်ဖြစ်တဲ့ သခင်ဘသောင်းဖြစ်လာမယ့် မောင်ဘသောင်းက
ဒီလိုပြန်ဖြေလိုက်ပါသတဲ့။
“Everybody is the leader of himself” (လူတိုင်း ကိုယ့်ကိုယ်ကို
ခေါင်းဆောင်နေကြတာပဲ။)

ဒီစိတ်ဓါတ်ဟာ သခင်စိတ်ဓါတ်ရဲ့ အတွင်းအနှစ်ပဲ ဖြစ်ပါတယ်။ သခင်စိတ်ဓါတ်
အလုံးစုံရဲ့ အုတ်မြစ်လည်းဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ မာစတာလို့ထင်ရှာနေတဲ့
ရာဇ၀တ်ဝန် မက်ဒေါ်နယ် လှည့်ပြန်သွားရတဲ့ စကားတခွန်းလည်းဖြစ်ပါတယ်။

လူတိုင်းဟာ ကြောက်စိတ်တွေကို ပယ်ဖျောက်၊ အပြုခံစိတ်တွေကို ဖယ်ရှားပြီး ကျွန်ဘဝ
လွတ်မြောက်ရေးကို လျှောက်လှမ်းရမယ်လို့ တဦးချင်းက ဆုံးဖြတ်ချက်ရှိရှိနဲ့
မိမိကိုယ်ကို ဦးဆောင်ကြမှသာ သခင်ဘ၀နဲ့ နီးစပ်တော့မှာကိုး။ မာစတာ အင်္ဂလိပ်တွေ
ဖြစ်စေချင်တဲ့အတိုင်း အမြီးကုပ်နေလို့ကတော့ ကျွန်ဟာ ကျွန်ပဲဖြစ်နေမှာပါ။
ဒါကြောင့် လူတိုင်းဟာ ခေါင်းဆောင်ဖြစ်တယ်လို့ သခင်ဘသောင်းက ပြောတာပါ။
ဒါကြောင့် လူတိုင်းဟာ ကျွန်ဘ၀လွတ်မြောက်ရေးဆီ ကိုယ့်ကိုယ်ကိုမှ
ဦးဆောင်မသွားနိုင်လို့ကတော့ ၀ပ်ကျင်းထဲက ဘယ့်နှယ်လွတ်နိုင်ပါ့မလဲ။

အင်္ဂလိပ် ဂျပန်လက်အောက်က မြန်မာပြည်လွတ်လပ်ခဲ့တာ ဒီစိတ်ဓါတ်ကြောင့်ဖြစ်တယ်။
ကိုယ့်အသိစိတ်နဲ့ကိုယ် မကြောင်မရွံ့ နောက်မတွန့်ဘဲ လုပ်ခဲ့ကြသူတွေ
ရှိလို့သာဖြစ်တယ်။ ဒါအရေးကြီးတဲ့ သင်ခန်းစာတရပ်ပါပဲ။

**သပိတ်ပြီးတဲ့အခါ မာစတာတွေရဲ့အကြံ**

အင်္ဂလိပ်လက်အောက်မှာ အိန္ဒိယနဲ့မြန်မာရယ်လို့ နယ်စပ်ချင်းထိစပ်နေတဲ့
နိုင်ငံနှစ်နိုင်ငံရှိပေမယ့် မြန်မာကိုချန်ပြီး အိန္ဒိယကို
အုပ်ချုပ်ရေးတိုးမြှင့်ပေးမယ်လို့ ၁၉၁၇ သြဂုတ် ၂၀မှာ အင်္ဂလိပ်အစိုးရက
ကြေငြာပါတယ်။ အိန္ဒိယပြည်ကို ဘယ်လိုအုပ်ချုပ်ရေးမျိုးပေးသင့်သလဲ စုံစမ်းဖို့
အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် မွန်တေဂူကို အိန္ဒိယလွှတ်တော့ မြန်မာတွေလည်း
အုပ်ချုပ်ရေးတိုးမြှင့်ပေးဖို့ တောင်းဆိုရအောင် ၀ိုင်အမ်ဘီအေက
ကိုယ်စားလှယ်တဖွဲ့ စေလွှတ်လိုက်ပါတယ်။ ဒါပေမယ့် မွန်တေဂူအစီရင်ခံစာ ထွက်လာတော့
မြန်မာနိုင်ငံက နိုင်ငံရေးနိုးကြားမှုမရှိသေးလို့
အုပ်ချုပ်ရေးအဆင့်တိုးမြှင့်ပေးဖို့ စောပါသေးတယ်တဲ့။ ဒါနဲ့ ၁၉၁၉မှာတကြိမ်၊
၁၉၂၀မှာတကြိမ် (‘ဖေ၊ပု၊ရှိန်’ နဲ့’ဖေ၊ပု၊သိန်း’ ) ကိုယ်စားလှယ်နှစ်ဖွဲ့
သွားအရေးဆိုပေမယ့် အင်္ဂလိပ်အစိုးရက စိတ်မ၀င်စားလှပါဘူး။

ဒါပေမယ့် ၁၉၂၀ ဒီဇင်္ဘာလမှာ ပထမကျောင်းသားသပိတ်ကြီးပေါ်လာပြီး တနိုင်ငံလုံးမှာ
အမျိုးသားကျောင်းတွေပေါ်လာ၊ ဂျီစီဘီအေအသင်းကြီးရဲ့ နမ၀အကြိမ်မြောက်
ကွန်ဖရင့်ကလည်း ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုလာတယ်ဆိုတော့ အင်္ဂလိပ်တွေ
မနေသာတော့ပါဘူး။ (GCBA ရဲ့အရှည်က General Council of Buddhist Association ပါ။
၁၉၂၀ အဋ္ဌမအကြိမ်မြောက် ကွန်ဖရင့်မှာ ၀ိုင်အမ်ဘီအေကို ဂျီစီဘီအေအဖြစ်
ပြောင်းလဲခဲ့တာပါ။ )

ဒါနဲ့ မြန်မာကို အုပ်ချုပ်ရေးတိုးမြှင့်ပေးဖို့ လေ့လာရအောင်ဆိုပြီး
ဆာအေဖရိုက်ဒရစ်ဝှိုက် ဦးစီးတဲ့ ကော်မတီတခုကို ၁၉၂၁ခုနှစ်မှာ မြန်မာနိုင်ငံကို
စေလွှတ်လိုက်ပါတယ်။ အဲဒီကောင်မတီကို ၀ှိုက်ကော်မတီရယ်လို့ သမိုင်းမှာ
လူသိများကြပါတယ်။ တကယ်တော့ အင်္ဂလိပ်တွေပေးချင်တာက ဒိုင်အာခီ ( Dyarchy )
အုပ်ချုပ်ရေးပုံစံပါ။

**ဒိုင်အာခီအုပ်ချုပ်ရေး**

ဒီအုပ်ချုပ်ရေးကို အင်္ဂလိပ်က ၁၉၂၃ မှာပေးပါတယ်။ အဲဒီအုပ်ချုပ်ရေးမှာ (၁၀၂)
ဋ္ဌာနခွဲထားပြီး ဗြိတိသျှအိန္ဒိယ ဗဟိုအစိုးရက (၄၇) ဋ္ဌာန၊ မြန်မာနိုင်ငံဘုရင်ခံက
(၃၃) ဋ္ဌာန၊ ရွေးကောက်တင်မြှောက်တဲ့ ဥပဒေပြုကောင်စီအမတ်တွေက (၂၂) ဋ္ဌာန
တွဲဖက်အုပ်ချုပ်မယ့် အုပ်ချုပ်ရေးဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက်တဲ့
ဥပဒေပြုကောင်စီအမတ်တွေ ပါတယ်ဆိုတော့ လူထုဆန္ဒသဘောထားကို အင်္ဂလိပ်တွေက
လေးစားသယောင်ယောင်ပါပဲ။

ဒါပေမယ့် အမတ်အချိုးကျပုံကို ကြည့်လိုက်တော့ ဗမာတိုင်းရင်းသားတွေအတွက် (၅၈)
နေရာ၊ ကရင်အမျိုးသားတွေအတွက် (၅) နေရာ၊ ဗမာကုန်သည်ကြီး အသင်းအတွက် (၁) နေရာ၊
ပေါင်း (၆၄) နေရာပဲရှိပါတယ်။ ရာနှုန်းအားဖြင့် (၆၂) ရာနှုန်းပါ။

ဘုရင်ခံက တိုက်ရိုက်ခန့်တာ (၂၁) ယောက်၊ အစိုးရအရာရှိက (၂) ယောက်၊ ပေါင်း (၂၃)
ယောက်ရှိပါတယ်။ ရာနှုန်းအားဖြင့် ၂၃ ရာနှုန်းကို ဘုရင်ခံက
တိုက်ရိုက်ချုပ်ထားလေရဲ့။ သွယ်ဝိုက်ပြီး အိန္ဒိယအမျိုးသားတွေအတွက် (၈) နေရာ၊
အင်္ဂလိပ်ကပြား (၁) နေရာ၊ ဥရောပတိုက်သား (၁) နေရာ၊ တက္ကသိုလ်ကျောင်းကိုယ်စားလှယ်
(၁) နေရာ၊ ဥရောပကုန်သည် (၂) နေရာ၊ တရုတ်ကုန်သည် (၁) နေရာ၊ ဥရောပတိုက်သား
ရောင်းဝယ်ရေးအဖွဲ့ (၁) နေရာ၊ အိန္ဒိယအမျိုးသားကုန်သည် (၁) နေရာ၊ ပေါင်း (၁၆)
နေရာမို့ ၁၅ ရာနှုန်းရှိပါတယ်။

ဒါကြောင့် ဒိုင်အာခီဥပဒေပြုကောင်စီဆိုတာ ဘုရင်ခံမာစတာ ဆက်လုပ်နိုင်ဖို့
အချိုးကျဖွဲ့ထားတဲ့ ကောင်စီလို့ ပြောနိုင်ပါတယ်။

သူကလက်ဝါးကြီးအုပ်ချုပ်ထားတာကိုက (၂၃) ရာနှုန်း ရှိပေတာကိုး။ သွယ်ဝိုက်ပြီး
အုပ်ချုပ်ထားတာကိုက (၁၅) ရာနှုန်းပါ။ ဒီတော့လူထုက မဲပေးနိုင်တာ (၆၂) ရာနှုန်းပဲ
ရှိပါတော့တယ်။ ဒါအင်္ဂလိပ်လက်ထက်မှမဟုတ်ပါဘူ။ ဂျပန်လက်ထက် ဖွဲ့စည်းပုံကို
ကြည့်ရင်လည်း ဒီအတိုင်းပါပဲ။ ရာနှုန်းပြည့်ရွေးချယ်မှုပေးခြင်းဟာ လူထုကို
သခင်အဖြစ် သဘောထားတာဖြစ်လို့မို့ မြန်မာပြည်သူပြည်သားတွေကို
ကျွန်လို့သဘောထားတဲ့ အင်္ဂလိပ်၊ ဂျပန်၊ မာစတာဘွဲ့ခံတွေက ဘယ်တော့မှ
ဒီအခွင့်အရေးကို မပေးခဲ့ပါဘူး။

ပြီးတော့ ၆၂ ရာနှုန်းဆိုတဲ့ အမတ်တွေထဲမှာပဲ ကျွန်စိတ်ဝင်နေတဲ့သူတွေက
ရှိပေသေးတာကိုး။ ဒီတော့ နေရာလေးတနေရာရဖို့ အချင်းချင်းပုတ်ခတ်ပြောဆိုကြနဲ့

“ဒေါင်းယောင်နေ၊ မှေးသကိုအခိုက်တွင်မှ၊
ခေါင်းဆောင်တွေ ရှေးနဂိုရ် မလိုက်ပြန်တော့၊
အရေးထိုထို၌ အခိုက်အခွင့်မဟန် အိုကွယ်
ခွေးလိုကိုက်ချင်တဲ့ စရိုက်အကျင့်တန်”

ကြသူတွေကလည်း မနည်းပေဘူး။

**ဒိုင်အာခီဘတ်ဂျက်**

ထုံးစံအတိုင်းပါပဲ။ မြန်မာတွေ သခင်စိတ်ဓါတ်ထွန်းကားပြန့်ပွားလာတာကို မာစတာတွေက
ဘယ်ကြိုက်ပါ့မလဲ။ သခင်တွေက သခင်အကျင့်ကို ကျင့်ကြံလာကြသလိုပဲ မာစတာတွေကလည်း
မာစတာအကျင့်အကြံတွေနဲ့ လုပ်ကြံလာကြတာပေါ့။ ထုံစံအတိုင်း ပုလိပ်အဖွဲ့
အသုံးဘတ်ဂျက်ပိုသုံးလာကြပြီး ဖိနှိပ်ဖို့ကြိုးစားလာကြပါတယ်။

၁၉၂၇-၂၈ ဘတ်ဂျက်မှာ ပုလိပ်အဖွဲ့အသုံးစရိတ်က ၁၄၈ သိန်းပါ။ ၁၉၃၇-၃၈ ခုနှစ်အတွက်
ဘဏ္ဍာရေးဝန်ကြီးချုပ် (အဲဒီတုန်းက ၀န်ကြီးကို ၀န်ကြီးချုပ်လို့ သုံးနှုံးကြပါတယ်
) လျာထားတာက (၁၅၂) သိန်းခွဲ၊ ဒေါက်တာဘမော်ကြီးမှူးတဲ့ အစိုးရလက်ထက်ရောက်တော့
(၁၅၄) သိန်းခွဲသုံးစွဲလာပြီး ၂သိန်းခွဲပိုလာပါတယ်။

ဒါကိုဆရာကြီးသခင်ကိုယ်တော်မှိုင်းက သူ့ရဲ့သခင်ဋီကာမှာ “ပုလိပ်အဖွဲ့ကြီးတခုလုံး
အားထားမှီခိုရာဖြစ်သော ပြည်ထဲရေးဝန်ကြီးချုပ် ဦးပေါ်ထွန်းသည် လွန်ခဲ့သော
တပေါင်းလ လွှတ်တော်အစည်းအဝေးတွင် ကျွန်ုပ်တို့သခင်လေးများကို
တိုင်းပြည်၌လှည့်လည်၍ ခဏခဏတရားဟောပြော မျက်စိဖွင့်ပေးသဖြင့် သခင်တိုင်းကို
မိမိက အကြောင်းသိအောင်လုပ်မည်ဟု ၀န်ကြီးချုပ်ပီပီ ဆဲရေးတိုင်းထွာပြီးလျှင်
ပုလိပ်အဖွဲ့၌ သခင်များတရားဟောသော အရပ်ဒေသတိုင်း စုံထောက်များကို
ခြေချင်းရှုပ်အောင်လွှတ်ခြင်း၊ ဤကဲ့သို့ လွှတ်ခြင်းအားဖြင့် ပုလိပ်အဖွဲ့များမှာ
ခရီးစရိတ်များ အလွန်အမင်းကုန်ကျမည်ကိုသိသည်နှင့် ပုလိပ်အဖွဲ့ရံပုံငွေ၌
ယခုနှစ်အတွက် ငွေ ၂သိန်းပိုမို၍ အမြော်အမြင်ကြီးကြီးနှင့် ထားဟန်တူလေသည်ဟဲ့”
လို့ ရေးပါတယ်။

အဲဒီနှစ်ဘတ်ဂျတ်ကိုလေ့လာကြည့်ရင်

ဗမာပြည်၊ရှမ်းပြည်ကာကွယ်ရေးစစ်တပ် ၂၇၁
ပုလိပ်အဖွဲ့ ၁၅၄.၅
၄၀၀၀ိ/-စားရှေ့နေချုပ်ကြီးမှစ၍ အထွေထွေအစိုးရအမှုထမ်းများ ဆောင်ရွက်ရန် ကုန်ငွေ
၁၂၁
အရပ်ရပ်ရုံးတို့က စီရင်ရ၍စားရိတ် ၅၅
ထောင်အရာရှိအမှုထမ်းစားရိတ် ၃၄
ပဋိညာဉ်ခံအရာရှိကြီးများစားရိတ် ၁၃၂
စုစုပေါင်း ၇၆၇.၅ သိန်း

ဒါသခင်တွေရဲ့ မာစတာအုပ်ချုပ်သူများကို ဆန့်ကျင်ကြတဲ့ ပုဂ္ဂိုလ်တွေကို
ဖိနှိပ်တဲ့ယန္တယားအတွက် ကုန်ကျစားရိတ်ပါ။ ညွန့်ပေါင်းအစိုးရက အဲဒီနှစ်
သုံးငွေစုစုပေါင်း (၁၅၃၂) သိန်းရှိတာမို့ (၅၀) ရာခိုင်နှုန်းနီးနီး
သုံးတယ်လို့ဆိုရမှာပေါ့။ ပညာရေးအသုံးစားရိတ်က (၆.၄၈) ရာနှုန်း၊
ကျန်းမာရေးအသုံးစားရိတ်က (၃.၈၉) ရာနှုန်းပဲ ရှိတာကိုး။

**တင်မောင်သန်း**(သခင်နိုင်ငံတော် (၂၀၀၂) စာအုပ် မှ)
http://jacbaburma.blogspot.com/2011/11/blog-post_7387.html

လွိုင်ကော်မြို့နယ်တွင် လက်နက်ခဲယမ်းများနှင့်ဘိန်းစိမ်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၁

၃၁-၁၀-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၅)မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (တောင်ကြီး)မှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လွိုင်ကော် မြို့နယ်၊ ကုန်းသာ ကျေးရွာအုပ်စု၊ ကုန်းသာရွာနေ နေလင်းအောင်(ခ) မောင်ဝီ (၃၈)နှစ်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နေလင်းအောင်အား မတွေ့ရှိရဘဲ ၎င်း၏ ဇနီးဖြစ်သူ မမောနိကာ(ခ) မူကလဲ(၃၈)နှစ်အား နေအိမ်အိပ်ခန်းအတွင်း ပွိုင့် ၂၂ အမျိုး အစား ပြောင်းရှည်သေနတ်(၁)လက်၊ ခေါက်၍ရပြီး ၇.၆၂ အမျိုးအစားကျည်ဖြင့်ပစ်ခတ်ရသော ပြောင်းရှည် လုပ်သေနတ်(၁)လက်၊ တူမီးပြောင်းရှည် သေနတ်(၁) လက်၊ လေ သေနတ်(၁)လက်၊ ၅.၅၆ အမျိုးအစား ကျည်(၅၈)တောင့်၊ ပွိုင့် ၂၂ ကျည်(၄၃)တောင့်၊ ၇.၆၂ အမျိုးအစား ကျည်(၂)တောင့်၊ ၉ မမ ကျည်(၄၂)တောင့်၊ ၉၁ အမျိုးအစား လက်ပစ်ဗုံး(၁)လုံး၊ M-၁၆ ကျည်ဘောက်(၃)ခု၊ M-၂၂ ကျည်ဘောက်(၂)ခုနှင့် အိပ်ယာ ခြေရင်းရှိ ရေခဲဗူး အတွင်းမှ ဘိန်းစိမ်း(၁)ကီလို၊ တန်ဘိုးငွေ ကျပ်(၆၅၀၀၀ဝိ-)တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် နေလင်းအောင် (ခ)မောင်ဝီနှင့် မမောနိကာ(ခ)မူကလဲတို့ ၂ ဦးအား လွိုင်ကော်မြို့မရဲစခန်း မယ(ပ)၃၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/ ၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ထားပြီး ထွက်ပြေး တိမ်းရှောင် နေသော နေလင်းအောင်(ခ)မောင်ဝီအား ဖမ်းဆီးရမိရေး ဆက် လက် ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။

http://www.moi.gov.mm/news/1/11/2013/id-1302

အပြောင်းအလဲလျှင်မြန်မှု နိုင်ငံတကာကို ဒေါ်စု ကျေးဇူးတင်

Posted: 31 Oct 2013 03:56 PM PDT

ဓာတ်ပုံ၊ ။ Soe Win
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့မှာတော့ အီတလီနိုင်ငံ Parma မြို့မှာ ဂုဏ်ထူးဆောင် မြို့တော်သူဆုကို လက်ခံရယူပါတယ်။ Bologna တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူပြီး နောက်တနေ့မှာပဲ ရောက်ရှိသွားတဲ့ Parma တက္ကသိုလ်မှာလည်း မိန့်ခွန်းစကား ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အလေးထား ပြောဆိုနေတဲ့ အီတလီ ခရီးစဉ်နဲ့ ပတ်သက်လို့ သိထားရသမျှကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

ဥရောပ ၅ နိုင်ငံ ခရီးစဉ် နောက်ဆုံးအဖြစ် အီတလီနိုင်ငံ ကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံမြောက်ပိုင်းက ယဉ်ကျေးမှု အမွေအနှစ်တွေ ကြွယ်ဝရာ Parma မြို့ကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ Parma မြို့ကို ရောက်ရောက်ခြင်း ဆိုသလိုပဲ အီတလီနိုင်ငံရဲ့ မြန်မာ့ ဒီမိုကရေစီရေး အတွက် အားပေးထောက်ခံမှုတွေကို လည်း ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောသွားခဲ့တာပါ။

“အီတလီနိုင်ငံရဲ့ အရေးပါမှုကို ပြောရမယ် ဆိုရင်တော့ ကျမတို့တတွေ ငယ်စဉ် ကတည်းက အီတလီနိုင်ငံအကြောင်း လေ့လာခဲ့ကြတာပါ။ ကမ္ဘာ့သမိုင်းကို ကျမတို့ သင်ကြားခဲ့ရတဲ့အထဲမှာ အီတလီရဲ့ ရာဇ၀င်လည်း တစ်ခုအဖြစ်နဲ့ ပါပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာကတော့ အီတလီနိုင်ငံသားတွေ၊ မြို့တွေက မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားမှုကို အားပေး တာပဲ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဟာ Parma မြို့ရဲ့ ဂုဏ်ထူးဆောင် မြို့တော်သူဆုကို လက်ခံရယူပြီး ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံး တခုဖြစ်တဲ့ Parma တက္ကသိုလ်မှာလည်း မိန့်ခွန်းစကား ပြောကြားခဲ့ပါတယ်။ ဒီမတိုင်မီ တရက်ကတော့ အီတလီ အရှေ့မြောက်ဒေသက Bologna မြို့မှာလည်း ဒေါ်အောင်ဆန်းစုကြည် ဟာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူခဲ့တာပါ။ ပါရဂူဆု လက်ခံရယူရင်း မိန့်ခွန်းစကား ပြောကြားရာ မှာတော့ အီတလီနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့အားပေး ပံ့ပိုးမှုတွေကြောင့် မြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေ မျှော်လင့်တာထက် ပိုပြီးမြန်ဆန်ခဲ့တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည် က အလေးထား ပြောသွားပါတယ်။

“ကျမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေး အတွက် တိုက်ပွဲဝင်ကြသူတွေ အနေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုဟာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်လိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုး ပေါ်ပေါက်ခဲ့ဖူးတဲ့ ကာလတွေ ရှိပါတယ်။ ဒါပေမဲ့လည်း တချို့တွေ စိုးရိမ်သလောက် မကြာခဲ့ပါဘူး။ ဒါဟာလည်း ကမ္ဘာတဝှမ်းက အားပေးထောက်ခံမှုတွေဟာ ကျမတို့ နားလည် သဘောပေါက်ထားတာထက် ပိုပြီးကြီးမားနေလို့ပါ။”

ရာစုနှစ်ဝက်လောက်ကြာအောင် စစ်အာဏာရှင်တွေရဲ့အုပ်ချုပ်မှုကနေ မကြာသေးခင်နှစ်တွေကမှ ပြောင်းလဲလာခဲ့တဲ့ မြန်မာနိုင်ငံရဲ့အသွင် ကူးပြောင်းရေး လုပ်ငန်းတွေမှာ စိန်ခေါ်မှုတွေ ရှိနေတာကို လည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အထွေထွေ မကျေနပ်မှု အရင်းခံတွေ ရှိနေတဲ့ မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေး အစီအစဉ်တွေ ကသာ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်းလည်း ပြောပါတယ်။

“ဒီအချိန်ဟာ ခါးသီးနေရမယ့် အချိန်မဟုတ်ပါဘူး။ ကျမတို့အတွက် အတိတ်က ကြုံခဲ့ရတာတွေကို ကုစားရမယ့် အခွင့်အလမ်းတွေ ပေါ်နေပါပြီ။ ကျမတို့ တိုင်းပြည်ရဲ့ ဒဏ်ရာတွေကို ကုစားပြီး ရှေ့ကိုဆက်နိုင်ဖို့လည်း အခွင့်အလမ်း ရှိနေပါပြီ။”

အင်္ဂါနေ့မှာတုန်းကတော့ ပုပ်ရဟန်းမင်းကြီး Francis က ဗာတီကန်ကျောင်းတော် မှာ တွေ့ဆုံချိန်မှာ အမုန်းတရားတွေ၊ အကြောက်တရားတွေ ကို ကျော်လွှားနိုင်ရေး မိန့်ကြားချက်ကို သူ့အနေနဲ့ လက်ခံ သဘောတူတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာပါ။ နေအိမ်
အကျယ်ချုပ် ဖမ်းဆီးခံထားရာက ပြန်လည်လွတ်မြောက်လာပြီးနောက် တတိယအကြိမ် ဥရောပ ခရီးစဉ်အဖြစ် ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီနိုင်ငံတွေဆီ သွားရောက်ရာမှာ ၁၉၉၀ ပြည့်နှစ် ကတည်းက ဥရောပပါလီမန်က ချီးမြှင့်ထားတဲ့ လွတ်လပ်စွာတွေးခေါ်မှု Sakharov ဆုကိုလည်း ကိုယ်တိုင် လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

မူရင်း ဗွီအိုအေ

ဗြိတိသျှစိုးမှုအောက်ရခိုင်ပြည်နယ်

၁၈၂၆ ခု ဧပြီလ (၂၆) ရက်နေ့ Mr. Charles Paton အစီရင်ခံစာ အရ တိုင်း ပြည် တာ ၀န် ထမ်း ဆောင် ခဲ့ သော မွတ် ဆ လင် အကြီး အ ကဲ များရခိုင်ဒေသ ရှိမွတ် ဆလင်မ်လူဦးရေအကြောင်း တစ် စေ့ တစ် စောင်း


ရခိုင်ပြည်လူဦးရေ အကြောင်းလေ့ လာ သုံးသပ်ရာတွင် ရခိုင်ပြည်ကို ဗြိတိသျှ East India Company က (၁၈၂၄ ) ခုနှစ် တွင် ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲ အပြီး သိမ်းပိုက်ခဲ့သည်။ East India Company ပိုင်နက် ဖြစ်လာခဲ့ပြီးနောက် ပိုင်း Mr. Charles Paton ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။
Mr. Charles Paton သည် ရခိုင်ပြည်နယ်အနှံ့ သွားရောက် လေ့ လာပြီးနောက်
ရခိုင်ပြည် ၏ ပထ၀ီ အနေအထား၊ သမိုင်း ၊ လူဦးရေ ၊ဒေသခံ တို့၏ ဓလေ့ထုံးစံ အလေ့အထ၊ အုပ်ချုပ်ရေးစနစ်နှင့် ကုန်ထုတ် လုပ်မှု စသည် တို့ကို အသေး စိတ်ဖေါ်ပြထားသည့် Report (အစီရင်ခံစာ) တစ်စောင် ကို ၁၈၂၆ ခု ဧပြီလ (၂၆) ရက်နေ့ ရက်စွဲဖြင့် ရေးသားပြုစုခဲ့သည်။
အဆိုပါ အစီရင်ခံစာသည် Documentary Evidence ဖြစ်ပြီးနှစ်ဖက် အငြင်း ပွားစရာမရှိပါ။ ၎င်း အစီရင်ခံ စာမှာ စာမျက်နှာပေါင်း (၃၆)မျက်နှာ ပါရှိ သည်။ ၁၈၂၆ ခု ဧပြီလ (၂၆) ရက်နေ့ ရက်စွဲဖြင့် ရေး သားပြု စုခဲ့သော ၎င်း Report (အစီရင်ခံစာ) အရ ထိုအချိန်တွင် လူဦးရေ တစ်သိန်း (၁၀၀၀၀၀) ထက် မပို ကြောင်းဖေါ်ပြ ထားသည်တွေ့ရ သည်။၎င်းအစီရင်ခံ စာပါ အကြောင်း အရာကို အောက်တွင် ဖတ်ရှု လေ့ လာနိုင်ပါသည်။
Mr. Charles Paton ၏ Report (အစီရင်ခံစာ) စာမျက်နှာ (၂၁) မှ (၃၅) ထိ Mr. Robertson က ကျွန်းအုပ်(နယ်မြေခေါင်းဆောင်) အဖြစ်တာဝန်ပေးအပ် ခဲ့သော စာရင်းအသေးစိတ်ဖြစ်တယ်။ အစီရင်ခံစာ ၏ စမျက်နှာ (၂)တွင် ရခိုင်ဒေသကို
မြောက်ဦး မှ အပ ကျန်ဒေသ ကို နယ်မြေ (၅၅) ခုအဖြစ် ပိုင်းခြား သတ်မှတ်ပြီး နယ်မြေတစ်ခုတွင် ရွာပေါင်း (၂) ရွာမှ ရွာ(၆၀) ထိ ပါဝင်ကြောင်းရေး သားထားသည်။
မြို့တော် မြောက်ဦးကိုမူ မြို့သူကြီးတစ်ဦးနှင့် Acherung (အရေးဝန်) တစ်ဦးတို့က အုပ်ချုပ် ကြောင်း ရေးသား ထားသည်။ ကျန်နယ်မြေကို ကျွန်အုပ်တို့က ကွပ်ကဲသည်။
(၁)။ – Mr. Charles Paton ၏ Report (အစီရင်ခံစာ)၏ စာမျက်နှာ (၂၁) နယ်မြေ (၁)တွင် ကျွန်းအုပ် တာဝန် ယူထားသူမှာ မွတ်ဆလင်အမျိုးသား Sheik Janoo ဖြစ်ကြောင်းဖေါ်ပြထားသည်။
(၂)။ – ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၂) တွင် နယ်မြေ (၂) ၌ Lal Mohammad တို့ကို Meeneaylong နယ်၏ကျွန်း အုပ် အဖြစ်ခန့် ထားကြောင်း နှင့် ၎င်းတို့သည် ရခိုင်ဒေသ၏ Thanadras (ရဲအရာ ရှိဟောင်း များ) ဖြစ်ကြောင်းဖေဓပြထားသည်။
(၃)။ – ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၃) တွင် နယ်မြေ (၂၆) ၌ Ibrahim ကို ကျွန်းအုပ် ခန့် ထားကြောင်း ၎င်းသည် ရခိုင်ပြည်ဖွား မွတ်ဆလင် ဖြစ်ကြောင်း
ထောက်လှမ်းရေးဌာန ၌လည်း ခေါင်းဆောင် တစ်ဦး တာဝန်ပေး ထားကြောင်းဖေါ်
ပြ ထားသည်။
(၄)။ – ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၄) တွင် Sheik Soojah Kazee အား နယ်မြေ (၃၅ – ၃၆ – ၃၇) တို့ ၌ကျွန်းအုပ် အဖြစ်ခန့်ထားကြောင်း ၎င်းသည် ရခိုင်ပြည်ဖွားမွတ်ဆလင်တစ်ဦး (Arracan Mussalman) ဖြစ်ကြောင်း ရခိုင်ပြည်ရှိ မွတ်ဆလင် အားလုံး ၏ခေါင်းဆောင် ဖြစ်ကြောင်း နှင်င့ မြန်မာ ဘုရင်လက်ထက် ရခိုင်ပြည်၏နယ်မြေ (၃ ပုံ ၁ ပုံ) အပိုင်စား အဖြစ် ရရှိ Add Mediaထားကြောင်း ဖေါ်ပြ ထား ပါသည်။
(၅)။ – ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၆) တွင် Sheik Soojah Acherung (အရေးဝန်) အားနယ်မြေ (၄၇) ၌ နယ်မြေ အကြီး အကဲ အဖြစ်ခန့် ထားကြောင်း၊ သူသည် (Arrcan Mussalman) ရခိုင်ပြည်ဖွား မွတ်ဆလင် ဖြစ်ကြောင်း၊ မြန်မာ ဘုရင်လက်ထက်တွင် ကြီးမားသောဒေသကို အပိုင် စားရ ခဲ့ကြောင်းဖေါ်ပြ ထား သည်။ထိုစာမျက်နှာတွင်ပင် Areer Allee ကိုနယ်မြေ (၄၈) ၌ ကျွန်း အုပ် ခန့် ထားကြောင်း၊ သူသည် မြန်မာဘုရင် လက်ထက် Cox’s Bazar ထက်ပြေး တိမ်းရှောင်ခဲ့ ပြီး ယခု ရခိုင်ပြည်သို့ ပြန်လည်ရောက် ရှိလာ သူဖြစ်ကြောင်းဖေါ် ပြထားသည်။
(၆)။ – ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၇) တွင် Mohamed Haeef (ခ) Bong Naproo နယ်မြေ (၅၂) ကျွန်အုပ် ခန့်ထားကြောင်း၊ ၎င်း သည် Arracan Mussalman (ရခိုင်ပြည်ဖွားမွတ်ဆလင်) တစ်ဦး ဖြစ်ကြောင်း နှင့် ၎င်းသည် မြန်မာဘုရင်လက် ထက်တွင် လူမျိုး စုခေါင်းဆောင်တစ်ဦး ဖြစ် ကြောင်း ဖေါ်ပြ ထားသည်။
(၇)။ – ထိုစာမျက်နှာတွင်ပင် Hassan Allee အားနယ်မြေ (၅၃)၌ ကျွန်းအုပ် ခန့်ထားကြောင်း သူသည် Arracan Mussalman (ရခိုင် ပြည် ဖွားမွတ် ဆလင်) တစ်ဦးဖြစ်ကြောင်း နျင့် ဿည် ရခိုင်မင်း၏ ကိုယ်ရံတော် တပ်မှူး (Sword Bearer) ဓါးပိုင်ကြီးဖြစ် ခဲ့ကြောင်းဖေါ်ပြထားသည်။
(၈)။ – တစ်ဆက်တည်းမှာပင် Shawayoo (ခေါ်) Sheik Umr Khutob အား နယ်မြေ (၅၄)၌ ကျွန်းအုပ် ခန့် ထားကြောင်း ၎င်းသည် Arracan Mussalman (ရခိုင်ပြည် ဖွားမွတ်ဆလင်) တစ်ဦးဖြစ် ကြောင်းနှင့် မြန်မာ ဘုရင် လက်ထက် တွင် Acherung (အရေးဝန်) တစ်ဦး ဖြစ်ကြောင်း ဖေါ်ပြ ထား သည်။
(၉)။ – ထိုစာမျက်နှာတွင် Areer Allee (ခေါ်) Mong La (မောင်လှ) အားနယ်မြေ (၅၅) ၏ ကျွန်းအုပ် အဖြစ် ခန့် ထားကြောင်း၊၎င်းသည် Arracan Mussalman (ရခိုင်ပြည်ဖွားမွတ်ဆလင်) တစ်ဦးဖြစ် ကြောင်း နှင့်မြန်မာ ဘုရင် လက်ထက် တွင် ရဲအရာရှိ တစ်ဦး ဖြစ်ကြောင်း ဖေါ်ပြ ထား သည်။
(၁၀)။ – စာမျက်နှာ (၃၀) တွင် (ရမ်းဗြဲ) Ramree ဒေသနယ်မြေ (၂၄) ၌ Ubidul Kareem နှင့် Napfroo တို့ကိုကျွန်း အုပ် အဖြစ် ခန့်ထားကြောင်း Ubidul Kareem သည် နယ်မြေခံ Mussalman စာမျက်နှာ (၃၀)တွင် (ရမ်းဗြဲ) Ramree မြို့၏ ရပ်ကွက် (၁) ၌တစ် ဦးဖြစ်ကြောင်း နှင့် လူမျိုးစု ခေါင်ဆောင် တစ်ဦးဖြစ် ကြောင်း
ဖေါ်ပြထားသည်။
(၁၁)။ – စာမျက်နှာ (၃၁)တွင် (ရမ်းဗြဲ) Ramree မြို့၏ ရပ်ကွက် (၁) ၌ Namoochay အား တာဝန်ခံ ခန့် ထားကြောင်း ထိုရပ်ကွက် တွင် Mussalman များအား အဓိက နေ ထိုင်စေခဲ့ကြောင်း နှင့် ထိုအတွက်ကြောင်း Mussalman ထဲမှ တာဝန်ခံ ခန့် ထားကြောင်း ဖေါ်ပြထားသည်။
(၁၂)။ – Mugh (ရခိုင်) အမျိုးသားများနှင့် Burmese (ဗမာ) အမျိုးသားများ ကိုလည်း ကျွန်းအုပ် ထားကြောင်း အစီရင်ခံစာ တွင်ဖေါ်ပြထားသည်။ ရခိုင်အမျိုးသား ကျွန်အုပ်များ ဖေါ်ပြရာ၌ အသုံး အနုန်း (၃) မျိုး ကိုတွေ့ရသည်။ Arracan Mug ( ရခိုင်ပြည်ဖွား Mug လူမျိုး) Ramoo Mug ( စစ် တ ကောင်းပြည်ဖွား Mug လူမျိုး) Remigrant Mug ( ရခိုင်ပြည် မှထွက်ပြေးပြီး ပြန်ဝင်ရောက် လာ သူ Mug လူမျိုး) ဟူ၍ (၃) မျိုးဖေါ်ပြထားသည်။ ရခိုင် လူမျိုးကျွန်းအုပ်များအနက် Ramoo Mug (ရာမူးဖွား ရခိုင်) အများအပြား ပါရှိ သည် ကိုတွေ့ရသည်။

See more: http://www.rvisiontv.com/charles-patons-a-short-report-on-arakan/

ဗိုးတော်ဘုရားလက်အောက်ခံရခိုင်ပြည် (4 photos)

ရခိုင်အင်ပါယာကျဆုံးခြင်း (8 photos)