သတင်းထောက်တစ်ဦး၏ မှတ်စု

Written by  လွန်းသစ်

သတင်းထောက်တွေရဲ့အသက်ဟာ သူတို့ရဲ့ဒိုင်ယာရီမဟုတ်ပါဘူး။ မှတ်စုစာအုပ်ပဲ ဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာတော့ အဲဒီမှတ်စုစာအုပ်ဆိုတာနဲ့စပြီး နိဒါန်းပျိုးလိုက်ပါတယ်။

သတင်းထောက်တို့ရဲ့လက်စွဲတော်မှတ်စုစာအုပ် (Reporter’s Notebook)

ဘာဖြစ်လို့ သတင်းထောက်တစ်ယောက်ရဲ့အသက်ဟာ Notebook ဖြစ်နေရသလဲဆိုတော့ အကယ်၍ လူတစ်ယောက်ဟာ (သတင်းထောက်အချင်းချင်းပဲဖြစ်ဖြစ်) သတင်းထောက်တစ်ယောက်ကို ဒုက္ခ ရောက်စေချင်တယ်ဆိုရင် အဲဒီသတင်းထောက်ရဲ့ Notebook ရယ်၊ ဖုန်းစာအုပ် (ကျွန်တော်တို့အခေါ် Source စာအုပ်) ရယ်နှစ်ခုလုံးစကိုသာ ၀ှက်ထားလိုက်၊ အဲဒီသတင်းထောက်ဟာ ဘယ်သတင်းမှလိုက် လို့မရအောင် အခက်တွေ့သွားစေပါတယ်။ ဒါကြောင့် သတင်းထောက်တွေဟာ သူတို့ရဲ့ Notebook နဲ့ Source စာအုပ်ကို ဘုရားစာအုပ်ထက် တန်ဖိုးထားတတ်ကြပါတယ်။ ပျောက်သွားရင် ဘယ်တော့မှပြန် ၀ယ်လို့မရ၊ အစားထိုးလို့လည်း မရတော့တဲ့အတွက်ပါ။

ဒါပေမဲ့ ဒီနေ့ ခေတ်ပေါ်သတင်းထောက်တချို့ကတော့ ဘယ်လိုဖြစ်တယ်မသိဘူး။ ပွဲတစ်ခုမှာ၊ ဒါမှ မဟုတ်၊ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာတွေ့လိုက်ရင် ဗ၄ စာရွက်ကို ခေါက်ပြီးရေးမှတ်နေတာပဲတွေ့ရ ပါတယ်။ ကျွန်တော် သတင်းထောက်ဖြစ်စက အဲဒီလိုမျိုးတွေတွေ့ရင် တော်တော်အံ့သြပါတယ်။ ကျွန် တော်တို့ သတင်းထောက်သင်တန်း၊ သတင်းလိုက်နည်း သင်တန်းတွေတုန်းက အဲဒီလိုမျိုးအချက် (စည်း ကမ်း)တွေကို ကျွန်တော်တို့ကိုသင်ပြပေးတဲ့ဆရာတွေက တိတိကျကျသင်ကြားပေးခြင်းခံထားရတော့ အဲဒီလိုမျိုးတွေမြင်ရင် ကျွန်တော့်အတွက်ဝေခွဲရခက်စေပါတယ်။ ပြီးတော့ အဲဒီလိုလုပ်နေတဲ့ သတင်း ထောက်တွေဆိုတာဟာလည်း တစ်ခါတလေမှာဂျာနယ်တိုက်တစ်တိုက်ရဲ့ အယ်ဒီတာအဆင့်ရှိတဲ့သူ တွေ ဖြစ်နေတတ်ပါတယ်။ အဲဒါဟာ သတင်းထောက်တွေမလုပ်သင့်တဲ့ တော်တော်ဆိုးတဲ့ အချက်တစ် ခုပါ။

ကြားဖြတ်ပြီး တစ်ခုပြောချင်ပါသေးတယ်။ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ လွတ်လာပြီးနောက်ပိုင်း တော် ၀င်စင်တာမှာ ၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲလုပ်တယ်ဆိုတာ ကြားကြပါလိမ့်မယ်။ အဲဒီမှာ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကအားပါတဲ့ စကားတစ်ခွန်း၊ နှစ်ခွန်းပြောလိုက်ရင် သတင်းထောက် တွေရော၊ အဲဒီပွဲကို ရောက်လာကြတဲ့သူတွေပါ ခဏခဏလက်ခုပ်တီးကြပါတယ်။ သူတို့ ပြောတဲ့ တချို့ စကားတွေဟာ တကယ်ကောင်းချီးပေးဖို့ကောင်းတဲ့စကားတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ သတင်းထောက်ဆိုတာဘယ်သူ့ကို ထောက်ခံပြီးတော့၊ ဘယ်သူပြောတာ သဘောကျပြီးတော့ အားပေးခြင်း၊ အော်ဟစ်ခြင်း၊ လက်ခုပ်တီးခြင်း မလုပ်ရပါဘူး။ တကယ်လို့ အားပေးချင်တယ်၊ လက်ခုပ် တီးချင်တယ်ဆိုရင် ကိုယ့်ရဲ့သတင်းလိုက်ချိန် မဟုတ်တဲ့ကိုယ်ပိုင်အချိန်တွေမှာ တခြားနေရာတွေမှာသာ ပြုလုပ်နိုင်ပါတယ်။ အဲဒီ (၈၈ မျိုးဆက်သတင်းစာရှင်းလင်းပွဲ) မှာ သတင်းထောက်တွေ လက်ခုပ်တီး တယ်ဆိုတဲ့ သတင်းဟာသတင်းစာ၊ ဂျာနယ်လောက၊ သတင်းထောက်လောကမှာ တော်တော်နာမည် ကြီးသွားပါတယ်။ ဆရာလူထုစိန်ဝင်းတောင် အဲဒါနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးလိုက်သေးတယ်။

ဒါတွေကို ဒီလိုပြောလို့ ဘယ်စာအုပ်ထဲမှာရေးထားလဲ၊ ဘယ်သူက ပြောလဲလို့ပြောရင် ကျွန်တော့်မှာ ဖြေစရာမရှိပါဘူး။ တိတိကျကျ ရေးထားတဲ့စာအုပ်လည်း မရှိပါဘူး။ ဒါပေမဲ့ သတင်းထောက်တွေမှာ၊ သတင်းလောကမှာ မပြောဘဲ၊ ရေးမထားဘဲ နားလည်ရမယ့် စည်းကမ်းတွေအများကြီးပါပဲ။ အဲဒါကို သတင်းထောက်တွေ သတင်းလိုက်နေရင်းသာ သင်ယူတတ်မြောက်ကြတာပါ။ ဘယ်သူ့ကိုမှ ဂရုမစိုက် ဘူး။သတင်းရေးနေရင် ပြီးရောဆိုတဲ့သတင်းထောက်တွေလည်း အများကြီး ရှိပါတယ်။

“ဟကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေရင်လည်း မတတ်နိုင်တော့ပါဘူး။ကျွန်တော် ပြောမိသွားပါ ပြီ”

ကျွန်တော်တို့ရဲ့ Notebook အကြောင်းကို ဆက်ပါမယ်ခင်ဗျာ။

သတင်းထောက်တွေရဲ့ Notebook တွေ ထဲမှာရက်စွဲတွေ၊ ဖုန်းနံပါတ်တွေ၊ ထင်တာတွေ လျှောက်ရေး ထားတာတွေ၊ ပန်းချီပုံတွေ၊ သတင်းအစတွေ၊ ပြောစကား (ကျွန်တော်တို့အခေါ်ကုတ် “Quote”) တွေ၊ အင်တာဗျူးတွေ၊ တခြားတခြား စုံစီနဖာတွေနဲ့ ပြည့် နှက်နေတတ်ပါတယ်။

နိုင်ငံတကာရဲ့အယူအဆ၊ ထုံးတမ်းစဉ်လာအရလည်း သတင်းထောက်ဒါမှမဟုတ် အယ်ဒီတာဒါမှမဟုတ် သတင်းစာတိုက်တွေ နဲ့ ပတ်သက်ပြီးတရားစွဲဆိုတဲ့ ကိစ္စတွေလိုမျိုးမှာတရားစွဲဆိုခံရတဲ့ သတင်းထောက် ရဲ့ Notebook ကိုသက်သေခံထားပါတယ်။ Notebook ကို အဓိကထားပြီး ကြည့်ပါတယ်။နောက်ပြီး တော့သတင်းထောက်ရဲ့သက်သေခံပစ္စည်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာတော့ သတင်းထောက်တွေဟာ Notebook ကို သိပ်ဦးစားမပေးကြပါဘူး။ နောက်ပြီးတော့ သတင်းနဲ့ ပတ် သက်ပြီးတော့လည်း ဒီနေ့ထက်ထိထူးထူးခြားခြား တရားစီရင်ခဲ့ရတဲ့ကိစ္စတွေလည်း မရှိတော့ Notebook ဟာအရောင်ညှိုးနွမ်းနေပါတော့တယ်။ (နုတ်ဘုတ်ရဲ့ ဘုန်းသမ္ဘာဟာအရောင် အ၀ါမတောက်ပနိုင်သေး ဘူးလို့လည်း ပြောနိုင်မပေါ့)

ဖုန်းနှင့် သတင်းလိုက်ခြင်း

သတင်းလိုက်တဲ့အခါ ဖုန်းနဲ့လိုက်ရတဲ့အခါတွေလည်း ရှိပါတယ်။ ဖုန်းနဲ့ သတင်းလိုက်တာကို သဘော မကျကြတဲ့သူတွေ (စာဖတ်ပရိတ်သတ်တွေ) လည်း ရှိပါတယ်။

ကျွန်တော်တို့ သတင်းထောက်တွေဟာ သတင်းကိုဘယ်တော့မှ ဖုန်းနဲ့မလိုက်ချင်ကြပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့မှားလွယ်လို့ပါ။ နောက်ပြီး ဘာသာစကားအကောက်အယူ၊ အသံနေအသံထား ကွဲပြားနိုင်လို့ ပါ။ အဲဒီနှစ်ခု လွဲသွားတာနဲ့ သတင်းဟာလွဲပါပြီ။ သူပြောတာက အပြုသဘောပြောတာ၊ အဲဒါကို ဖုန်းနဲ့ နားထောင်ရတော့ ကိုယ့်နားထဲမှာတစ်မျိုးကြားပြီး အဖျက်သဘောလို့ နားလည်လိုက်ပြီးရေးလိုက်ရင် သွားပြီပေါ့။ ပြောသူရဲ့ မျက်နှာကိုလည်း မြင်မှမမြင်ရတာကိုး။ ဘယ်လိုမှ မတတ်နိုင်ရင်တော့တဲ့အဆုံး ဒါမှမဟုတ် ရပ်ဝေးသတင်း၊ နယ်သတင်းတွေကိုသာ ဖုန်းနဲ့လိုက်လေ့ရှိပါတယ်။ ကျွန်တော်ရဲ့ အတွေ့ အကြုံလေးတစ်ခု ပြောပြချင်ပါတယ်။

လွန်ခဲ့တဲ့ ငါးလလောက်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခါဟာဆီနာ မြန်မာနိုင်ငံလာတုန်းက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ပါတယ်။ အဲဒီမှာ ဦးသိန်းစိန်က ဘင်္ဂလားဒေ့ရှ်က မြန်မာဒုက္ခသည် (ရိုဟင်ဂျာ) တွေကို မြန်မာနိုင်ငံထဲကို တရားဝင်ဝင်ခွင့်ပြုမယ်ဆိုပြီးတော့ ကတိပေးလိုက်ပါတယ်။ အဲဒီသတင်းကို ကျွန်တော် ရတာက  Hindu Times ရဲ့ twitter စာမျက်နှာကပါ။ (နောက်နေ့နိုင်ငံပိုင်သတင်းစာမှာတော့ “နှစ်နိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်းများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်” လို့သာ ရေးထားပါတယ်) သတင်းကြားကြားချင်း ဒီကိစ္စဟာချက်ချင်းရေးရမယ့်သတင်းလို့ ကျွန်တော်သဘောပေါက်လိုက်ပါ တယ်။ ကျွန်တော့်အယ်ဒီတာကလည်း လာပြောပါတယ်။ အဲဒီသတင်းကို ရေးကွာတဲ့။ အဲဒါနဲ့ သတင်း ရေးဖို့ ပြင်ရပါတယ်။

ဒီလိုသတင်းမျိုး ရေးရတဲ့နေရာမှာ ပုံစံလေးတွေရှိပါတယ်။ တကယ်လို့ ဒီနေရာမှာ Hindu Times က သတင်းကို တိုက်ရိုက်ဘာသာပြန်လိုက်ရင် ဒီသတင်းကဂျာနယ်ရဲ့ နောက်ကျော (Back Cover) ရောက် သွားမှာ ဖြစ်သလို၊ မြန်မာစာဖတ် ပရိသတ်တွေကသူတို့နဲ့ တိုက်ရိုက်ပတ်သက်မှု မရှိဘူးလို့လည်း အထင် ရောက်သွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ (အထူးသဖြင့် ဂျာနယ်တွေမှာပါလေ့ရှိတဲ့) နိုင်ငံတကာ သတင်းတွေကို ဖတ်တဲ့စာဖတ်ပရိတ်သတ်က နည်းပါတယ်။ ပြီးတော့ ပြည်တွင်းသတင်းစာမျက်နှာပေါ်မ ရောက်တော့သတင်းရဲ့အနီးအဝေးကွာဟမှု (Proximity) ဟာ လျော့ကျသွားပါမယ်။ သတင်းဆိုတာ စာ ဖတ်သူရဲ့ အနီးဆုံးမှာရှိလေ၊ အနီးဆုံးမှာဖြစ်နေလေ အဲဒီသတင်းဟာပိုပြီး တန်ဖိုးရှိလေပါပဲ။ ဒါမှ သူတို့ကို တိုက်ရိုက်သက်ရောက်မှာကိုး။ ဒါကြောင့် ကျွန်တော်ကဒီသတင်းနဲ့ ပတ်သက်ပြီး ဒေသခံ (ဒီကိစ္စဖြစ်ရင် အကျိုးသက်ရောက်မှုကို အဓိကခံရမယ့်သူတွေ) ရဲ့အသံ (ကုတ်-Quote) တွေထည့်ဖို့ စဉ်းစားပါတယ်။

ဘယ်သူတွေရဲ့အသံကဒီသတင်းကို ပိုပြီးကြွစေမလဲ။ ဒီသတင်းနဲ့ပတ်သက်ပြီး အဓိကထင်မြင်ချက်ပေး နိုင်မယ့် Source (သတင်းရင်းမြစ်) တွေက ဘယ်သူတွေလဲ။

သတင်းကိုပြန်ကြည့်တော့ တကယ်လို့ဒုက္ခသည်တွေကိုသာဝင်ခွင့်ပြုလိုက်ရင် ဘယ်နေရာတွေမှာ ပြဿနာရှိနိုင်လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အဓိကနေရာကရခိုင်ပြည်နယ်ပါ။ ဆိုတော့ ရခိုင်မှာရှိတဲ့ ဒေသခံတွေ၊ လွှတ်တော်အမတ်တွေ၊ ရခိုင်မှာနေထိုင်တဲ့ အစ္စလာမ်ကိုးကွယ်သူ တွေ၊ ကမန်လူမျိုးတွေကို ကျွန်တော်ဖုန်းနဲ့လှမ်းပြီး အင်တာဗျူးရပါတယ်။ အဲဒီမှာ စတော့တာပါပဲ။ ကျွန်တော်က ရခိုင်စကားအတန်အသင့် နားလည်ပါတယ်။ ဒါပေမဲ့တကယ့် နယ်စွန်နယ်ဖျားက တိုင်းရင်း သားတွေ ပြောလာပြီဆိုရင်တော့ တော်တော်လေးနားစွင့်ပြီး၊ ဂရုစိုက်ပြီး နားထောင်ရပါတယ်။ ရိုးရိုးသား သားပြောရရင် နားမလည်တာတွေက ပိုများပါတယ်။

နောက်ပြီးတော့ အဲဒီလို မေးခံရတဲ့သူဆီမှာရော၊ လက်ရှိအနေအထားမှာပါ ဖြစ်ပျက်မနေတဲ့ သတင်းမျိုး ကိုမေးရတာ တော်တော်ဆိုးပါတယ်။ သတင်းထောက်တွေအတွက် အခက်တွေ့စေတဲ့ အခြေအနေတစ် ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင် အဲဒါကိုမသိသေးဘူး။ ဒီကိစ္စ တကယ်ဟုတ်ရဲ့လား၊ မဟုတ် ဘူးလားဆိုတာကို သူတို့မသိတဲ့မျက်နှာလည်းမမြင်ရတဲ့ ကျွန်တော်သတင်းထောက်ပါဆိုတဲ့ ငတိလေး ကပြောနေတာဆိုတော့၊ သူတို့ကိုယ်တိုင်ပြောရမှာကို ခပ်ခက်ခက်ဖြစ်နေလေ့ ရှိပါတယ်။ နောက်ပြီး ဒေ သိယစကားသံတွေကို ခံစားမှုနဲ့ရောထွေးပြီး ပြောတဲ့အခါကျတော့ ကျွန်တော်တို့ဒီဖက်ကနားထောင်နေ ရတဲ့သူတွေ သေပြီပေါ့။

ကျွန်တော်မေးတဲ့သူဟာ ရိုဟင်ဂျာဆိုခဲ့ရင် ဒီလိုဦးသိန်းစိန်က ကတိပေးတဲ့အပေါ်ခင်ဗျားတို့အနေနဲ့ ဘယ် လိုသဘောရလဲပေါ့။ သူက ပြန်ဖြေမယ်။ “ကြိုဆိုပါတယ်။ ဒါမှမဟုတ် စဉ်းစဉ်းစားစားလုပ်ကြရမယ့်ကိစ္စ ပါ။ မဖြစ်နိုင်ဘူး” စသဖြင့် ရခိုင်တိုင်းရင်းသားတွေကို မေးမယ်ဆိုရင်လည်း “ဒီကိစ္စကို ကန့်ကွက်ပါတယ်။ ဒီကိစ္စဟာမဖြစ်သင့်တဲ့ ကိစ္စပါ။ လက်လွတ်စပယ် လုပ်လို့မရဘူး။ ဒါမျိုးဆိုတာ သေချာစဉ်းစားရပါမယ်” စသည်ဖြင့် ရခိုင်ပြည်နယ်လွှတ်တော်အမတ်တွေ၊ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ တိုင်းရင်းသားအမတ် တွေကိုလည်း မေးရပါတယ်။ နေရာစုံအောင်၊ နယ်ပယ်စုံအောင်လည်း မေးရပါတယ်။ ဘက်နှစ်ဖက်စလုံး ကိုလည်း မထိခိုက်ရစေတဲ့၊ ယုတ်္တိကျတဲ့၊ နှစ်ဘက်လုံးရဲ့ အသံတွေလည်းဖြစ်တဲ့၊ သတင်းခေါင်းစဉ်ကို တိုက်ရိုက် Support လုပ်ပေးနိုင်မယ့်အားရှိတဲ့ ကုတ် (Strong Quote) မျိုးကို ရအောင်မေးရပါတယ်။

ဖုန်းခွက်ပူလာအောင်မေး၊ ပြောတဲ့သူက ပြန်ပြော၊ နောက်ဆုံး ဒီသတင်းနဲ့ပတ်သက်ပြီး ကျွန်တော်လိုချင် တဲ့ရှုထောင့်ကို အတည်ပြုနိုင်ဖို့လူတစ်ယောက်ကို မိနစ် ၂၀ လောက် ပြောလိုက်ရပါတယ်။ လူ ၁၀ ယောက်လောက်ကို နယ်ပယ်စုံအောင်မေးရတာဆိုတော့ အဲဒီနေ့ကတော်တော် ခေါင်းခြောက်သွား ပါတယ်။ နားတွေလည်းအူလို့။ တကယ်လို့ ကျွန်တော်တို့ကမေးတယ်။ source က မပြောဘူး။ ထင်မြင် ချက်လည်း မပေးနိုင်ဘူးဆိုရင်တော့ အဲဒီသတင်းကိုလံကြုတ်လုပ်ပြီးရေးလို့ မရပါဘူး။ နောက်ရှုထောင့် (News Angle) တစ်မျိုးရေးနိုင်အောင် စဉ်းစားရပါတယ်။

ဒီလိုသတင်းမျိုးကို ဖုန်းနဲ့ပဲ လိုက်လို့ရမှာပေါ့ဗျာ။ ဒါမှမဟုတ်ရင်လည်း သတင်းကြားကြားခြင်း ရခိုင်အထိ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ ဟယ်လီကော်ပတာနဲ့သွား၊ ရခိုင်ဒေသခံများ၏ ရင်တွင်းခံစားချက်များဆိုပြီး တော့သူတို့ကို အင်တာဗျူး၊ ဒါမှမဟုတ် တိုက်ရိုက် Live လွှင့်ရတော့မှာပဲ။

ဘယ်လိုပဲဆိုဆို အဲဒီသတင်းကို ကျွန်တော်အောင်အောင်မြင်မြင်ရေးနိုင်ခဲ့ပါတယ်။


သတင်းထောက်တစ်ဦး၏ မှတ်စု (၂)

ဒီနှစ်ပိုင်းအတွင်း ကျွန်တော်တို့ သတင်းအသိုင်းအ၀ိုင်း၊ သတင်းလောကမှာ အပြောင်းအလဲတွေ တော်တော်များများ ဖြစ်သွားပါတယ်။

စာပေစိစစ်ရေးမရှိတော့တာ၊ ထုတ်တင်စနစ် ပျောက်သွားတာ၊ ပြည်ပမီဒီယာတွေ ပြည်တွင်းကို ရောက် လာတာ၊ မီဒီယာသမားတွေ ဆန္ဒပြတာ၊ ပုံနှိပ်မီဒီယာတွေကို တရားစွဲဆိုခံရတာစသည်ဖြင့် အမျိုးမျိုးအဖုံဖုံ နဲ့ အရင်ကမကြုံစဖူးတဲ့ အတွေ့အကြုံတွေရော၊ မသိသေးတဲ့ အကြောင်းအရာတွေရော စုံနေတာပါပဲ။

အဲဒီအထဲမှာပဲ သတင်းလောကသားတွေရော၊ သတင်းလောကက မဟုတ်သူတွေပါ ဝေခွဲရခက်စေတဲ့ အ ငြင်းပွားဖွယ်ရာ ကိစ္စတွေလည်း အများကြီးပေါ်ပေါက်လာပါတယ်။ အထူးသဖြင့်တော့ သတင်းလောက သားတွေဟာ Professional (ဒီစကားလုံးကို မြန်မာလိုပြန်ရင် အဓိပ္ပာယ်ပိုင်းမှာ အခက်အခဲရှိလို့ ဒီအတိုင်း ပဲသုံးခွင့်ပြုပါ) ဖြစ်ပြီလားဆိုတဲ့ ပြဿနာပါ။

နောက်ပြီးတော့ မြန်မာမီဒီယာသမားတွေဟာ Press Freedom တောင်းတယ်၊ စာပေစိစစ်ရေးမရှိအောင်လုပ်တယ်၊ ဆန္ဒပြတယ်ပေါ့။ ဒီလိုဆန္ဒပြတယ်ဆိုတာကရော သတင်းသမားတွေ လုပ်သင့်/ မလုပ်သင့်ဆို တဲ့အပိုင်းမှာရော ပြဿနာတွေ ဖြစ်ပေါ်လာပါတယ်။ Eleven Media ကတော့ ဒီလိုဆန္ဒပြမယ်ဆိုတာကို သူတို့အနေနဲ့ လက်မခံဘူးဆိုပြီး အတိအလင်းပြောထားတာတော့ ရှိပါတယ်။ ဒါကတော့ တစ်ပိုင်းပေါ့။

ဒီလိုဆန္ဒပြတယ်ဆိုတဲ့ကိစ္စကို ၀ါရင့်သတင်းလောကသား တစ်ဦးကတော့ ဒီလိုသုံးသပ်ပါတယ်။

“သတင်းသမားတွေ ဆန္ဒပြတယ်ဆိုတာကတော့ မဖြစ်သင့်ဘူး။ နောက်ပြီးတော့ သူများကို လက်ညှိုးထိုး နေတဲ့သူတွေက သူများတွေ ကိုယ့်ကိုပြန်လက်ညှိုးထိုးစရာ ဖြစ်လာမယ့်လုပ်ရပ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့လို့ နိုင်ငံသားအခွင့်အရေးအနေနဲ့ ဒါမှမဟုတ်၊ ကိုယ့်ရဲ့ Professional အတွက် ဆန္ဒပြတယ်ဆိုရင်တော့ ဒါ လုပ်သင့်တဲ့ကိစ္စလို့ ပြောပါတယ်။

ဒီမှာထပ်တလဲလဲ ကြားလာရပြန်တာက Professional ကိစ္စပါ။ လွန်ခဲ့တဲ့လအပိုင်းအခြား တစ်ခုလောက် က မြန်မာခရိုနီတစ်ယောက်က သတင်းသမားတွေကို “ပေးတာယူ၊ ကျွေးတာစား” ဆိုတဲ့အသုံးအနှုန်းမျိုး သုံးပြီးတော့ ပြစ်တင်ဝေဖန်လိုက်တဲ့ကိစ္စ ထွက်ပေါ်လာပါတယ်။ နည်းနည်းတော့ကြာပါပြီ။

အဲဒီကိစ္စဟာ သတင်းလောကမှာ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ပြဿနာကဒီလိုပါ။

သတင်းထောက်တွေဟာ ပွဲတစ်ခု၊ ဒါမှမဟုတ် သတင်းစာရှင်းလင်းပွဲတစ်ခုကိုသွားရင် အဲဒီပွဲကို ဦးဆောင် ကျင်းပတဲ့သူ၊ ဒါမှမဟုတ် သူဌေးတစ်ယောက်ကပွဲပြီးရင် ဒါမှမဟုတ် ပွဲမစခင်မှာအစားအစာ၊ ကော်ဖီစ သည်ဖြင့် ဧည့်ခံတတ်ကြပါတယ်။ ဒီလိုဧည့်ခံတယ်ဆိုတာကလည်း သူတို့သတင်းကိုရေးရင် အဆင်ပြေပြေ နဲ့ သူတို့ဘက်ကရေးပေးဖို့၊ သူတို့ကိုကောင်းအောင် ပြောပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ကများပါတယ်။ တစ် ခြားအကြောင်းအရာတွေလည်း ရှိတယ်ပေါ့လေ။ ဒါပေမဲ့ အဓိကအကြောင်း အရာကတော့ ဒီတစ်ခုပါပဲ။

သတင်းထောက်ဆိုတာကလည်း တစ်ချိန်လုံး ပြေးလွှားနေရတော့ အချင်းချင်းတွေ့ရင်တောင် (အချိန်ရရင် လက်ဖက်ရည်ဆိုင်ထိုင်၊ တစ်ခုခုစား) အဲလိုနေတတ်ကြတာပါ။ အချိန်မရရင်တော့ တစ်မျိုးပေါ့လေ။ ဆို တော့ ပွဲတွေရောက်ရင်ပွဲက ဧည့်ခံတဲ့ အစားအစာတွေကို စားတတ်ကြပါတယ်။ သောက်တတ်ကြပါတယ်။ ပြီးရင်တော့ သတင်းကိုအမှန်အတိုင်းပဲ ရေးတတ်ကြပါတယ်။ ဒီမှာသူတို့က ပြောစရာ ဖြစ်လာတယ်ပေါ့။ သူတို့ကကျွေးတယ်။ ဒါပေမဲ့ သတင်းထောက်တွေက သူတို့လိုချင်တာ မရေးဘူးပေါ့။

အဲဒီမှာပြဿနာတစ်ခု ရှိလာပါတယ်။ ပွဲတွေကကျွေးတဲ့ အစားအစာတွေကို သတင်းထောက်တွေအနေနဲ့ စားသင့်/ မစားသင့်ဆိုတာပါ။ တကယ့် Ethic အရတော့မစားရပါဘူး။ ပွဲတွေကပေးတဲ့၊ သူဌေး၊ သတင်း Source တွေကပေးတဲ့ လက်ဆောင်ကိုလည်း ယူခွင့်မရှိပါဘူး။ ဥပမာ ရှီရှဲဒိုးကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲ သွားတယ်ဆိုပါစို့။ အဲဒီပွဲမှာ မျက်နှာသစ်ဆေး၊ ဆပ်ပြာ၊ ဘော်ဒီလိုးရှင်းစသည်ဖြင့် မရဘဲမနေပါဘူး။ ဒါကို လည်း သတင်းထောက်တွေက ယူကြပါတယ်။ တစ်ခုပြောချင်တာက သတင်းထောက်တိုင်း မဟုတ်ပါဘူး။ ဒီလိုသတင်းထောက်တွေလည်း ရှိကိုရှိတယ်ဆိုတာပါ။

ဒါပေမဲ့ ခရီးသွားတယ်ဆိုပါစို့။ အဲဒီခရီးကဝေးတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်နေထိုင်လို့ မဖြစ်နိုင်ဘူး။ သူ တို့စီစဉ်ပေးတဲ့အတိုင်း နေရမယ်ဆိုတဲ့ နေရာမျိုးတွေကတော့ ချွင်းချက်ပေါ့။ နောက်တစ်ခုက အတင်းအ ကျပ်ပေးလာတာမျိုးကို အတတ်နိုင်ဆုံး ရှောင်ရှားကြရမှာပါ။ လုံးဝမဖြစ်နိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ယူကြရမှာပါ။

ဥပမာတစ်ခု ပြောပြချင်ပါတယ်။ ရွှေအမြူတေ စာပေဆုပေးပွဲဆိုပါတော့။ ဒီပွဲကို လာတဲ့သူတွေက ဆရာ မောင်ဝံသတို့က အစ၊ ဆရာမင်းလူစသည်ဖြင့် စာပေနယ်က ပုဂ်္ဂိုလ်တွေ၊ သတင်းလောကက ၀ါရင့်သ တင်းစာဆရာတွေပါ တက်ရောက်ကြပါတယ်။ အဲဒီလိုပွဲမျိုးမှာ သတင်းသွားယူတယ်ဆိုရင်တော့ အဲဒီပွဲမှာ ဆရာမောင်ဝံသကို ပုဆိုးတစ်ထည် လက်ဆောင်ပေးတယ်ပေါ့။ တခြားဆရာတွေကိုလည်း အဲဒီအတိုင်း ပေးတယ်ပေါ့။ အဲဒီအချိန်မှာ ကိုယ့်ကိုလည်း ပေးလာရင်တော့ တကယ်လို့ ကိုယ်မယူလိုက်လို့ရှိရင် ဆရာ တွေကို စော်ကားရာ ရောက်သွားမှာပါ။ ဒီလိုအခက်အခဲ၊ အကျပ်အတည်းတွေကတော့ ချွင်းချက်တွေပါ။

ထပ်ပြောရရင် သတင်းထောက်တွေဟာ၊ မည်သည့်အစားအစာကိုမျှ စားခွင့်မရှိသလို မည်သည့်လက် ဆောင်ကိုမျှ ယူခွင့်မရှိပါဘူး။

အဲဒီမှာယူပြီးရင် သူတို့ရေးခိုင်းတာမရေး၊ သူတို့ပြောချင်တာတွေ စာစော

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: