စွန္နဟ် ၊ ဟဒီးဆ်တော်၊ ဟဒီးဆ်၏သမိုင်း နှင့် ဟဒီးဆ်ကျမ်းဂန်များ အကျဉ်းချုပ် (၂)

By ကုရ်အာန်၊ ဟဒီးဆ် နှင့် အစ္စလာမ့်သမိုင်း ပုံရိပ်

အချို့ဟဒီးဆ်တော်များကို အမလ် မလုပ်ခဲ့ခြင်း အကြောင်းရင်းများ

အစ္စလာမ့်ခေတ်ဦးပိုင်းတွင် ကြုံတွေ့ခဲ့ရသည့်အနေအထား၊ အခြေအနေ၊ အချိန်အခါအရ ဟဒီးဆ်များကို တစ်စုတစ်ဝေးတည်း စုဆောင်းရရှိရန် မဖြစ်နိုင်ခဲ့ပေ။ …အချိန်ကာလကြာရှည်လာသောအခါ ရှုပ်ထွေးမှုများ တိုးပွါးလာတော့သည်။ ဤတွင် ဟဒီးဆ်တော်များကို စုဆောင်းကောက်ယူခြင်း၊ ပို့ချခြင်း၊ ဆန်းစစ်ခြင်း စသော ဟဒီးဆ်ဆိုင်ရာ သီးသန့်ပညာရှင် နှင့် ပညာရပ်များ ပေါ်ထွန်းလာခဲ့သည်။ ဆွဟာဘဟ်သာဝကတော်ကြီးများ၊ ၄င်းတို့၏နောက်မျိုးဆက် သာဘိအီးန်များ၊ ၄င်းတို့၏နောက်မျိုးဆက် သားဘအ် သာဘိအီးန်များ၊ ၄င်းနောက် မဇ်ဟဘ်အိမာမ်ကြီးများခေတ်တစ်လျှောက် မကျင့်သုံးခဲ့ရသော ဟဒီးဆ် /စွန္နဟ် အချို့ရှိခဲ့သည်။ အမလ်လုပ်သော – မလုပ်ရသော ဟဒီးဆ်/စွန္နဟ် ဟူသည့် အသုံးအနှုန်းများဖြင့် ထင်ရှားလာ သည်။ ထိုကိစ္စကို ဆန်းစစ်ကြည့်ပါက တမန်တော်မြတ် (SAW)၏ စွန္နဟ်တော်များ၌ တမန်တော်တို့နှင့်သာ သီးသန့် သက်ဆိုင်သော ဝတ္တရားနှင့်အခွင့်အရေး ဟူ၍လည်းရှိသည်။ ၄င်းတို့မှာ စွန္နဟ်/ဟဒီးဆ်ပင်ဖြစ်သော်ငြား ကျန်သည့်နောက်လိုက်များအဖို့ ကျင့်သုံးရန် အခွင့်အရေး နှင့် တာဝန် မရှိချေ။ အကြောင်းမှာ နောက်လိုက်များသည် တမန်တော် မဟုတ်သောကြောင့် ဖြစ်သည်။ ၄င်းမှတစ်ပါး ကျန်ဟဒီးဆ်/စွန္နဟ်များမှာမူ ကိယာမသ်နေ့အထိရှိအံ့သော မုစ်လင်မ်အပေါင်းအတွက် လက်ခံလိုက်နာရန် (ရှေ့ပိုင်း၌ ဖော်ပြထားသည့် ကုရ်အာန်၏အထောက်အထားအရ) မုချတာဝန် ဖြစ်ပေသည်။ အချို့ဟဒီးဆ်များအား အမလ် မကျင့်သုံးခဲ့သည်ကို တွေ့ကြရခြင်းမှာ ဟဒီးဆ်မှန်သမျှ လက်လှမ်းမမှီခဲ့ရသည့် အဓိကအကြောင်းရင်းပင် ဖြစ်ပါသည်။ ထိုအကြောင်းခြင်းရာများကို ဟဒီးဆ်ပါရဂူ သုတေသီများက အောက်ပါကဲ့သို့ ဆန်းစစ်တင်ပြထားကြပေသည်။

၁။ မုဂ်ျသဟိဒ် ပညာရှင်များမှ ဟဒီးဆ်ရှာမတွေ့ခဲ့မှု
မုဂ်ျသဟိဒ် (အစ္စလာမ့်ဥပဒေများကို ဖော်ထုတ်သတ်မှတ်သော ပညာရှင်) တို့သည် မိမိတို့သက်တမ်း တစ်လျှောက် ဟဒီးဆ်တော်များကို တတ်စွမ်းသမျှ ရှာဖွေစုဆောင်းခဲ့သည်ချည်းသာ ဖြစ်သည်။ ဟဒီးဆ် ရှာမရခဲ့သော အကြောင်းကိစ္စများအတွက် မိမိတို့၏ဆင်ခြင်ဥာဏ်၊ ပညာအင်အားအပေါ် အသုံးပြု၍ လက်တွေ့ပြဿနာများကို ရင်ဆိုင်ဖြေရှင်းခဲ့ကြရသည်။ ယင်းသို့ မတ်စ်အလာ (ပြဿနာဖြေရှင်းချက်/ပညတ်ချက်များ) ထုတ်နှုတ် သတ်မှတ်သောအခါ မိမိတို့အခြေစိုက်နေထိုင်ရာ ဒေသန္တရ၊ လူမျိုး၊ ထုံးတမ်းဓလေ့၊ ရာသီဥတု စသည့် လောကသဘာဝ တရားများကိုလည်း ထည့်သွင်းစဉ်းစားရလေ့ရှိ၏။ ထို့ကြောင့် ဖသ်ဝါ (ဓမ္မသတ်) အဆုံးအဖြတ်များမှာ တူညီသည် လည်းရှိသလို ကွဲပြားသည်လည်း ရှိကြခြင်း ဖြစ်သည်။ သို့ရာတွင် သာသနာ့အရင်းအမြစ်များတွင်မူ တစ်ထပ်တည်း၊ တစ်ပုံစံတည်း၊ တစ်သဘောတည်းသာ ဖြစ်ပါ၏။ ထိုနည်းတူ ရှေးခေတ်ပညာရှင်များ နှင့် မုဂ်ျသဟိဒ် အပေါင်းကလည်း တစ်ထေရာတည်း မိန့်မှာခဲ့သော စကားတစ်ရပ် ရှိလျက်နေပါသည်။ ၄င်းမှာ (အခြေအနေ၊ အချိန်အခါ၊ အနေအထား အလျောက်) မိမိတို့မှ ယူဆဆုံးဖြတ်ခဲ့သည့်အဆိုများသည် နောင်သောအခါ ကုရ်အာန်၊ ဟဒီးဆ် တို့နှင့် မကိုက်ညီသည်ကိုတွေ့ရှိခဲ့လျှင် မိမိတို့၏အဆိုများကို စွန့်လွှတ်ပြီး ကုရ်အာန်နှင့် စွန္နဟ်ဖက်သို့သာ ပြန်လှည့်လက်ခံရန် မှာကြားချက်များ ဖြစ်ပေသည်။ ဆွဟာဘဟ်သာဝကတော်ကြီးများ၊ သာဘိအီန်းများ၊ သားဘအ် သာဘိအီးန်များ နှင့် ခေတ်အဆက်ဆက် ဓမ္မပညာရှင်များအနက် မည်သူတစ်ဦးတစ်ယောက်ကမျှ ” တမန်တော်များ၏ ဟဒီးဆ်/စွန္နဟ်တော်အပေါင်းကို သိရှိကြောင်း ” ကြေငြာကြွေးကျော်ခဲ့ကြသည် မဟုတ်ချေ။ တမန်တော်မြတ်(SAW) နှင့် အနီးကပ်ဆုံး လက်ပွန်းတတီး နေထိုင်ခဲ့ကြသူတို့ပင်လျှင် ထိုကဲ့သို့ မပြောဆိုခဲ့ကြချေ။ ထို့ကြောင့် ယင်းသို့ပြောဆိုကြေငြာသူသည် အကြီးမားဆုံး လူလိမ်လူညာ သာဖြစ်ကြောင်း ကမ္ဘာတစ်ဝှန်းရှိ အဆင့်မြင့်ပညာရှင်အားလုံးမှ အဆိုညီခဲ့ပြီးဖြစ်သည်။ ထင်ရှားသော သမိုင်းအထောက်အထားအချို့ကို တင်ပြပါမည်။ ပထမခလီဖဟ် သမ္မတကြီး အဘူဘကရ် (R)က ဖခင်ဖက်မှ အဖွားသည် အမွေခံစားပိုင်ခွင့် မရှိ ဟု ဖသ်ဝါ ပေးခဲ့သည်။ သာဝကတော်ကြီး မုဃီရဟ် ဘင်န် ယှုအ်ဘဟ် (R) နှင့် မုဟမ္မဒ် ဘင်န် မတ်စ်လမဟ် (R)တို့မှ တမန်တော်မြတ်(SAW)က ခြောက်ပုံတစ်ပုံ ပေးတော်မူခဲ့သော အထောက်အထား ရှိကြောင်း သက်သေထူခဲ့ကြရသည်။ ဒုတိယခလီဖဟ် သမ္မတကြီး အုမရ် ဘင်န် အလ်ခသ်ွသွာ့ဘ် (R)သည် ခလီဖဟ်အဖြစ် အုပ်ချုပ်စိုးစံချိန်အထိ သူတစ်ပါးအိမ်သို့ဝင်လျှင် စလာမ်သုံးကြိမ်ဆိုပြီး ခွင့်တောင်းရသည့် စွန္နဟ် – နည်းလမ်းကို မသိရှိခဲ့ပါ။ အဘူ မူစာ အရှ်အရီ (R)မှ ပြန်လည်တင်ပြဆင့်ပြန်ခဲ့ရ၏။ ထိုနည်းတူ မီးကိုးကွယ်သော မဂျူစီထံမှ အခွန်အခကို အဟ်လိကိသာ့ဘ် အတိုင်း ကောက်ခံရကြောင်း မသိခဲ့ – အဘ်ဒုရ် ရဟ်မာန်း ဘင်န် အောင်းဖ် (R)မှ နည်းလမ်းပြသခဲ့ရ၏။ တတိယခလီဖဟ် သမ္မတကြီး အုဆ်မာန်း ဘင်န် အဖ္ဖာန်း (R) သည် ခင်ပွန်းသည်ကွယ်လွန်က ဇနီးမှာ အစ်ဒသ်ရက်ကုန်သည်အထိ ခင်ပွန်း၏အိမ်၌ နေထိုင်ရသည့်ပညတ်ကို မသိခဲ့။ သာဝကကြီး အဘူ စအီးဒ် အလ်ခုဒ်ရီ (R)၏ညီမဖြစ်သူ ဖုရုအဟ် ဘင့်န်သိ မာလစ်က် (R)မှ မိမိ၏အဖြစ်ကို တင်ပြဆင့်ပြန်ခဲ့ရ၏။ စတုတ္ထခလီဖဟ် သမ္မတကြီး အလီ ဘင်န် အဘီသွာလစ်ဘ် (R)၊ အဘ်ဒုလ္လာဟ် ဘင်န် အုမရ် (R)၊ ဇိုင်းဒ် ဘင်န် ဆာဘိသ် (R)တို့သည် မဟ်ရ် မသတ်မှတ်ဘဲ ထိမ်းမြားခဲ့သော အမျိုးသမီးအဖို့ ခင်ပွန်းကွယ်လွန်က ထိုသူမ အား မဟ်ရ် ပေးရတော့မည် မဟုတ် ဟု ဖသ်ဝါပေးခဲ့ကြကုန်၏။ တမန်တော်မြတ်(SAW) မှ မဟ်ရ် ပေးရ မည်ဖြစ်ကြောင်း သတ်မှတ်တော်မူခဲ့ခြင်းကို သူတို့ မသိရှိခဲ့ကြပေ။ ဤသည်မှာ ဆွဟာဘဟ် သာဝကတော်ကြီးတို့၏ဖြစ်ရပ်များမှ အနည်းငယ်မျှသော သာဓကများ သာ ဖြစ်သေး၏။ ဆွဟာဘဟ် သာဝကများပင်လျှင် ဟဒီးဆ်/စွန္နဟ်ကို အကုန်အစင် မသိရှိနိုင်ရကား (ဟဒီးဆ်တော် များကို စုဆောင်းစိစစ်ခြင်း မပြုနိုင်သေးသော) မုဂ်ျသဟိဒ် အိမာမ်များခေတ်တွင် ပညတ်ချက်များ ထုတ်ယူနိုင်ရန် မည်မျှခေါင်းခဲရမည်ကို စဉ်းစားမိနိုင်ပေပြီ။ သို့ဖြစ်ရာ မိမိတို့အနေနှင့် ဟဒီးဆ် ရှာမတွေ့ခဲ့သောအခါ ကိုယ်ပိုင် ဥာဏ်ဖြင့် တွေးခေါ်သုံးသပ်ဆုံးဖြတ်သတ်မှတ်ရပေတော့သည်။ ထို့ကြောင့် ဟဒီးဆ်/စွန္နဟ်နှင့် ကိုက်ညီအံဝင်သွားသည့် အချက်များရှိသလို လွဲချော်ဆန့်ကျင်သွားသည့်အချက်များကိုလည်း တွေ့ကြရခြင်းပင်။

၂။ ဟဒီးဆ်ဆင့်ပြန်ချက် ခိုင်မာမှုအပေါ် အမြင်မတူညီခြင်း
တတိယ ခလီဖဟ်ကြီး အုဆ်မာန်း ဘင်န် အဖ္ဖာန်း (R) ၏လက်ထက်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများ စတင်ခဲ့ပြီး၊ အလီ (R)၏လက်ထက်တွင် နိုင်ငံရေးသြဇာပြိုင်ဆိုင်မှု ပွင့်ထွက်ကြီးထွားလာခဲ့သည်။ ၄င်းတို့ ၏ ခေတ်နှောင်းပိုင်း နှင့် နောက်ပိုင်းခေတ်ကာလတွင် ဟဒီးဆ်အတုများ ပျံ့နှံ့လာတော့သည်။ နိုင်ငံရေးဆိုင်ရာ အာဏာရလိုမှုအတွက် ထွင်လုံးဟဒီးဆ်များကို အသုံးချခဲ့ခြင်း ဖြစ်သည် ( ဟဒီးဆ်ကျမ်းဂန်များ ပေါ်ပေါက်လာပုံသမိုင်း အခန်း၌ ဆက်လက်ဖော်ပြသွားပါမည် )။ အလီ (R)သည် ဟဒီးဆ်တော်တစ်ပုဒ်ကို တမန်တော်မြတ်(SAW)၏ ဟဒီးဆ် အမှန်ဖြစ်ကြောင်း အမျိုးသားနှစ်ဦး၏ကျိန်ဆိုချက်ဖြင့်သာ လက်ခံရယူလေ့ရှိသည်ကို သမိုင်း၌ ထင်ထင်ရှား ရှား တွေ့ရပေသည်။ သို့ရှိရာ ဟဒီးဆ်တစ်ပုဒ်ဟုဆိုတိုင်း လက်ခံ၍မဖြစ်တော့ဘဲ မှန်ကန်ခိုင်မာမှုရှိမရှိကို ဆန်းစစ် သုံးသပ်ကြရတော့သည်။ ဤတွင် ဟဒီးဆ်ဆန်းစစ်ခြင်းပညာရပ်များ ထွက်ပေါ်လာခဲ့၏။ ရာဝီ (ဟဒီးဆ်ဆင့်ပြန်သူ)တို့၏ အစဉ်အဆက်လမ်းကြောင်း (စနဒ်) နှင့် ရာဝီတို့၏ ကိုယ်ရည်ကိုယ်သွေးပေါ် မူတည်၍ ဆန်းစစ်သုံးသပ်ပြီးမှ လက်ခံခဲ့ကြသည်။ သို့ရာတွင် ဟဒီးဆ်ကိုလက်ခံရာ၌ ပညာရှင်တစ်ဦးနှင့် တစ်ဦး မတူညီကြချေ။ ကိုယ်ပိုင်သတ်မှတ်ချက်စံနှုန်းကိုယ်စီရှိနေကြခြင်းကြောင့်ဖြစ်သည်။ ပညာရှင်တစ်ဦးထံ၌ ခိုင်မာသည်ဟု ဆိုသော်လည်း အခြားပညာရှင်ထံ၌ မခိုင်မာဟု ယူဆတတ်ကြသည်။ ထို့ကြောင့် ခိုင်မာမှန်ကန်သည်ဟု ယူဆ သုံးသပ်သော ပညာရှင်အချို့က အကောင်အထည်ဖော်ကျင့်သုံးခြင်း (အမလ်) ပြုလုပ်လိုက်ကြ၏။ ဆင့်ပြန်မှု လမ်းကြောင်း သို့မဟုတ် ရာဝီများနှင့်ပတ်သက်၍ သံသယတစ်ခုခုတွေ့ကာ မခိုင်မာဟု ယူဆသုံးသပ်သည့် ပညာရှင် အချို့က အမလ် မပြုလုပ်ခဲ့ကြခြင်းပင်ဖြစ်သည်။ အိမာမ်များထံ ဟဒီးဆ်တော်တစ်ပုဒ်ပုဒ်သည် စနဒ်တစ်မျိုးတည်းဖြင့် ဆင့်ပြန်ရောက်ရှိလာခဲ့၏။ သို့သော် စာသားစကားလုံး / အသုံးအနှုန်း (မတ်သာန်) အပေါ် အမြင်မတူကြသဖြင့် အချို့အိမာမ်က ခိုင်မာသည်ဟု ယူဆကြပြီး အချို့အိမာမ်က မခိုင်မာဟု ယူဆသုံးသပ်ကြသောကြောင့်လည်း ဖြစ်၏။

၃။ ဆင့်ပြန်မှုလမ်းကြောင်း နှစ်မျိုးဖြစ်နေခြင်း
ဟဒီးဆ်တော် တစ်ပုဒ်သည် အလွန်မှန်ကန် ခိုင်မာသော (ဆွဟီးဟ်) အဆင့်ရှိ ဆင့်ပြန်ချက်လမ်းကြောင်း နှင့်တစ်ကွ ဥပဒေပြုပညာရှင်တစ်ဦးဦးထံ ရောက်ရှိလာသည်။ ထိုအခါ ထိုအိမာမ်က လက်ခံကျင့်သုံး အမလ် ပြုလုပ် သည်။ တဖန် ထိုဟဒီးဆ်တော်တစ်ခုတည်းပင် နောက်အိမာမ်တစ်ဦးထံ ချို့ယွင်းချက်ရှိသော စနဒ် လမ်းကြောင်းဖြင့် ရောက်ရှိလာသည်။ ထိုအခါ ထိုအိမာမ်က ချို့ယွင်းချက်ဖြစ်သော အချက်ကိုတွေ့ပြီး အမလ် မပြုခဲ့ချေ။ သို့ဖြစ်ရာ ဟဒီးဆ်တော်တစ်ပုဒ်တည်းဖြစ်နေလင့်ကစား အချို့အိမာမ်က လက်ခံကျင့်သုံးပြီး အချို့အိမာမ်က မကျင့်သုံးကြခြင်းဖြစ်၏။

၎။ အသိဥာဏ်မှ ပျောက်ကွယ်သွားခြင်း

ဟဒီးဆ်တော်တစ်ပုဒ်ပုဒ်သည် အိမာမ် သို့မဟုတ် မုဟဒ်ဒိဆ် (ဟဒီးဆ်ပညာရှင်)တစ်ဦးထံ ရောက်လာ၏။ ထိုဟဒီးဆ်တော်မှာ အလွန်ခိုင်မာမှန်ကန်ပါသော်လည်း လက်ခံရရှိသောပုဂ္ဂိုလ်မှ လုံးလုံးလျားလျား မေ့လျော့ သွားခြင်းကြောင့် ဖြစ်သည်။ ဥပမာ – ခလီဖဟ်ကြီး အုမရ် ဘင်န် အလ်ခသ်ွသွာ့ဘ် (R)က ကိုယ်မသန့်သူသည် ရေမရမချင်း ဆွလာသ် ဝတ်မပြုရဟု အမိန့်ပေးခဲ့သည်။ သာဝကကြီး အမ္မာရ် ဘင်န် ယာစိရ် (R)က သယံမ်မွန်နှင့်ပတ်သက်သော မိမိ၏ အဖြစ်ကို အသိပေးတင်ပြခဲ့သည်။ သို့တိုင်အောင် ထိုဟဒီးဆ်မှာ အုမရ် (R)မှ ဧကန်ပင် ကြားသိ-သိရှိခဲ့ဖူးသော်လည်း လုံးဝမေ့လျော့သွားပြီး အမှတ်မရတော့ချေ။ သို့ရာတွင် အုမရ် (R)သည် ထိုဟဒီးဆ်အတွက် အမ္မာရ် (R)ကို တာဝန်ခံ ခိုင်းပြီး (လူလိမ်ဟု မစွပ်စွဲ၊ တားမြစ်ပိတ်ပင်ခြင်းလည်း မပြုဘဲ) ဆက်လက်တင်ပြဖြန့်ချိစေခဲ့ပေသည်။

၅။ ဆန့်ကျင်ဖက်အဓိပ္ပာယ်ထွက်သော ဟဒီးဆ်များလည်းရှိနေခြင်း

အချို့ဟဒီးဆ်တော်များသည် တိုက်ရိုက်အဓိပ္ပာယ်ထွက်ခြင်း၊ သွယ်ဝိုက်အဓိပ္ပာယ် ထွက်ခြင်း၊ ပေါ်လွင်နေသောအဓိပ္ပာယ်၊ ဖုံးကွယ်နေသော အဓိပ္ပာယ် စသည့် ပုံသဏ္ဍာန်မျိုးဖြစ်နေသည်သာမက အဓိပ္ပာယ် ဆန့်ကျင်နေသည့် အခြားဟဒီးဆ်တော်များလည်းတွေ့ရခြင်းကြောင့် အမလ်ပြုရန် ဆိုင်းငံ့ထားခြင်း ဖြစ်ပေသည်။

၆။ မန်စူးခ် ( ပလပ်ပြီးသော ) ဟဒီးဆ်များ ဖြစ်နေခြင်း

အချို့ဟဒီးဆ်တော်များမှာ စစ်မှန်ခိုင်မာသော်လည်း ပလပ်ပြီးသော ကျင့်သုံးမှုမျိုး ဖြစ်နေသည်။ ဥပမာ – ဥပုသ်သီလရှိပါလျက် သွေးဖောက်လျှင် သွေးဖောက်သူရော သွေးအဖောက်ခံသူပါ ဥပုသ် ပျက်ကြောင်း ဟဒီးဆ်တော်ကို သာဝကကြီး ရှဒ်ဒါးဒ် ဘင်န် အောင်းဆ် (R)က ဆင့်ပြန်ခဲ့သည်။ တဖန် သာဝကကြီး အိဘ်နု အဘ္ဘာ့စ် (R)က တမန်တော်မြတ် (SAW)သည် အိဟ်ရာမ် ဆင်မြန်းထားပြီး ဥပုသ် သီလစောင့်ထိန်းထားစဉ်၌ သွေးဖောက်ထုတ်တော်မူခဲ့ကြောင်း ဆင့်ပြန်ခဲ့သည်။ ဤဟဒီးဆ်တော်များကို ဆန်းစစ် ကြည့်ရာ ပထမဟဒီးဆ်သည် ဟိဂ်ျရီ (၈)ခုနှစ်၊ မက္ကဟ်ကိုအောင်နိုင်စဉ်က ဟဒီးဆ်ဖြစ်ပြီး၊ ဒုတိယဟဒီးဆ်မှာ ဟိဂ်ျရီ (၁ဝ)ခုနှစ်၊ နောက်ဆုံးဟဂ်ျ၌ ဖြစ်နေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ပထမဟဒီးဆ်မှာ မန်စူးခ် (ပလပ်ပြီး) ဟူသည်ကို သိရပြီး ကျင့်သုံးရန်လည်း မလိုအပ်တော့ပေ။ အချုပ်အားဖြင့်ဆိုရလျှင် အချို့ဟဒီးဆ်တော်များ ကျင့်သုံးမှုမခံရခြင်းမှာ မုဂ်ျသဟိဒ်အိမာမ်များထံ၌ ခိုင်လုံသော အကြောင်းများ ရှိနေကြ၏။ ထိုအိမာမ်များမှ ထုတ်ဖော်ပြောကြားသောအချက်များကိုသာသိကြရပြီး မပြောခဲ့လျှင်မူ မသိနိုင်ကြချေ။ ကျွန်ုပ်တို့ မသိရှိသော အခြားအကြောင်းခံများလည်း မုချရှိကြပေမည်။ အလ္လာဟ်အသျှင်မြတ်သာလျှင် အသိတော်မူဆုံး ဖြစ်ပါသတည်း။

ကုရ်အာန်ကို ဖွင့်ဆိုရှင်းလင်းပြသသော ဟဒီးဆ်၏ ပုံဟန် (၄) မျိုး

ပထမ အမျိုးအစား

ကုရ်အာန်၏အမိန့်ပညတ်ကို ထပ်ဆင့်ထောက်ခံသော သို့မဟုတ် လေးနက်စေသော ဟဒီးဆ် အမျိုးအစား ဖြစ်သည်။ ဥပမာ-

အို – အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ မိမိတို့၏ဥစ္စာပစ္စည်းများကို မိမိတို့အချင်းချင်း မတရားသော နည်းလမ်းဖြင့်စားသုံးခြင်း မပြုကြကုန်နှင့်။ ကုရ်အာန် ( ၄း၂၉ )

ကာယကံရှင်၏သဘောတူခွင့်ပြုချက် မရှိပါလျှင် မည်သည့် မုစ်လင်မ်၏ပစ္စည်းကမျှ ဟလာလ် မဖြစ်ချေ။ ( ဟဒီးဆ် )

ဒုတိယ အမျိုးအစား

ကုရ်အာန်၏ ညွှန်းဆိုဖော်ပြချက်များ၏အလိုသဘော နှင့် အနုစိပ်ပညတ်ချက်များကို ရှင်းပြသည့် ဟဒီးဆ် အမျိုးအစား ဖြစ်သည်။

ဥပမာ(၁)- ဆွလာသ်၊ ဆွောင်မ်၊ ဇကာ့သ်၊ ဟဂ်ျ အစရှိသော ကုရ်အာန်၏ညွှန်းပြချက်များအပေါ် ၄င်းတို့၏ပညတ်ချက်အသေးစိပ်ကို ဖော်ပြထားသည့် ဟဒီးဆ်တော်များ

ဥပမာ(၂)- အာယသ်တော် (၅း၃၈)မှ သူခိုးကို လက်ဖြတ်ရန် ဟူသည် လက်ျာလက်၊ ပခုံးအထိ ဟု အဓိပ္ပာယ်ကိုဖော်ပြသည့် ဟဒီးဆ်တော်များ

ဥပမာ(၃)- အာယသ်တော် (၆း၈၂)ရှိ ဇုလ်မ် (မတရားပြုခြင်း)ဟူသော စကားလုံး၏ အလိုသဘောမှာ ရှိရ်က် ဖြစ်သည်ဟု ရှင်းပြသည့် ဟဒီးဆ်တော်များ

ဥပမာ(၄)- (၂း၁၈၇) အာယသ်တော်မှ ” ချည်မျှင်အနက်၊ ချည်မျှင်အဖြူ ” ဟူသည် ညဥ့်အမှောင်ထု နှင့် နေ့၏အလင်းရောင် ဖြစ်ကြောင်း တင်စားပုံဆောင်မှုကို ရှင်းပြသော ဟဒီးဆ်တော်များ

တတိယ အမျိုးအစား

ကုရ်အာန်က ဆိတ်ဆိတ်နေထားသော အကြောင်းအရာများဆိုင်ရာ ပညတ်ချက်ကို ဖော်ပြသည့် ဟဒီးဆ် များဖြစ်သည်။ ဥပမာ- ပင်လယ်ရေသည် သန့်ပြီး ၄င်းအတွင်း၌သေသောငါးများသည် ဟလာလ် ဖြစ်ကြောင်း၊ ဇဘဟ် လှီးဖြတ်သော ဟလာလ် တိရစ္ဆာန်၏ သန္ဓေသားသည်လည်း ဟလာလ် ဖြစ်ကြောင်း၊ မျိုးတူပစ္စည်းချင်း အလဲအလှယ် လုပ်လျှင် အပိုအလျော့မရှိရကြောင်း၊ ခြေသည်းလက်သည်းပါ သားရိုင်းတိရစ္ဆာန်များမှာ ဟရာမ် ဖြစ်ကြောင်း စသည်ကဲ့သို့ ဖြစ်သည်။

စတုတ္ထ အမျိုးအစား

မန်စူးခ် ဖြစ်သော ကုရ်အာန်အာယသ်တော်များကို သိနားလည်စေသည့် ဟဒီးဆ် အမျိုးအစား ဖြစ်သည်။ ဥပမာ – မိဘနှင့် သားချင်းအတွက် သေတမ်းစာရေးရမည် ဟူသောအမိန့်သည် ပလပ်ပြီးဖြစ်ကြောင်း ထင်ရှားစေသည့် ဟဒီးဆ်တော်များ စင်စစ်၌ ဟဒီးဆ်ကြောင့် ကုရ်အာန်အမိန့်ပျက်ပြယ်သွားစေမှု (နာစစ်ခ်) ကို ဆိုလိုခြင်းမဟုတ်၊ (အလ္လာဟ် အသျှင်မြတ်၏ဝဟီအရ) ပို၍ကောင်းမွန်သင့်လျော်သော အချက်/အမိန့်ကို အစားထိုးလဲလှယ်ပြဋ္ဌာန်းမှုပင် ဖြစ်၏။

ဟဒီးဆ်တော်ကို ထိန်းသိမ်းခြင်း နှင့် ဖြန့်ချိခြင်း သမိုင်းအကျဉ်း

ရှေးခေတ် အာရဘ်လူမျိုးတို့သည် အရေးအဖတ်စာပေပညာ မတတ်ကျွမ်းခဲ့ကြ။ မှတ်သားမှုကိုသာ ဦးစားပေးခဲ့ကြပြီး မှတ်ဥာဏ်စွမ်းရည်၌လည်း ထူးထူးခြားခြား ထက်မြက်ခဲ့ကြသည်။ ဘိုးဘွားမျိုးနွယ်အစဉ်အဆက်အကြောင်း၊ သမိုင်း၊ ကဗျာလင်္ကာပေါင်းများစွာကို အလွတ်ရအာဂုံဆောင်နိုင်ခဲ့ကြ၏။ တမန်တော်မြတ် (SAW) ပွင့်ပေါ်သော ကာလ အထိ စာပေအရေးအသားကျွမ်းကျင်သူ ဟူ၍ လူနည်းစုလေးသာ ရှိခဲ့ပေသည်။ မည်သို့ဆိုစေ ၄င်းထူးခြားသော မှတ်ဥာဏ်စွမ်းရည်များကပင်လျှင် ကျမ်းမြတ်ကုရ်အာန် နှင့် ဟဒီးဆ်တော်များကို ထိန်းသိမ်းရန် အဓိက အကြောင်းရင်းခံ တစ်ရပ် ဖြစ်ခဲ့ပေသည်။ တမန်တော်မြတ်(SAW)ထံသို့ ကျမ်းမြတ်ကုရ်အာန်၏ စူရဟ်နှင့်အာယသ်တော်များသည် (ယနေ့မြင်ရသော) အစီအစဉ်အတိုင်း တစိုက်မတ်မတ် ထုတ်ပြန်ကျရောက်လာခြင်း မဟုတ်။ အခြေအနေ၊ အချိန်အခါ နှင့် လိုအပ်သော အကြောင်းခြင်းရာများအတွက် သင့်လျော်သလို ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ဥပမာ တမန်တော်မြတ်(SAW)ထံတော်သို့ ပထမဦးဆုံး ကျရောက်သော စူရဟ်/ အာယသ်တော်မှာ အမှတ်စဉ် (၁) စူရဟ် ဖာသိဟဟ် မဟုတ်ပါ။ အမှတ်စဉ် (၉၆) စူရဟ် အလပ်က်၏ အာယသ်တော် (၁ မှ ၃) ဖြစ်ခဲ့သည်။ (အချို့အဆိုအရ ၁ မှ ၅ ဟု ဖော်ပြသည်)။

ထို့နည်းတူ ကုရ်အာန် နှင့် စွန္နဟ်အား သင်ကြားပို့ချရာတွင် သတ်မှတ်ချိန်၊ သတ်မှတ်နေရာ၊ သတ်မှတ် သင်ရိုးပုံစံ ဟူ၍ တမန်တော်မြတ် (SAW)ထံ မရှိခဲ့ပါ။ သာသနာ့အသိပညာများကို အိမ်၌ရှိစဉ် အိမ်သူ အိမ်သားများကို ပို့ချ၏၊ လမ်းခရီး၌ရှိစဉ် လမ်းမှန်တရားအကြောင်း ပို့ချ၏၊ ဗလီ၌ရှိစဉ် ဝတ်ပြုရန် လာရောက် စုရုံးသူများကို ဝိုင်းထိုင်စေပြီး တရားဓမ္မဟောပြောသင်ကြားပို့ချပေးတော်မူခဲ့၏။ စစ်မြေပြင်၌ရှိစဉ်လည်း ရဲစွမ်းသတ္တိရှိရန်၊ ဖြောင့်မတ် မှန်ကန်ရန် စသဖြင့် နှိုးဆော်ထိန်းကျောင်းတော်မူခဲ့၏။ သို့သော် လူတို့ငြီးငွေ့မည်ကို မလိုလားသဖြင့် နေ့စဉ်နေ့တိုင်း သင်ကြားပို့ချ /နားဆင်စေခြင်းမျိုး မပြုတော်မူပေ။ သာသနာ့ပညာ သင်ယူဆည်းပူးသူများ၏ လွယ်ကူအဆင်ပြေမှု နှင့် အနေအထားများအပေါ် မူတည်၍ သင့်လျော်သလို သင်ကြားပို့ချပေးတော် မူခဲ့ခြင်း ဖြစ်သည်။ တမန်တော်မြတ်(SAW)၏ ပညာသင်ကြားပို့ချမှုဝိုင်း၌ ဆွဟာဘဟ် အမျိုးသားအမျိုးသမီးတို့သည် မိမိတို့၏ ရင်သွေးငယ်များကိုပါ ခေါ်ဆောင်လာ လေ့ရှိကြ၏။ ဟောပြောပို့ချသမျှ ကုရ်အာန် နှင့် စွန္နဟ်များကို မိမိတို့၏ မှတ်ဥာဏ်ဖြင့် စွဲမြဲမှတ်သားထားကြ၏။ နားမလည်သည့်အကြောင်းအရာများအား မရှက်မကြောက် ပွင့်လင်းစွာ မေးမြန်းလေ့ရှိခဲ့ကြပေသည်။

မဒီနဟ်သို့ ဟိဂ်ျရသ် ပြုပြီးနောက် သာသနာ့ပညာ သင်ပေးသင်ယူကဏ္ဍမှာ ပိုမို ကျယ်ပြန့်ကြီးထွားလာခဲ့၏၊ ဆွဟာဘဟ်တို့သည် ပညတ်တစ်ခုအတွက် ဝေးလံသောဒေသမှပင် ခရီးပြင်းနှင်၍ ကိုယ်တော်မြတ်ထံ လာရောက်မေးမြန်းဆည်းပူးသည်အထိ ဒုက္ခခံခဲ့ကြသည်။ ဆိုလေပြီးသည့်အတိုင်း အာရဘ်လူမျိုးနွယ်တို့၏ အစဉ်အလာအရ သာသနာ့ပညာများ (မိမိတို့ ကြုံဆုံကြားသိ နာယူရသည်များ)ကို မှတ်ဥာဏ်ဖြင့်သာ ထိန်းသိမ်းခဲ့ကြကုန်၏။ စာပေဖြင့် ရေးသားမှတ်တမ်းတင်သူမှာ မဆိုစလောက် ဦးရေသာ ရှိခဲ့သည်။ တမန်တော်မြတ်(SAW)သည် စာပေဖြင့် မှတ်တမ်းတင်မှုများကို အမြော်အမြင်ကြီးလှစွာ ခွင့်ပြုတော်မူခဲ့သည်သာမက အချို့သူများ အား ရေးမှတ်ရန်ကိုပင် ညွှန်ကြားတော်မူခဲ့ပေသည်။

ဆွဟာဘဟ်အများစုက မရေးမှတ်ခြင်း နှင့် ရေးမှတ်မှုကိုမနှစ်သက်ခြင်း ဟူသည်မှာ အလွတ်ကျက်မှတ်သော အစဉ်အလာအရလည်းကောင်း၊ အများစုမှာ စာပေမတတ်မြောက်ခြင်းကြောင့်လည်းကောင်း ဖြစ်၏။ တမန်တော်မြတ်(SAW)သည် စာပေသင်ကြားခြင်း မရှိခဲ့သော်လည်း မိမိ၏နောက်လိုက်များအား စာပေသင်ကြားရန် အထူးတိုက်တွန်း အားပေးတော်မူခဲ့ပေသည်။ ဥပမာ – ကာဖိရ်ဖက်မှ ဘဒရ်စစ်သုံ့ပန်းတစ်ဦးသည် မုစ်လင်မ် (၁ဝ)ဦးကို စာပေအရေးအဖတ် တတ်မြောက်သည်အထိ သင်ကြားပေးနိုင်ပါက လွတ်မြောက်ခွင့်ပေးတော်မူခဲ့သည်မှာ ခိုင်မာသည့် သာဓကတစ်ရပ် ဖြစ်၏။

တမန်တော်မြတ် (SAW)၏ ခေတ်ကာလတစ်လျှောက်လုံး ကုရ်အာန်နှင့်ဟဒီးဆ် (သာသနာ့ပညာ) ကို နည်းလမ်းနှစ်မျိုးဖြင့် ရယူထိန်းသိမ်း ခဲ့ကြ၏။ အလွတ်ကျက်မှတ်အာဂုံဆောင်ခြင်း နှင့် ရေးသားမှတ်တမ်းတင်ခြင်း တို့ဖြစ်သည်။ ဟဒီးဆ်တော်နှင့်ပတ်သက်၍ ဥပမာဖော်ပြရလျှင် အဘူ ဟုရိုင်ရဟ် (R)သည် မြောက်များလှစွာသော ဟဒီးဆ်တော်များကို အာဂုံဆောင်ကျက်မှတ်ထားပြီး တမန်တော်မြတ်(SAW)လွန်ပြီးနောက် မှန်ကန်စွာ ဆင့်ပြန်ပို့ချနိုင် ခဲ့သည်။ သို့ရာတွင် ဆင့်ပြန်သော ဟဒီးဆ်တော်အရေအတွက်၌ကား သာဝကကြီး အဘ်ဒုလ္လာဟ် ဘင်န် အမ်ရ် ဘင်န် အလ်အာ့ဆွ် (R)က သူ့ထက် သာလွန်ခဲ့လေသည်။ ယင်းသို့ သာလွန်ခဲ့ရခြင်းမှာ မိမိသည် အာဂုံဆောင် ကျက်မှတ်ခြင်းသာ ဖြစ်ပြီး အဘ်ဒုလ္လာဟ်က ရေးမှတ်ထား၍ဖြစ်ကြောင်း အဘူ ဟုရိုင်ရဟ်(R)မှ ဝန်ခံပြောပြခဲ့ပေသည်။

တဖန် တမန်တော်မြတ်(SAW)၏လက်ထက်တော်အတွင်း အဘ်ဒုလ္လာဟ် ဘင်န် အမ်ရ် ဘင်န် အလ်အာ့ဆွ်(ရဿွိ)မှ ဟဒီးဆ်/စွန္နဟ်များအား ရေးသား မှတ်တမ်းတင်နေမှုအပေါ် အချို့သာဝကများက ပြစ်တင်ရှုတ်ချ ခဲ့ကြ၏။ ဝဟီ ကျရောက်ဆဲကာလဖြစ်သဖြင့် ကျမ်းမြတ်ကုရ်အာန်နှင့်ရောထွေးသွားမည်ကို စိုးရိမ်၍ဖြစ်သည်။ တမန်တော်မြတ်သည် မနုဿလူသားသာဖြစ်သဖြင့် နှုတ်ထွက်စကားမှန်သမျှ မရေးမှတ်သင့်ကြောင်း ပြောဆိုတားဆီး ခဲ့ကြသည်။ တမန်တော်မြတ်(SAW) ထံ လျှောက်ထားတင်ပြသောအခါ ကိုယ်တော်မြတ်က ဤသို့ မိန့်ကြားတော်မူ ခဲ့သည်။

” ငါ၏အသက်ဝိဥာဉ်ကို ပိုင်စိုးထိန်းချုပ်ထားတော်မူသော အလ္လာဟ်အသျှင်မြတ်ကို တိုင်တည်ပါအံ့။ ငါကိုယ်တော်မြတ်၏ နှုတ်ထွက်စကားတိုင်းသည် အမှန်ချည်းသာ ဖြစ်၏ ”။ ၄င်းနောက် ဟဒီးဆ်တော်အား ဆက်လက် ရေးမှတ်သွားရန် တိုက်တွန်းတော်မူခဲ့ပေသည်။

ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန် နှင့် ဟဒီးဆ်/စွန္နဟ်တော်ကို စာပေမှတ်တမ်းတင် ရယူထိန်းသိမ်းမှု သမိုင်းမှာ တမန်တော်မြတ် (SAW) သက်တော်ထင်ရှားရှိစဉ်ကပင် စတင်လာခဲ့ကြောင်း ခိုင်မာနေပေသည်။

တမန်တော်မြတ် (SAW)၏ ပညာပို့ချဖြန့်ချိခြင်း ဓလေ့တော်အချို့

သာသနာ့ပညာကို ပခုံးပြောင်းလက်ဆင့်ကမ်း သင်ကြားပို့ချပေးသော ကဏ္ဍမှန်သမျှ အစ္စလာမ့် အသုံးအနှုန်းအရ သဗ်လီးဃ် ဟု ခေါ်ဆိုသည်။ ယင်းသို့ပို့ချဖြန့်ချိရာ၌ တမန်တော်မြတ် (SAW)၏ ဓလေ့တော်အချို့ကို တင်ပြပါမည်။
၁။ တမန်တော်မြတ်(SAW)သည် မိမိ မသိရှိသောအကြောင်းတစ်စုံတစ်ရာကို မေးမြန်းခံရပါက တိတ်ဆိတ်စွာသာ နေတော်မူပြီး ဝဟီဗျာဒိတ်တော်ကို စောင့်ဆိုင်းနေလေ့ရှိ၏။
၂။ တစ်စုံတစ်ရာသောအကြောင်းရပ်အပေါ် ကောင်းစွာသဘောပေါက်စေလိုလျှင် သုံးကြိမ်သုံးခါ အမိန့်ရှိတော်မူတတ်၏။
၃။ ဆွဟာဘဟ်များ၏နားလည်သဘောပေါက်မှုနှင့်ထက်မြက်မှုအား စမ်းသပ်ရန် ပြန်လှန်မေးခွန်းထုတ်လေ့ရှိတော်မူ၏။
၎။ မေးမြန်းချက်တစ်ခုအား အဖြေပေးပြီးလျှင် ထိုအချက်နှင့်ဆင်တူသည့် အကြောင်းအရာများကိုပါ မိန့်ကြားတော်မူလေ့ရှိ၏။
၅။ ဓမ္မတရားဟောပြောမှုကို နားရက်ထား၍ ဆောင်ရွက်တော်မူခဲ့၏။ မနေမနား နေ့စဉ်ရက်ဆက်ဆောင်ရွက်ခြင်းကို မနှစ်မြို့တော်မူ။ လူအများ၏ ခက်ခဲမှုကို မလိုလား၍ ဖြစ်သည်။
၆။ သာမန်လူတို့အကြား ပြဿနာဖြစ်နိုင်မည့် မတ်စ်အလာများကို သီးသန့် ဆွဟာဘဟ် အချို့ကိုသာ သင်ကြားပြသတော်မူခဲ့၏။

ဟဒီးဆ်တော် ဖြန့်ချိရာတွင် အမျိုးသမီးတို့၏ ကဏ္ဍ

တမန်တော်မြတ်(SAW)၏ ပညာရေးအသိုင်းအဝိုင်းသည် အမျိုးသားများအတွက်သာ ဘောင်ခတ် သတ်မှတ်ထားခြင်း မရှိခဲ့။ လူအစုအဝေး (ဂျမာအသ်)၌ လည်းကောင်း၊ ဝတ်ကျောင်းတော်အတွင်း ဓမ္မပညာပေး အစီအစဉ်များ၌လည်းကောင်း၊ အီးဒ်ဆွလာသ်များ၌လည်းကောင်း အမျိုးသမီးများကို ပါဝင်စေတော်မူခဲ့သည်။ သို့ရာတွင် အများအားဖြင့် အမျိုးသားများသာ ရှိနေတတ်ကြပြီး အမျိုးသမီးများသည် အိမ်တွင်းဗာဟီရကိစ္စများဖြင့် အမြဲတစေ အချိန်ပေးရန် မဖြစ်နိုင်ခဲ့ကြပေ။ ထို့ကြောင့် အမျိုးသမီးတစ်စုက မိမိတို့အတွက် သီးသန့်အချိန်တစ်ခုဖြင့် သတ်မှတ်စီစဉ်ပေးပါရန် လျှောက်တင်ကြရာ တမန်တော်မြတ်(SAW)မှ သဘောတူခွင့်ပြုတော်မူခဲ့၏။ မဒီနဟ်မြို့နေ အန်ဆွာရ်အမျိုးသမီးတို့သည် ပညာနှင့်ပတ်သက်လာလျှင် လွန်စွာစိတ်ပါထက်သန်လေ့ရှိကြ၏။ အမျိုးသမီးရေးရာတို့ကို အမျိုးသားများအကြားမှပင် မရှက်မကြောက်မေးမြန်းတတ်ကြပေရာ မိခင်မွန် အာအိရှဟ် (R) သခင်မကြီးသည်ပင် မချီးမွမ်းဘဲမနေနိုင်အောင် ဖြစ်ခဲ့ရပေသည်။ အရှက်အကြောက်ကြီးလှသည့် အမျိုးသမီးများမှာကား တမန်တော်မြတ် (SAW)၏ကြင်ရာတော်ထံများထံမှတဆင့် မေးမြန်းမှတ်သားကြပြီး မိမိတို့အချင်းချင်းအတွင်းဝယ် လက်ဆင့်ကမ်းပို့ချခဲ့ကြပေသည်။

တမန်တော်မြတ်(SAW)သည် သီးသန့်အမျိုးသမီးအသိုင်းအဝိုင်း၌ဖြစ်စေ၊ ကြင်ရာတော်များထံမှတစ်ဆင့်ဖြစ်စေ အမျိုးသမီးရေးရာပညတ်ချက်များကို ပို့ချ ညွှန်ပြတော်မူလေ့ရှိသည်။ ထိုသို့သောဟဒီးဆ်တော်များကို အမျိုးသား သာဝကတော်များအကြား ရေချိုးးခြင်း၊ ဟိုင်ဿးွ် – ရာသီပန်းကိစ္စ၊ အကြင်လင်မယား ကိုယ်လက်နှီးနှောမှု စသည့် မတ်စ်အလာများအပေါ် သဘောထားကွဲလွဲသောအခါ တမန်တော်မြတ်(SAW)၏ကြင်ရာတော်-မိခင်မွန်များ၊ သာဝိကာမ များထံ ဦးလှည့်ကာ အဆုံးအဖြတ်ကို ခံယူခဲ့ကြရပေသည်။

** အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ ကမ္ဘာကျော် အလ်အဇ်ဟရ် အစ္စလာမ့်တက္ကသိုလ်မှ ဟဒီးဆ်ပါမောက္ခကြီး မုဟမ္မဒ် မုဟမ္မဒ် အဘူဇဟူး ၏ သာရီးခ် ဟဒီးဆ် ဝ မုဟဒ္ဒိဆီးန် ကျမ်းကြီးမှ ပြန်လည်ကောက်နှုတ်အကျဉ်းချုပ်တင်ပြချက် ဖြစ်ပါသည်။ ငြင်းခုံလိုသူများအနေနှင့် မူရင်းကျမ်းရှင်နှင့် ဆက်သွယ်ငြင်းခုံကြပါကုန် **

အင်န်ရှာ အလ္လာဟ်။ ဆက်လက်ဖော်ပြသွားပါမည်။ အနိုင်ယူငြင်းခုံမှုများအတွက် အချက်အလက်များ ချပြနေခြင်း မဟုတ်ပါ။ လူသိနည်းလွန်းသော အကြောင်းအရာများကို အလွယ်တကူ လေ့လာနိုင်ရန် ကြိုးစားတင်ပြပေးနေခြင်းသာဖြစ်ကြောင်း သိစေအပ်ပါသည်။

စလာမ်၊ ဒုအာအ်ဖြင့်
ဂျူလိုင်ရဲရင့်

MMSY တွင် ကိုဂျူလိုင်ရဲရင့် တင်ထားသော Post ကို ကူးယူ ဖေါ်ပြခြင်း ဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: