Daily Archives: November 6th, 2013

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၂) – Than Win Hlaing

 

 အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၂)

ဗိုလ်နေဝင်းငယ်ဘဝ

သန်းဝင်းလှိုင်၊ နိုဝင်ဘာ ၅၊ ၂၀၁၃

မွေးရပ်ဇာတိ

ဦးနေဝင်းကို ၁၉၁ဝ ပြည့်နှစ် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ပြည်ခရိုင် ပေါင်းတလည်မြို့နယ် ချောင်းကောင်းရွာ၌ ဖွားမြင်ခဲ့သည်။မွေးချင်း ၇ ဦးရှိသည်။ သို့သော် ၁၉၁၇ အောက်တိုဘာလတွင် ဖွားမြင်သော သခင်လှထွန်းနှင့် ၁၉၂၇၊ ဧပြီ ၂၂ တွင် ဖွားမြင်သော ဦးသိန်းညွှန့် (ကိုညီလေး) တို့သာ အဖတ်တင်ခဲ့သည်။ ကျန် ညီမ ၂ ယောက် နှင့် ညီ ၂ ယောက်မှာ ငယ်စဉ်က ဆုံးသွားခဲ့ကြသည်။ ဦးနေဝင်း၏ မွေးသက္ကရာဇ်ကို Who’s Who in Burma စာအုပ်နှင့်   ဒေါက် တာမောင်မောင်   ရေးသားခဲ့သော “မြန်မာနိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီး နေဝင်း” စာအုပ် စာမျက်နှာ ၆၉ ၌ ၁၉၁၁ ခုနှစ်၊ မေလ ၂၄ ရက်ဟူ၍ ဖော်ပြထားသလို၊ ဗိုလ်မှူး ချစ်ကောင်း ပြုစုသော နိုင်ငံရေး အဘိဓာန်စာအုပ်၌ ၁၉၁၁ မေ ၂၁ ပြည် ခရိုင် ပေါင်းတလည်မြို့တွင် ဖွားမြင်သည်ဟု ဖော်ပြထားသည်။ ပဉ္စမအကြိမ်ပါတီ ညီလာခံ (၁၉၈၅) ဗဟိုကော်မတီဝင်လောင်းများ၏ ကိုယ်ရေးမှတ်တမ်း အကျဉ်းချုပ်၌ ၁၉၁၁ ခုနှစ် မေလ ၁၄ ရက် တနင်္ဂနွေနေ့ဟူ၍ ဖော်ပြထားသည်။ သမိုင်းသုတေသနဦးစီးဌာနမှ ထုတ်ဝေသော မြန်မာ့ရက်စဉ် သမိုင်းစာအုပ်၌ ဦးနေဝင်း၏ မွေးသက္ကရာဇ်ကို လုံးဝဖော်ပြထားခြင်း မပြုခဲ့ပေ။ ဦးနေဝင်း ကွယ်လွန်ပြီး သုံးရက်အကြာ ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့၌ အစိုးရပိုင်သတင်းစာများ နားရေးကြေငြာတွင် ၁၉၁၁ မေလ ၂၄ ရက် ဟူ၍ပင် ဖော်ပြထားသည်။ သို့သော် ဦးနေဝင်း၏ ဇာတာအမြဲတမ်း စစ်ဆေးပေးသော ဝေဒပညာရှင် ဒေါက်တာဖေဥာဏ်က “အဆိုပါ ခုနှစ်များမှာ မမှန်ဟုဆိုပြီး ၁၉၁ဝ ပြည့်နှစ် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့ ကိုသာ အမှန်ဖြစ်သည်” ဟု ပြောပြခဲ့ဖူးပါသည်။

ထို့အပြင် မြန်မာနိုင်ငံ စစ်အစိုးရလက်ထက် အဆက်ဆက်မှ ထုတ်ဝေသော စာအုပ်များ၌ ဦးနေဝင်း၏ မိဘအမည်ကို အဖဦးဖိုးခ၊ အမိဒေါ်မိလေး ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင် ဟု ဖော်ပြရသော်လည်း ဦးဖိုးခမှာ တရုတ်ပြည် ကွမ်တုံဒေသမှ ဟပ်ကလူမျိုးဖြစ်ပြီး ဝက်ကုန်သည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီးနှင့် ဗဟို တရားရုံးချုပ် ရှေ့နေကြီး နိုင်ငံဂုဏ်ရည် (ပထမဆင့်) ရ မွန်ဦးဖိုးချိုက စာရေးသူအား ပြောပြဖူးသည်။ ဦးနေဝင်း၏မိခင် ဒေါ်မိလေးကို ခင်ပွန်းဖြစ် သူက ပေါင်းတလည်ကျေးရွာ၊ တောင်ဘက် မိုင်ဝက်ခန့်တွင် ရှိသော အောင်သွယ်မရှာ ခေါ် ကျောင်းစုရွာ အိုးအိမ်ထူထောင်ပေးသည်။ သားဦးကို မွေးဖွားသော အိမ် သည် ယခုမရှိတော့ပြီ။ အိမ်နေရာ၊ ပန္နက်နှင့် ဆူးချုံဖုံးသော ပေပင်ငုတ်တိုသာ ကျန်သည်။ အောင်သွယ်မရှာရွာမှ အိမ်ထောင်စု များသည် မောင်ရှုမောင်တို့ ခပ်ငယ်ငယ်ကပင် ပေါင်းတလည်သို့ ရွှေ့ကြသည်။ ဦးဖိုးခ၊ ဒေါ်မိလေးတို့လည်းရွှေ့ပြောင်းရာတွင်ပါသည် ဟူ၍ဒေါက်တာမောင်မောင်၏မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီး နေဝင်း စာအုပ်၌ဖော်ပြထားသည်။ ထို့ပြင် ယင်းစာအုပ် စာမျက်နှာ (၄၃၇) ၌ပင် –

“ဒီတော့ ကျွန်တော် တစ်ခုပဲ ပြောချင်တယ်၊ ကြုံတုန်းကို ကျွန်တော် ဖိုးဖီ၊ ကျွန်တော် မှတ်မိသလောက်ပေါ့၊ သုံးဆယ် လေးဆယ် ရှိအောင်၊ ကျွန်တော်တို့ မှာ နိုင်ငံခြားသွေး တသွေးမှ မပါပါဘူး။ ဟုတ်လား။ အဲဒီတော့ ဒီသွေးပါတယ် မပါဘူးဆိုတာဟာ ဗမာအယူအဆ၊ ဗမာအတွေးအခေါ်။ ဒါကလေး ကျွန်တော် နည်းနည်း ပြောပြချင်တယ်။ ဒီဗမာလည်း နတ်တင်တယ်။ တရုတ်လည်း နတ်တင်တယ်၊ ဟုတ်လား။ အဲဒီတော့ ဗမာတင်တဲ့နတ်နဲ့ တရုတ်တင်တဲ့နတ်နဲ့ တူသလားဗျ။ သူတို့က ကျစ်ဆံနီတို့ ဘာတို့ပေါ့။ ကျွန်တော် သိသလောက် ဒီပြင် ဘာတွေ မသိတာတွေ ရှိပါတယ်။ ကျွန်တော်တို့တတွေဟာ ကျွန်တော် မိဖ ဘိုးဘွား ဒီတလိုင်းနတ်၊ သူတို့ပြောတာပါပဲ။ ဒါဘယ်လောက်မှန်သလဲတော့ မပြောတတ်ဘူး။ တလိုင်းနတ်ထဲတောင်မှ ခပ်ညံ့ညံ့ပါဗျာ။ ငါးရံ့ နဖားကြိုးထိုးတဲ့ နတ်။ အဲဒါ ငါးရံ့နာဖားကြိုးထိုးပြီး တင်ရတယ်။ နတ်တင်တဲ့ အမျိုး ဘယ့်နှယ်လုပ်ပြီး တရုတ်ဖြစ်မလဲဗျ။ အဲဒီတော့ ငါးရံ့နဖားကြိုးထိုးပြီး နတ်တင်တာလဲ တို့တော့ မတင်တော့ဘူး။ အဲဒါ ကျွန်တော်က သားအကြီးဆုံး။ ကျွန်တော်တို့ မျိုးရိုးအစဉ်အဆက်မှာ ကျွန်တော်တို့ လုပ်ရတယ်။ ဒါပေမဲ့ မလုပ်ဖူးဘူး။ အဲဒါ မလုပ်တော့လဲ ဘာမှမဖြစ်ဘူးခင်ဗျာ့။ တစ်ခါ ဒါတင်မဟုတ်သေးဘူး။ ကျွန်တော်တို့ မိဖ၊ ဘိုးဘွားပေါ့လေ။ သူတို့သင်္ချိုင်းကို ဘယ်တော့မှ ရှာလို့မတွေ့ဘူး။ ဒါတွေ ကျွန်တော့်အဖေပြောဖူးတယ်။ ဘာဖြစ်လို့ ရှာလို့ မတွေ့သလဲဆိုရင် ကျွန်တော့်အဖေက ပြောတယ်။ ကျွန်တော်တို့ အဘွားဆုံးတဲ့အခါ ကျတော့ ကျွန်တော် တို့အဘွားကိုလည်း ကျွန်တော်တို့က အင်မတန်ချစ်တော့ ဂူကလေး ဘာကလေး သွင်းရအောင် သူများတတွေ ဂူသွင်းတာကို မြင်တာကိုး။ ဒီတော့ အဖေက မလုပ်ပါနဲ့ သားရယ်တဲ့။ မင်း ဒီဂူသွင်းတဲ့အခါကျရင် ဒီဂူကြီးဟာ အမှတ်တရကြီး ဖြစ်နေတော့ ဒီသင်္ချိုင်းဆိုတာလည်း လူသေတိုင်း လိုက်လိုက်ပို့တာကွတဲ့။ ဒီဂူကိုမြင်ရင် ငိုယိုပူဆွေး ဒုက္ခရောက်မယ်။ ကျန်ရစ်ခဲ့တဲ့ လူတွေမှာ အကြောင်းမဲ့ ဒုက္ခရောက်တယ်။ အကြောင်းမဲ့ ဆွေးရတယ်။ အဲဒီတော့ ဒီအပုပ်ကောင်ကြီး ဟာ သေပြီး ဘာမှ လုပ်လို့လဲရတာ မဟုတ်ဘူး။ ဒါပျောက်သွားရင် အကောင်းဆုံးပဲတဲ့။

အဲဒီတော့ ဘာမှဂူတွေ ဘာတွေ မလုပ်နဲ့။ ဒီမြေထဲမှာတွင်မြုပ်၊ ကျွန်တော်တို့ တော ဆိုတာကလည်း သင်္ချိုင်းဆိုတာက ကျဉ်းကျဉ်းကလေးရယ်၊ ကျယ်ကျယ် ထားလို့ မရဘူး။ ဒီပြင်ဟာသာ လှူလို့ရတယ်။ သင်္ချိုင်းဆိုတာ သွားလှူလို့ မရဘူး။ သင်္ချိုင်းလှူရင် သေပါစေ ဆုတောင်းတာနဲ့ အတူတူဖြစ်တယ်ဆိုပြီး ဘယ်သူမှ မလှူဘူး။ အဲဒီတော့ သင်္ချိုင်း သေးသေးကလေးမှာဆိုတော့ ဒီအလောင်းကောင်ဟာ အပေါ်က ထပ်မြုပ်၊ ထပ်မြုပ်တာနဲ့ အကုန်ပျောက်သွားတာပဲ” ဟူ၍ ရေးသားထားလေသည်။

ဗိုလ်နေဝင်း၏ဦးလေးဝမ်းကွဲတော်စပ်သောဦးမောင်မောင်းလေးပြောပြချက်ကိုကိုးကား၍ဆောင်းပါးရှင်ညဏ်သာဆိုသူကNorthern Star  Journal (၂ဝ၁၃ ဧပြီ ၃ရက်ထုတ်)၌ “ဗိုလ်ချုပ်ကြီးနေဝင်း အားသမိုင်း ခြေရာခံကြည့်ခြင်း“ခေါင်စဉ်ဖြင့်ဤသို့ ရေးသားထားလေသည်။ဦးမောင်မောင်အေးက မိမိတို့၏ အဘိုး သည်   ပြည်သားမဟုတ်ကြောင်း အင်းဝမှ ထွက်ပြေးလာသော မင်းညီမင်းသား တစ်ပါးဖြစ်ကြောင်း၊ မိမိဘေးဒေါ်ပိုဆိုသူနှင့် အကြောင်းပါပြီး ဘကြီးဦးပန်းငုံ၊ ကြီးတော်ဒေါ်ရွေး၊ မိခင်နန်းရေးနှင့် ဦးလေး ဦးစံရာ ဆိုသော သားသမီးလေးယောက် ထွန်းကားခဲ့ကြောင်း အိမ်မှ အပြီးတိုင် ပျောက်သွားခဲ့ကြောင်း သူ့နာမည်ရင်း မင်းမျိုးညွှန့် ဟု ခေါ်ကြောင်း ဒေါ်ပိုတို့ကတော့ အင်းဝရွှေမြို့တော်မှ လာသူဖြစ်၍ ကိုမြို့ဟု ခေါ်ကြောင်း စသည်တို့ကို သူ၏ ကြီးတော် ဒေါ်ရွေးထံမှ ကြားရ ချက်ကို ပြောပြပါသည်။

ဦးပန်းငုံဆိုသည်မှာ ဦးနေဝင်း၏ အဘိုး၊ မိခင် ဒေါ်မိလေး၏ ဖခင်ဖြစ်ပြီး ဒေါ်ရွေးဆိုသည်မှာ ပါတီဌာနချုပ်မှ ဗိုလ်မှူးကြီး သိန်းငွေ၏ မိခင်ဒေါ်စိန်ညွှန့်၏ အမေဖြစ်ကြောင်းနှင့် ဒေါ်နန်းရေး ဆိုသူမှာ ယင်းအကြောင်းကို အစဖော်ပြပေးသော ဦးမောင်မောင်အေး၏ မိခင်ဖြစ်ကြောင်း ပြောပြပါသည်။

ဦးမျိုးညွှန့်နှင့် ဒေါ်ပိုတို့သည် ပေါင်းတလည် တောင်ဘက် မိုင်ဝက်ခန့်ရှိသော အောင်သွယ်မရှာခေါ် ကျောင်းစုရွာ၌ အကြောင်းပါနေထိုင်ခဲ့ပြီး သားဦးသာရန်၊ ဦးပန်းငုံ (ဒေါ်မိလေး၏ ဖခင်)တို့ ဖွားမြင်ခဲ့ကြောင်း အဘိုးဖြစ်သူ မင်းမျိုးညွှန့်သည် ဘိုးတော်မင်းတရားကြီး၏ သားတော်အိမ်ရှေ့မင်း ဦးပေါ်နှင့် အလောင်းမင်းတရားကြီး၏ ရဲဘော် (၆) ကျိပ်ဝင် (အမှန်မှာ ၆၈ ယောက် ဖြစ်သည်) ဗိုလ်တွန်ခေါ် မင်းခေါင်နော်ရထာ၏ သမီးရှင်ရွှေလုံးတို့ အကြောင်းပါရာမှ သမီးမြတောင် မင်းသမီး ထွန်းကားခဲ့ကြောင်း မြတောင်မင်းသမီးသည် လက်ယာဝင်းမှူး ဗိုလ်ဆံရှည်နှင့် အကြောင်းပါ၍ ဖွားမြင်ခဲ့ကြောင်း သားတော် တစ်ပါး   ဖြစ်ကြောင်း၊ သူ့အထက်အကိုနှင့် အမများမှာ မင်းမြတ်စိုး၊ မင်းမြတ်လှ၊ မင်းမျိုးထွန်းတို့ဖြစ်ပြီး အငယ်ဆုံးသားတော်ဖြစ်ကြောင်း ရေး သားထားလေသည်။

မြန်မာ့သမိုင်းဝင်အဖွဲ့ဝင် ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)သည် ရန်ကင်း သူ့တိုက်ခန်း၌ စာရေးသူအား ပုရပိုဒ် အစောင်စောင်မှ ထုတ်နုတ်ထားသော သူ့ကိုယ်ပိုင်မှတ်စု တစ်ခုအား ပေးဖတ်ရာ အမှတ်မထင် မုဆိုးချုံဗိုလ် ဗိုလ်တွန်မှ ဦးနေဝင်းဆင်းသက်လာ ဆွေစဉ်မျိုးဆက်ဇယားကို တွေ့ရှိခဲ့ရပါသည်။ စာရေးသူ ကူးယူထားသော ဆွေစဉ်မျိုးဆက်ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်။ –

 

 မြတောင်မင်းသမီး ခေါ်မင်းမြရိုး+ ဗိုလ်ဆံရှည် (လက်ယာဝင်းမှူး)ဆင်းသက်ခဲ့သူများမှာ-

(၁) မင်းမြတ်စိုး (သုစန္ဒာဝတီ)

(၂) မင်းမြတ်လှ (သုကေသာဝတီ)

(၃) မင်းမျိုးထွန်း (အောက်ပြည်ရှောင်ခွာ)

(၄) မင်းမျိုးညွှန့် (အောက်ပြည်ရှောင်ခွာ)

          ဦးညိုမြ၏ ကုန်းဘောင်ရှာပုံတော် စာအုပ်၌ ဗိုလ်တွန်နှင့် ပတ်သက်၍ ဤသို့ ဖော်ပြထားသည်။

အင်းဝမြို့ကို မွန်တို့လက်မှ ပြန်သိမ်းပြီးချိန်၌ ရဲဘော် ၁၃ ဦး ကျဆုံးပြီ ဖြစ်သည်။ ကျန်ရှိသူများအနက် ရဲစွမ်းသတ္တိကြောင့် ထိပ်တန်းတက်လာသူများကား –

(၁) ဦးကောင်း       – သေနတ်ဝန်

(၂) ဦးတွန်           – မုဆိုးချုံဗိုလ်

(၃) ဦးသာ            – မဟာသီဟသူရ

(၄) ဦးနှောင်း         – မဟာစည်သူ

(၅) ဦးလွင်           – ဗလမင်းထင်

အထူးသဖြင့် (၁) ဦးကောင်း ၊(၂) ဦးတွန်၊ (၃) ဦးသာတို့မှာ ထိပ်တန်းရဲဘော်ကြီးများ ဖြစ်သည်။ ဤသုံးဦးတို့မှာ စွမ်းပကား ပြည့်စုံလှသဖြင့် သားတော်နှစ် ပါး (မောင်လောက်နှင့် မောင်ရွ) တို့နှင့် တန်းတူ စစ်ရေးစစ်ရာ အခွင့်အရေးများ ပေးသနားတော်မူခဲ့သည်။

မြန်မာပြည်တဝန်း တိုက်ပွဲများတွင် သူတို့ပါဝင်သည်ချည်းသာ ဖြစ်၏။ မဟာသေနာပတိအဖြစ် အမြင့်ဆုံး မြှောက်စားခြင်း ခံရသူ ဦးကောင်းကား သံလျင် တိုက်ပွဲ ၌ ကျဆုံးသည်။ ဦးတွန်ခေါ် မင်းခေါင်နော်ရထာကား ယိုးဒယားသို့ ချီရာတွင် အလောင်းမင်းတရား၏ ညာလက်ရုံးပင်။ ဦးသာကား ဆင်ဖြူရှင်မင်း လက်ထက်တွင် ဗိုလ်ချုပ်မဟာသီဟသူရဘွဲ့ဖြင့် တရုတ်စစ်ပွဲများကို အကြိမ်ကြိမ် အနိုင်တိုက်သူ ဖြစ်သည်။ သူတို့ကား တိုင်းပြည်ထူထောင်ဘက် ရဲဘော်ကြီးများ အဖြစ် ဆွေတော်မျိုးတော်များထက် မြင့်မားသော အဆင့်တွင် ရှိခဲ့ကြသည်။

ဦးအောင်ဇေယျ၏ အနွယ်တော်တို့နှင့် ရဲဘော် ၆ ကျိပ်ဝင်တို့၏ သားသမီးများ ရေစက်ဆုံကြသည်လည်း ရှိ၏။ ဗဒုံမင်းသား (မောင်ဝိုင်း)၏ သား    ရွှေတောင်မြို့   စား အိမ်ရှေ့မင်းနှင့် ဦးတွန်၏ သမီး မယ်ရွှေဂုဏ်တို့ ညားကြရာမှ မြတောင်မင်းသမီးကို ဖွားမြင်သည်။ သူကား မိတဆိုး စကြာမင်းသားလေး ၏ မွေးစား   မိခင် ဖြစ်၏။

၁၁၈၄ ခုနှစ်၌ စတင်ဖွဲ့စည်းသော ရဲဘော် ၆ ကျိပ်ဝင်၌ ပါဝင်ခဲ့သော ဦးတွန်သည် ခင်ဦးစား ငချစ်ညိုကို အောင်မြင်သော် “သီရိရွှေတောင်” ဘွဲ့ရသည်။   နောက် မင်းလှရွှေတောင်၊ အင်းဝကို အောင်နိုင်သောအခါ “မင်းလှမင်းခေါင်” ဘွဲ့နှင့် ဝန်ကြီး ဖြစ်သည်။ ထို့နောက် မင်းခေါင်နော်ရထာ၊ မုဆိုးချုံဗိုလ် ဖြစ်လာသည် ဟူ၍ ဖော်ပြထားသည်။

ဦးနေဝင်း၏ငယ်အမည်မှာရှုမောင်ဖြစ်သည်။ ငယ်မည်ရှုမောင်ကိုလည်း ဒေါက်တာမောင်မောင်စာအုပ်၌ သားဦးကို ချစ်၍လည်း မဆုံး၊ မော်၍လည်း မဆုံး ဖခင်မိခင်တို့၏ မျက်ရှု ဟူသော အဓိပ္ပာယ်ဖြင့် ရှုမောင် ဟု ခေါ်ဝေါ်ခြင်းဟု ရေးသားထားသော် ဦးဖိုးခက ၎င်း၏ သားကို ရုပ်ရည်သန့်ပြန့်သည် ဟူသော တရုတ်ဝေါဟာရဖြင့် ရှု ထည့်ကာ ရှုမောင်ဟု မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ကျောင်းသား ဘဝ

          ထို့နောက် မောင်ရှုမောင်သည် ရွာမှ ၈ မိုင်ကျော်ခန့်ဝေးသော ပေါင်းတလည်မြို့ မြန်မာစာသင်ကျောင်း၊ ပြည်မြို့အမျိုးသားအထက်တန်းကျောင်း၊ ပြည်မြို့ အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ဆယ်တန်းအောင်ခဲ့သည်။ ၁၉၂၉-၃၁ တွင် ရန်ကုန်တက္ကသိုလ် ဆက်လက်ပညာသင်ကြား ခဲ့ရာ ၁၉၃၁ ခုနှစ်တွင် ဥပစာသိပ္ပံ (ခ) တန်း စာမေးပွ္ပဲ၌ ပါဏဗေဒ (ယခုဇီဝဗေဒ) ဘာသာရပ်တွင် ကျရှုံးခဲ့သဖြင့်  ကျောင်းထွက်ခဲ့ရသည်ဟု ဆိုသည်။ ယင်းနှင့် ပတ်သက်၍ ဒေါက်တာမောင်မောင်က အိုးဝေ၏ ရွှေရတုသဘင် လက်ရွေးစင် ဆောင်းပါးများစာအုပ်၌ ဗိုလ်ချုပ်နေ၀င်း၏ ကောလိပ်ကျောင်း သားဘ၀ ခေါင်း စဉ်ဖြင့် အောက်ပါအတိုင်း ရေးသားထားလေသည်။

          မိဘဆွေမျိုးများအားလုံး၏ အားပေးမှုဖြင့် ၁၉၂၉ ဇွန်လတွင် ကိုရှုမောင်တစ်ယောက် ရန်ကုန်တက္ကသိုလ်သို့  ဆေးပညာကို ဦးတည်၍ ရောက်သည်။ သူ၏ အခြေခံသည် ကောင်းခဲ့၏။ ဆေးပညာကို မြန်မာကျောင်းသားများ မလိုက်စားကြ။ ထို့ကြောင့် ဥပစာသိပ္ပံကို ပါဏဗေဒနှင့် အောင်ပြီးလျှင် ဆေးကောလိပ်ဝင်ရန် ခက်ခဲဖွယ်မရှိဟု ထင်ရလေသည်။

          ထိုခေတ်က အိုင်စီအက်၊ ဘီစီအက် ရာထူးများ ခေတ်စားသည်။ အရေးပိုင်၊ ၀န်ထောက်၊ မြို့အုပ်တို့ ဂုဏ်ရှိသည်။ သို့ရာတွင် ထိုရာထူးများကို ကိုရှုမောင် မမက်မော၊ မိဘများကလည်း မတောင့်တ၊ ကျောင်းနေဖက် ဦးလေးတော်သူကိုမောင်ညီ (နောင် သခင်ညီ) ကလည်း မတိုက်တွန်း၊ မိခင်၏ မောင်များ ဖြစ်ကြသော ဦးချစ်ခိုင်၊ ကိုချစ်လှိုင်တို့ကလည်း မတိုက်တွန်း၊ ဆေးကောလိပ်သွား၍ ဒေါက်တာဖြစ်သောအခါ ကိုယ့်မြို့နယ်ရပ်ရွာတွင် ဆေးကု၍ အများအကျိုးကို ပြနိုင် သည်။ ဒေါက်တာဆို၍ အခြားဘာသာရပ်များတွင် “ပါရဂူ” ခေါ်သော ပီအိပ်ခ်ျဒီ (Ph.D)၊ အယ်အယ်ဒီ (LL.D) ဒေါက်တာမျိုးလည်း မဖြစ်လို၊ ယင်းပါရဂူများ သည်   နှာစေး၊ချောင်းဆိုးကိုပင် ကုသနိုင်သည် မဟုတ်၊ စာအုပ်ကြီးကြီးတွေ ဖတ်ပြီးလျှင် ပြဿနာသေးသေး နယ်ကျဉ်းကျဉ်းတွင် ပုံကြီးချဲ့ခြင်း ပညာပြခြင်းသာ လုပ် တတ်ကြသည်။

          ကိုရှုမောင်သည် စနစ်တကျနေသည်။ အတန်းမှန်မှန်တက်သည်။ အချိန်ကို စာဖတ်ချိန်၊ ဘောလုံး၊ ဟော်ကီကစားချိန်၊ လည်ပတ်ချိန် စသည်ဖြင့် ခွဲဝေပိုင်းခြား၍ သုံးစွဲသည်။ စူးစမ်းလေ့လာတတ်သောသူ ဥာဉ်နှင့်ပို၍ ကျယ်ဝန်းလာသော သူ့ဘ၀ စပ်ဟပ်မိသည်။ သူသည် ခေတ်ဆန်၍လည်း ကြည့်သည်။ အင်္ဂလိပ်စာကို အထူးလေ့လာသည်။ နေ့စဉ်မှတ်တမ်းရေးလျှင် အင်္ဂလိပ်လိုရေးသည်။ ဂိုးစမစ်စသော စာရေးဆရာတို့၏ စာပေ၀တ္ထုများကို ကြိုက်သည်။ တစ်ဖတ် တွင်လည်း မြန်မာစာ၊ မြန်မာမှုကို အထူးသဘောကျ လိုက်စားသည်။ ဆရာလင်း၊ ဆရာပွားစသော ပညာရှင်ကြီးများကို ဆည်းကပ်သည်။ မြန်မာ့တေးဂီတ ကို နားတွေ့သည်။ ခေတ်စမ်းကဗျာကို တီထွင်နေသော ဦးသိန်းဟန် (ဇော်ဂျီ)၊ ဦးဝန် (မင်းသုဝဏ်) တို့၏ ကဗျာများကို ဖတ်သည်။

          ကိုရှုမောင်တစ်ယောက်လည်း သူ့လမ်းသူ မှန်မှန်ချီတက်လျက် ရှိခဲ့သည်။ ပါဏဗေဒ ပါမောက္ခ မက်ဂစ် (Prof.F.G.Meggilt) ကလည်း တစ်ဒုက္ခ၊ မက်ဂစ်က မြန်မာကျောင်းသားများကို နှိမ်ချင်သည်။ ဆေးကောလိပ်ရောက်ဖို့ ပါဏဗေဒအောင်မှ ဖြစ်သည်။ မက်ဂစ်ကို ရှောင်ကွင်း၍ ကောလိပ်သို့ မရောက်နိုင်။

          ၁၉၃၁ ခုနှစ်၊ မတ်လတွင် ကိုရှုမောင်ဥပစာသိပ္ပံနောက်ဆုံးနှစ် စာမေးပွဲများကို ဖြေဆိုသည်။ မက်ဂစ်ဒဏ်ကို ခံရ၍ ပါဏဗေဒတွင် ကျသည်။ တက္ကသိုလ်သို့ ပြန်၍ မသွားလိုပြီ။ တက္ကသိုလ်နယ်မြေ၊ ဟိုဘက်တွင် ကမ္ဘာကြီး ခပ်ကျယ်ကျယ်နှင့် ဆွဲငင်အား အပြည့်ရှိသော နိုင်ငံရေးနယ် ရှိသည်။ ထိုကမ္ဘာ၊ ထိုနယ်  တို့ ခေါ်ရာသို့ ကိုရှုမောင် လိုက်ပါသွားလေသည် ဟူ၍ဖေါ်ပြထားလေသည်။

          အမှန်မှာ ပါဏဗေဒဘာသာရပ်၌ စာမေးပွဲကျ၍ ကျောင်းထွက်ခဲ့ရသည် မဟုတ်ပါ။ ကမာရွတ်မြို့နယ်မှ မိန်းကလေးတစ်ဦးကို ယောက်ျားလေးကဲ့သို့ ဝတ်ဆင်စေ ၍ သူ့အဆောင်တွင် ခေါ်အိပ်ရာ တစ်နေ့တွင် သက်ဆိုင်ရာမှ သိရှိသွားပြီးနောက်တွင် တက္ကသိုလ် ကျောင်းအုပ်ကြီးက ကျောင်းထုတ် လိုက်ခြင်း ဖြစ် သည်ဟု   သိမှီလိုက်သူ များက ပြောပြကြပါသည်။

စာတိုက်ဝန်ထမ်းဘဝ

          ယင်းနောက် ၁၉၃၁ ခုနှစ် မေလတွင် ကိုရှုမောင်သည် ရန်ကုန်မြို့ ၃၅ လမ်းတွင် သူငယ်ချင်းများနှင့် အခန်းဌား၍ မီးရထားစာတိုက်ဌာနတွင် ငါးလကျော်   ခြောက်လနီးပါး ၀င်ရောက်လုပ်ကိုင် ခဲ့သည်။ ၎င်းမှထွက်ပြီး တစ်နှစ်ကျော်ကျော်ကြာသောအခါ ၁၉၃၄ တွင် ဗဟန်းစာတိုက်တွင် တစ်နှစ်ခွဲကျော်ကျော် ၊ ၁၉၃၆ ခုနှစ်အထိ အမှုထမ်းခဲ့သည်။ စာတိုက်တွင် အမှုထမ်းနေစဉ်မှာပင်  ဦးလေးဖြစ်သူ သခင်ညီကို အကြောင်းပြု၍ တို့ဗမာအစည်းအရုံးဝင် သခင်ဗစိန် ၊ သခင်ထွန်းအုပ်၊ သခင်အောင်သန်း (နောင် ဗိုလ်စကြာ) တို့နှင့် ရင်းနှီးခင်မင်ရာမှ တို့ဗမာအစည်းအရုံးဝင်ခဲ့ရာ သခင်ရှုမောင် ဖြစ်လာသည်။

          ထို့နောက် ပထမအိမ်ထောင် ဒေါ်သန်းညွှန့်နှင့် လက်ထပ်၍ သားတစ်ယောက် မောင်ကျော်သိန်း (တာတီး) ရသည်။ ဒေါ်သန်းညွှန့်သည် အပျိုမဟုတ် တစ်ခုလတ်ဖြစ်ပြီး ပထမအိမ်ထောင်နှင့် သားတစ်ယောက် ရခဲ့ဖူးသည်။ ထို့နောက် ဦးနေဝင်းသည် ဒေါ်သန်းညွှန့်နှင့် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် လမ်းခွဲကာ ၁၉၃၇ ခုနှစ် ဇူလိုင်လ ၁၈ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ မောင်ဂိုမာရီလမ်း (ယခုဗိုလ်ချုပ်အောင်ဆန်းလမ်း) အိမ်အမှတ် ၁၀၆ ၌ နှစ်ဖက် မိဘများ ရှေ့မှောက်တွင် ဒေါ်တင်တင်နှင့် လက်ထပ်၍ သားငွေစိုး၊ အေးအောင်တို့ ထွန်းကားခဲ့သည်။

          ၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသောအခါ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ ဦးဆောင်သော သခင်အုပ်စုတွင် ပါဝင်ခဲ့သည်။

http://moemaka.com/archives/39123

Advertisements

အာဏာရှင်ဗိုလ်နေဝင်း၏ဇာတ်သိမ်းခန်း၊အပိုင်း (၁)

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၂)

 

သန်းဝင်းလှိုင်

 

နိုဝင်ဘာ ၃၊ ၂၀၁၃

 

 

 

မြန်မာနိုင်ငံတွင် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည့် ကွယ်လွန်သူ ရဲဘော်သုံးကျိပ်ဝင် တော်လှန်ရေးကောင်စီ ဥက္ကဌ၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌ၊ နိုင်ငံတော်ကောင်စီ ဥက္ကဌနှင့် သမ္မတဟောင်း စစ်အာဏာရှင် အငြိမ်းစား ဗိုလ်ချုပ်ကြီး နေဝင်းသည် မြန်မာစစ်အာဏာရှင်အပေါင်းတို့၏ “ဂေါ့ဒ်ဖားသား” (God Father) ခေါ် “ခေါင်းကိုင် ဖခင်ကြီး” ပင် ဖြစ်သည်။

 

သူသည် တော်လှန်ရေးကောင်စီခေတ် (၁၉၆၂ မှ ၁၉၇၃ ခုနှစ်အထိ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် (၁၉၇၃ မှ ၁၉၈၈ အထိ) တို့တွင် အဓိက ကြိုးကိုင်အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်ကြီး ဖြစ်သည်။ သူ၏အမွှေကို ယနေ့ထက်တိုင် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်လက်ထက် အထိ ဆက်ခံနေဆဲ ဖြစ်သည်။ ဤသို့ဆိုလျှင် အာဏာရှင် ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပာယ်ကို ဆန်းစစ်ဖို့ လိုပေမည်။

 

● အာဏာရှင်စနစ်

 

အာဏာရှင်စနစ်၏ အဓိပ္ပာယ်ကို မြန်မာအဘိဓါန်၌ စီမံခန့်ခွဲပြုလုပ်ပိုင်ခွင့် စသည့် အာဏာကို တစ်ဦးတည်း ချုပ်ကိုင်သုံးစွဲသူ ဟူ၍ ဖွင့်ဆိုထားသည်။ ဗိုလ်မှူးချစ်ကောင်း ပြုစုသည့် “နိုင်ငံရေး အဘိဓါန်” စာအုပ် စာမျက်နှာ ၆၆၂ ၌ “လူတန်းစားတစ်ရပ်က အခြားလူတန်းစား တစ်ရပ် သို့မဟုတ် အခြားလူတန်းစားများအပေါ်တွင် အကြမ်းဖက်၍ အုပ်စိုးမှုပင် ဖြစ်သည်” ဟူ၍ ဖွင့်ဆိုထားသည်။  အောက်စဖို့ ဒ်အနှစ်ချုပ် နိုင်ငံရေးအဘိဓာန် (Oxford Concise Dictionary of Politics) ၌ အာဏာရှင်စနစ် (Dictatorship) ၏ အဓိပ္ပာယ်ကို ဘရစ်တန်တက္ကသိုလ် ပါမောက္ခ လင်ကွန်းအယ်လီဆန်က အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။

 

 

Dictatorship – In modern usage, absolute rule unrestricted by law, constitutions, or other political or social factors within the state. The original dictators, however, were magistrates in ancient Italian cities (including Rome) who were allocated absolute power during a period of emergency. Their power was neither arbitrary nor unaccountable, being subject to law and requiring retrospective justification. There were no such dictators after the beginning of the second century  BC, however, and later dictators such as Sulla and the Roman emperors conformed more to our image of the dictator as an autocrat and near-despot.

 

In the twentieth century the existence of a dictator has been a necessary and (to some) definitive component of totalitarian regimes; thus Stalin’s Russia, Hitler’s Germany, and Mussolini’s Italy were generally referred to as dictatorships. In the Soviet case the very word and idea of dictatorship were legitimized by Marx’s idea of  a dictatorship of proletariat which would follow of revolution and eradicate the bourgeoisie.

 

ထိုနည်းတူစွာ မောင်ဝံသပြုစုသည့် “ခေတ်မီနိုင်ငံရေး ဝေါဟာရ အဘိဓာန်” စာအုပ် စာ ၁၄၅ ၌ –

 

အာဏာရှင်စနစ်ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တည်းက နိုင်ငံရေးအာဏာ အလုံးစုံကို ချွင်းချက်မရှိ ကိုင်တွယ်ထားသော အစိုးရပုံစံကို ခေါ်သည်။ တိုင်းပြည်အချို့တွင် အရေးပေါ် အခြေအနေများ ကြုံရချိန်၌ ယာယီအားဖြင့် အာဏာရှင်တစ်ယောက်ကို တင်မြှောက်ပေးလေ့ရှိသည်။ ရောမခေတ်က မူလအုပ်ချုပ်ရေး ပုံစံမှာ သမ္မတနိုင်ငံပုံစံဖြစ်သော်လည်း စစ်ရေးအကျပ်အတည်းများနှင့် ကြုံရချိန်တွင် အာဏာရှင်များကို ဆီးနိတ်လွှတ်တော်ကပင် ခန့်အပ်တာဝန်ပေးခဲ့ကြသည်။ အလားတူပင် ရှေးဟောင်းဂရိမြို့ပြ နိုင်ငံများတွင်လည်း ပြည်သူတို့ စည်းလုံးညီညွတ်မှု အလွန်အမင်း အန္တရာယ်ရှိချိန်တွင် ဥပဒေပြုရေး အာဏာအလုံးစုံကို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ထဲ အပ်နှင်းခဲ့ကြဖူးသည်။

 

ခေတ်သစ်ကမ္ဘာတွင်လည်း လူထုလှုပ်ရှားမှုများထဲမှ ပေါက်ဖွားလာသော ခေါင်းဆောင်များအနက် အစိုးရအာဏာရပြီးချိန်တွင် အာဏာအားလုံးကို လက်ဝါးကြီးအုပ်ပြီး အာဏာရှင်ဖြစ်သွားသူများစွာ ရှိသည်။ အာရှ၊ အာဖရိကနှင့် လက်တင် အမေရိကတိုက်များတွင်မူ အရပ်ဘက် အာဏာကို သိမ်းသည့် စစ်အာဏာရှင်များစွာ ပေါ်ပေါက်ခဲ့သည်။ ဆိုရှယ်လစ်ကွန်မြူနစ်နိုင်ငံများ၌မူ တစ်ပါတီအာဏာရှင်စနစ် ကြီးထွားခဲ့သည်။ ဥပမာ ဆိုဗီယက်ပြည်ထောင်စုမှ စတာလင် (၁၈၇၉ – ၁၉၅၃)။

 

ဒီမိုကရေစီရွေးကောက်ပွဲနည်းဖြင့် အာဏာရသူများထဲမှလည်း အာဏာရှင် ဖြစ်သွားသူများ ရှိခဲ့သည့် ဂျာမနီအာဏာရှင် ဟစ်တလာ (၁၈၈၉- ၁၉၄၅)၊ အီတလီ အာဏာရှင်မူဆိုလီနီ (၁၈၈၃-၁၉၄၅)၊ အာဂျင်တီးနား အာဏာရှင်ပီရွန် (၁၈၉၅-၁၉၇၄) တို့သည် ထင်ရှားသူများ ဖြစ်သည်။ ပြင်သစ်သမ္မတ ဒီဂေါလ် (၁၈၉ဝ-၁၉၇ဝ)သည် အာဏာရှင် အမည်မပေါက်သော်လည်း ပြင်သစ်နိုင်ငံရေး အကျပ်အတည်းကာလတွင် ရောမပုံစံအာဏာရှင် တင်နည်းမျိုးဖြင့် တင်မြှောက်ခံခဲ့ရသူ ဖြစ်သည်။

 

နိုင်ငံတော်သမ္မတဟောင်း ဒေါက်တာမောင်မောင်ကလည်း “တို့ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ” စာအုပ်၌ စာမျက်နှာ ၂၃ တွင် ဒီမိုကရေစီ ဆိုသည်မှာ ဘာလဲဟူသည်ကို ထင်ရှားစေရန် ဒီမိုကရေစီနှင့် အာဏာရှင်နိုင်ငံများကို ယှဉ်၍ ရေးပြထားပါသည်။  ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေးဝါဒ စကားသာ မဟုတ်၊ ပြည်သူ၏ အနေအထိုင် အတွေးအခေါ် အလေ့အကျင့်ဖြစ်သည်။ ဒီမိုကရေစီကို ပြောဟောရုံနှင့်မရ၊ ကျင့်သုံးမှ ရသည်။ ဒီမိုကရေစီဆိုသည်မှာ မိုးပေါ်က ကျလာသော ရတနာမဟုတ်၊ သူကပေးမှ ရသော ရတနာလည်း မဟုတ်၊ ပြည်သူတို့က ကိုယ့်ဘ၀ကိုယ် ဖန်တီးကြခြင်း ဖြစ်သည်။

 

 

ဒီမိုကရေစီဆိုသည်မှာဘာလဲဟု အထင်အရှားသိလိုလျှင် ဒီမိုကရေစီမရှိသော အာဏာရှင်နိုင်ငံတွင် ဖြစ်ပျက်ပုံတို့နှင့် နှိုင်းယှဉ်၍ ကြည့်ရသည်။ ဒီမိုကရေစီ အနှစ်သာရတို့ကို ခံစားနေတုန်းတော့ ရိုးနေ၍ အရသာ တွေ့ချင်မှ တွေ့မည်။ အာဏာရှင်စနစ်ခါးခါးလေးကို စားကြည့်ရလျှင် ဒီမိုကရေစီ၏ အရသာကို ပို၍ တန်ဖိုးထားတတ်မည် စသည်ဖြင့် နိဒါန်းချီပြီး ဒီမိုကရေစီနိုင်ငံနှင့် အာဏာရှင်နိုင်ငံ နှိုင်းယှဉ်ချက် (၁၆) ချက်ကို ရေးသားတင်ပြထားပါသည်။

 

ဒီမိုကရေစီနိုင်ငံ
အာဏာရှင်နိုင်ငံ
၁။
၂။
၃။
၎။
၅။
၆။
၇။
၈။
၉။
၁ဝ။
၁၁။
၁၂။
၁၃။
၁၄။
၁၅။
၁၆။
ဒီမိုကရေစီနိုင်ငံတွင် လူကို တန်ဖိုးထား၍ လေးစားသည်။
လူကိုလေးစားသကဲ့သို့ပြည်သူတို့၏ ပုဂ္ဂလိ က ပိုင် ပစ္စည်းများ ၊ အခွင့်အရေးများကို
လေးစားသည်။
ကြိုက်နှစ်သက်ရာ ဘာသာကို ကိုးကွယ် နိုင်ကြသည်။
ဆွေမျိုးသားချင်းများ၊ စုဝေးနေထိုင်နိုင် ကြသည်။ လုပ်ကိုင် စားသောက်နိုင်ကြသည်။
လူမျိုးအသီးသီး၏ ဓလေ့ထုံးစံကို ရိုသေ လေးစားကြသည်။ မိရိုးဖလာဟူသည် တို့ကို အမြတ်တနိုးထားကြသည်။
အချုပ်အခြာအာဏာသည် ပြည်သူ၌ တည်သည်။ ပြည်သူတို့က လွတ်လပ်စွာ မဲဆန္ဒပေး၍ ရွေးကောက် တင်မြှောက် ကြသော မတ်များ ကိုယ်စားလှယ်များက ဥပဒေပြုကြ၊ စီမံခန့်ခွဲအုပ်ချုပ်ကြသည်။
ပြည်သူတွင်အာဏာတည်သည်။ ရွေးကောက် ပွဲများတွင် ပြည်သူထံမှ နိုင်ငံရေး အဖွဲ့ ပေါင်းစုံက တောင်းခံ၍ ယူရသည်။
ပြည်သူသည် လွတ်လပ်ပွင့်လင်းစွာ ဆက်ဆံ နိုင်ကြသည်။ နေထိုင်နိုင်ကြသည်။
အမှုထမ်းများသည် ပြည်သူ့ဝန်ထမ်းများ ဖြစ်ကြသည်။ တာဝန်ကျေပွန်စွာ ထမ်းဆောင် ရဲကြသည်။ ပြည်သူ့သစ္စာကို စောင့်သိ ရိုသေကြသည်။
ပြည်သူတို့သည် လွတ်လပ်စွာ ပညာသင်ကြ၊ အလုပ်လုပ်ကြ၊ ဘာသာတရား ဆည်းကပ် ကိုးကွယ်နိုင်ကြသည်။
လူတန်းစားခွဲခြားမှု မရှိ၊ အတန်းစားချင်း အပြိုင်အဆိုင်ရှိတတ်သော်လည်း ရန်သူသ ဖွယ် ပဋိပက္ခဖြစ်နေခြင်းကား မရှိ။
တိုင်းတစ်ပါး၏ ဝါဒအရ ဦးဆောင် ညွှန်ကြားမှုကို ပြည်သူတို့နှင့် အစိုးရ၊ ပါလီမန် တို့ကလက်မခံကြ။လွတ်လပ်စွာ တွေးခေါ် ချင့်ချိန်၍ မှန်ရာကို လုပ်ကြသည်။
ကိုယ်တိုင်းပြည်ကို ပြည်သူတို့က ချစ်မြတ်နိုး ကြသည်။
ပြည်သူ့ ကိုယ်ကျင့်တရားနှင့် လူမှုကျင့်ဝတ် များကို ဦးထိပ်ထားကြသည်။
ပြည်သူတို့ တစ်ထပ်တည်း၊ တစ်ဥာဏ်တည်း၊ တစ်သံတည်း မထွက်ကြချေ။ မတူကွဲပြားခြင်း အတွေးအမြင်များ ရှိကြသည်။
အာဏာရှင်နိုင်ငံတွင် လူကို ပစ္စည်းတစ်ခု၊ အရာ ဝတ္ထု တစ်ခုလိုသာ ဖြစ်သည်။ အစိုးရ စက်ယန္တရား နှင့် အစိုးရ အာဏာရှင်တို့က ဘာမဆို လွှမ်းမိုး သည်။
အစိုးရ စက်ယန္တရားက အရေးကြီးသည်။ ပြည်သူပိုင် ပစ္စည်းများနှင့်ပြည်သူတို့ကိုပါ အစိုးရက ပိုင်ဆိုင် သည်။
အာဏာသည်သာ ဘာသာတရားဖြစ်သည်။ အာဏာသည်သာ ကိုးကွယ်ရသည်။ အာဏာကို ယဇ်ပူဇော်ရသည်။
အာဏာက ခိုင်းစေသလို ခွဲခွာ၍ သွားကြ၊ လုပ်ကိုင်ကြရသည်။ ပြည်သူကို လုပ်သားအဖြစ် စက်ရုပ်အဖြစ်သာ အာဏာရှင်က မြင်သည်။
အာဏာကသာ အဓိက အရေးပါသည်။ ရှေးထုံးကို လွယ်လွယ်နှင့် ပစ်ပယ်၍ ပျက်ရယ်ပြုကြသည်။
ပြည်သူတို့၏ မဲဆန္ဒသည် တန်ဖိုးမရှိ။ လက်နက် အားကိုးဖြင့်သာ လူတစ်ယောက် (သို့မဟုတ်) လူတစ်စုက အာဏာကို ဓားပြတိုက် ယူကြသည်။ သေနတ်ပြောင်းဝ၌သာ အာဏာတည်သည်ဟု မှတ်ယူ၍ အာဏာကို လက်နက်အားကိုးဖြင့် ထိန်းသိမ်းထားကြသည်။
အာဏာကို လက်နက်ဖြင့် တိုက်ယူသဖြင့် ပြည်သူထံမှ တောင်းခံခြင်းမပြု၊ အတိုက်အခံ အဖွဲ့အစည်း ဟူသမျှကိုလည်း နှိပ်ကွပ်ကြသည်။
ပြည်သူ့ဆန္ဒမရသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုက လက်နက်ဖြင့် အုပ်စိုးသဖြင့် ၎င်းအာဏာရှင်တို့က ပြည်သူလူထုကို လုံးဝ မယုံကြည်ချေ။ အတိုက်အခံကိုလည်း စိုးရိမ် ကြောက်လန့်ရသည်။ ထို့ကြောင့် ပြည်သူတို့ အကြား လျှို့ဝှက်ပုလိပ်၊ ထောက်လှမ်းရေးများ စေလွှတ်၍ လူထုအသံကို နားစွင့်ရသည်။ လှုပ်ရှားမှုတိုင်း၌ ရည်ရွယ်ချက် ရှိသည်ဟု မှတ်ယူ၍ အတိုက်အခံ၊ ဆန့်ကျင်ဝေဖန်သံသဲ့သဲ့ ကြားလျှင် လျှို့ဝှက်ပုလိပ်ကို သုံး၍ ဖမ်းဆီးခြင်း၊ နှိပ်ကွပ်ခြင်း တို့ကို ပြုလုပ်သည်။
 အာဏာရှင် စေခိုင်းရာ တို့ကိုသာ ဆောင်ရွက် လုပ်ကိုင်ပေးရသော ဟန်ပြတရားရုံးများ ဖြစ်ကြသည်။ တရားမဲ့ ပြုကျင့်မှုတို့ကို ဥပဒေအရဖြင့် ခြုံပေးရသော တရားရုံးများသာ ဖြစ်သည်။ အာဏာရှင် နိုင်ငံတို့တွင် ဥပဒေသည် ဟန်ဆောင် ရုပ်ပြမျှသာ ဖြစ်သည်။ အာဏာရှိ လူတစ်စု၏ လက်နက်သဖွယ်လည်း ဖြစ်သည်။ ၎င်းအာဏာရှင် တစ်စုသည် အတိုက်အခံတို့ကို သုတ်သင် ရှင်းလင်းရာတွင် ဥပဒေအရောင်ကို ဆောင်၍ လူအများ၏ ဒေါသကို လှုံ့ဆော်ခြင်းဖြင့်သော် လည်းကောင်း၊ လက်နက်စွဲကိုင်၍ လည်းကောင်း လိုရာ ရယူတတ်ကြသည်။ ၎င်းနိုင်ငံများတွင် အာဏာသည် ဥပဒေ ဖြစ်သည်။ အာဏာမဲ့ သူတို့က ဥပဒေ၏ လက်အောက်တွင် ရှိ၍ အာဏာရှိသူတို့က ဥပဒေ၏ အထက်၌ ရှိကြသည်။
အာဏာရှင်၏ သစ္စာတော်ကိုသာ ခံကြရသည်။
အာဏာရှင် အမျက်တော်ပွားလျှင် ရာထူး လျှော့ ကျခြင်း၊ထုတ်ပယ်ခံရခြင်း၊ ပြောင်းရွှေ့ခံ ရခြင်း တို့ထက် လွန်ကဲသော ပြစ်ဒဏ်တို့ကို ခံကြသည်။
ပညာရေးလောက၊ အလုပ်သမား လောက၊ အမှုထမ်းလောက၊ ရဟန်းသံဃာ လောကတို့ လွတ်လပ်စွာ မနေရ၊ အာဏာရှင်တို့က ဝါဒရေးအရ ကျူးလွန်ဝင်ရောက်၍ စည်းရုံးခြင်း၊ သိမ်းသွင်းခြင်း တို့ကို ပြုသည်။
လူတန်းစားချင်း မလိုမုန်းထားစိတ်များကို ၀ါဒအရ ပွားများအောင် လှုံ့ဆော်ပေးကြသည်။ လူတန်းစား ပဋိပက္ခကို ဆွပေး၍ လိုသလို အသုံးချသည်။
လွတ်လပ်စွာ တွေးခေါ်ခွင့်မရှိသဖြင့် အာဏာရှင်က ဆရာတင်သော တစ်ပါးနိုင်ငံ (သို့မဟုတ်) ဦးဆောင်ရာ နောက်သို့ တကောက်ကောက် လိုက်ပါရသည်။
တပါးနိုင်ငံ၏ ကြယ်ရံဘဝသို့ ကျဆင်းနေရသော နိုင်ငံတွင် ကိုယ့်နိုင်ငံထက် တပါးနိုင်ငံကို ချစ်ရသည်။ အမေကျော်၍ ဒွေးတော် လွမ်းရသည်။
အာဏာရှင်တို့ကိုသာလျှင် ကြောက်ရွံ့၍ ဦးထိပ် တင်ကြသည်။ အာဏာရှင်သည် မိမိကိုယ် မိမိ အာဏာရှင်ဟု ဘယ်သောအခါမှ မခေါ်ချေ။ ပြည်သူ့အကျိုးကို လိုလားသလို၊ သယ်ပိုးသလိုလို နှင့် အာဏာကိုသိမ်းယူတတ်သည်။ ပြည်သူတို့သည် အာဏာရှင်၏ အရိပ်နိမိတ်တို့ကို အမြဲမပြတ်မလပ် စောင့်ကြည့်ရသည်။ ကာကွယ်ရသည်။
ပြည်သူတို့၏ ကိုယ်ပိုင်အတွေး အခေါ် အသိဥာဏ် တို့ကို စင်ပြိုင်မှုရှိလျှင် တွေးဝေနိုင်သည်ဟု ယူဆကာ ဦးနှောက်ဆေးကြောခြင်း နည်းဖြင့် ပယ်ဖျက်ပြီးနောက် အာဏာရှင်၏ အတွေးအခေါ် အသိဥာဏ်တို့ကို အတင်းရိုက်သွင်း အစားထိုး ပေးသည်။ ထို့ကြောင့် အသံလည်း ထွက်၍ ရွေးကောက်ပွဲပြုလုပ်လျှင် အာဏာရှင်က မဲပေါင်း ၁ဝဝ လျှင် ၉၉ ဒသမ ၉ မဲလောက် ရသည်။

 

ဤသို့ဆိုလျှင် အာဏာရှင်စနစ်နှင့် အာဏာရှင်တို့၏ သဘောသဘာဝကို ရိပ်စားမိပြီးဖြစ်၍ အာဏာရှင်ကြီး ဗိုလ်နေဝင်း၏ ဘဝအထွေထွေနှင့် သူ့လုပ်ဆောင်ချက်များ ကို လေ့လာကြည့်ကြပါစို့။

OIC ယဉ်ကျေးမှုရေးရာအကြီးအကဲမှအစ္စလာမ် အ ပေါ် အမြင် မှားကြောက် ရွံ့မှုနှင့် စပ် လျဉ်း ၍ ပြော ကြား

နိုဝင်ဘာ ၆ ၂၀၁၃

M-Media

ပြည်သူနှင့် နိုင်ငံရေးအခွင့်အရေးနှင့်စပ်လျဉ်းပြီး အပြည်ပြည်ဆိုင်ရာ ပဋိညာဉ် International Covenant on Civil and Political Rights (ICCPR) အပိုဒ် ၂၀ တွင် မည်သည့်ဘာသာတရား၏ ထူးမြတ်သောပုဂ္ဂိုလ် သို့မဟုတ် သင်္ကေတအား အဆိုးမြင်အောင်ပြုလုပ်ခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေအရ ပြစ်မှုမြောက်ကြောင်း ယဉ်ကျေးမှုရေးရာ OIC အကြီးအကဲ ရစ်ဇ၀ါန်း စအီးဒ် ရှိုင်းခ် က ပြောကြားလိုက်သည်။

မကြာသေးမီက မရ်ဟဗာ စားမြိန်ရိပ်သာ၌ Pakistan Executive Group (PEG) အဖွဲ့ဝင်တို့အား သူက ဧည့်တော်တော်များ၏ပြောခွင့်ရပုဂ္ဂိုလ်အနေနှင့် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစ္စတန်ဘူလ်သဘောတူညီချက်မှ ထွက်ရှိလာသော ဤဥပဒေကို ကုလလူ့အခွင့်အရေးကောင်စီထုတ်ပြန်ချက်အမှတ် ၁၆/၁၈ အရ ကမ္ဘာနှင့်အ၀ှန်းအကျိုးသက်ရောက်စေရန် OIC မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့ရွာဟု ခေါ်တွင်နေသော်လည်း ဘာသာတရားမှာ နိုင်ငံတကာဆက်ဆံရေးများတွင် အလေးထားနေရသည့် အခန်းကဏ္ဍ၌ ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအကြောင်းပြချက်များဖြင့် ဘာသာရေးကို ခုတုံးလုပ်သည့် Islamophobia ကိစ္စမှာလည်း ထင်ထင်ရှားရှား တွေ့နေရဆဲပင်။

Islamophobia သည် OIC အတွက် နိုင်ငံရေးနှင့်လူမှုရေးဆိုင်ရာ ပြဿနာအသွင်ဆောင်နေရသည်။ အိုအိုင်စီသည် ကုလသမဂ္ဂပြီးလျှင် မိမိအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ရပ်တည်နိုင်သည့် အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။

၎င်းအဖွဲ့အစည်းသည် အပြည်ပြည်ဆိုင်ရာသဘောတူညီချက်ဖြင့် ထိပ်တိုက်တွေ့ခြင်းမှန်သမျှရှောင်ရှားသည့် အပြုသဘောစေ့စပ်ရေးများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။

အစ္စလာမ်အပေါ်အမြင်မှားကြောက်ရွံ့မှုကို ရင်ဆိုင်ဖြေရှင်းမည့် အိုအိုင်စီ၏အခန်းကဏ္ဍအား ကိုင်ရိုထိပ်သီးဆွေးနွေးပွဲမှ ကြိုဆိုထောက်ခံလိုက်ပြီး အထွေထွေအတွင်းရေးမှူးချုပ်ကို လည်း သက်ဝင်လှုပ်ရှားလာအောင်ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။

အိုအိုင်စီသည် ဘာသာရေးအဖွဲ့အစည်းတစ်ရပ် မဟုတ်၊ ဘာသာတရားမှာ နိုင်ငံရေးအရရပ်တည်နေသော အဖွဲ့အစည်းနောက်ကွယ်မှ မရှိမဖြစ်လိုအပ်သည့် ကျစ်လစ် ညီညွတ်ရေး အား အင်တစ်ရပ်သာဖြစ်ကြောင်း ရှိုင်းခ်မှ ရှင်းလင်းပြောဆိုခဲ့သည်။

ပါကစ္စတန်သံအမတ် ဗိုလ်ချုပ် အဖ်သာ့ဗ် ခိုခါလည်း ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။ အခြား တက်ရောက်ကြသူများအနက် ဟဂ်ျရေးရာအုပ်ချုပ်မှုဒါရိုက် အဗူ အကစ်ဖ်၊ သံတမန်ရေးရာဒုဝန်ကြီး အင်မရာန် ဆွစ်ဒီကီ တို့လည်း ပါဝင်သည်။ ယင်းအစည်းအဝေးကို PEG အထွေအထွေအတွင်းရေးမှူး ရှရစ်ဖ်မှ ကြီးမှူးကျင်းပခဲ့သည်။ ဥက္ကဌ ဖြစ်သူ စိုင်ယဒ် မုသွဟီရ် ရိဇ်ဝီ မှ PEG ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှိုင်းခ်ထံသို့ တင်ပြခဲ့သည်။

Source : Saudi Gazette
M-Media Website တွင် ဖတ်ရန် =>http://www.m-mediagroup.com/news/20083

ပျံသန်းနေသော ရဟတ်ယာဉ်တစ်စီးပေါ်မှ ခရီးသည်တစ်ဦး ခုန်ချ

 

နိုဝင်ဘာ-၆ ၂၀၁၃
M-Media

Newport Beach ကမ်းခြေသို့ ပျံသန်းနေသည့် ရဟတ်ယာဉ်တစ်စင်းမှ ခရီးသည်တစ်ဦးမှာ ရဟတ်ယာဉ်တံခါးအားဖွင့်ကာ ခုန်ချခဲ့သည့် ဖြစ်ရပ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ သည်ဟုသိရသည်။

ခုန်ချခဲ့သူမှာ အသက် ၆၀ အရွယ်ရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုအမျိုးသားမှာ ၃၀-မိနစ်ကြာမြင့်သည့် ကမ်းခြေသို့သွားမည့် ရဟတ်ယာဉ် ခရီးစဉ်တွင် နှစ်ဦး လိုက်ပါရန် စာရင်းပေး ခဲ့သော်လည်း တစ်ဦးတည်း လိုက်ပါခဲ့ကြောင်း၊ ယမန်နေ့ ဒေသစံတော်ချိန် နေ့လည် ၁၂-နာရီ ၄၅-မိနစ်ခန့်က Fullerton လေယာဉ်ကွင်းမှ အဆိုပါရဟတ်ယာဉ်ပျံတက်ခဲ့ပြီး ၁၅-မိနစ်ခန့်ကြာပြီးနောက် လောယာဉ်ကြီးကြပ်သူမှ လူတစ်ယောက် ရဟတ်ယာဉ်ပေါ်မှ ခုန်ချသွားသည်ဟု သတင်းပေးခဲ့ကြောင်း ထို ရဟတ်ယာဉ်ကို မောင်းနှင် သည့် လေယာဉ်မှူးကပြေကြားခဲ့သည်။

အမြင့်ပေ ၅၀၀ ခန့်မှ ပယ်လယ်ထဲသို့ ခုန်ချခဲ့ခြင်းဖြစ်ပြီး၊ ထိုအမျိုးသားအား သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့သည်။ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်ဟု ယူဆရသည့် ထိုအဖြစ်အဖြစ်အပျက် အား စုံစမ်းစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Ref : Latimes

M-Media Website တွင်ဖတ်ရန်=>http://www.m-mediagroup.com/news/20080