ရခိုင်တိုင်းရင်းသား တချို့ စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေကို အားကျနေသလား

ရခိုင်တိုင်းရင်းသား တချို့ စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေကို အားကျနေသလား
=================================
ဆောင်းပါးရှင် – စည်သူအောင်မြင့်
မြန်မာတိုင်းမ်

လူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုဟာ အခြားလူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့လုပ်ရပ်တွေကို လက်မခံနိုင်ဘူး၊ မုန်းတီးတယ်၊ စက်ဆုတ်ရွံရှာတယ်ဆိုရင် သူတို့လို လိုက်မလုပ်ဖို့ပါပဲ။ ဒါဟာ အလွန်ရိုးရှင်းတဲ့ ဥပဒေသပါ။ တချို့ကျတော့ လူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့လုပ်ရပ်ကို မကြိုက်ပေမယ့်၊ လက်မခံပေမယ့်၊ ရွံရှာမုန်းတီးပေမယ့် အသိစိတ်နဲ့ဖြစ်စေ၊ မသိစိတ်နဲ့ဖြစ်စေ အဲ့ဒီလုပ်ရပ်တွေအတိုင်း ထပ်တူလိုက်လုပ်မိတတ်ပါတယ်။ အဲလိုဖြစ်ခဲ့ရင်တော့ ပြုပြင်ဖို့ လိုပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ တာလီဘန်လို့ဆိုလိုက်ရင် အစ္စလာမ်အစွန်းရောက်တွေလို့ အားလုံးက နားလည်ကြပါတယ်။ တစ်ကြိမ်တစ်ခါက အာဖဂန်နစ္စတန်မှာ တိုင်းပြည်အာဏာရဖူးပြီး ဒီနေ့အချိန်ထိ အာဖဂန်နဲ့ပါကစ္စတန်နိုင်ငံ နယ်မြေအချို့မှာ လှုပ်ရှားနေဆဲရှိပါတယ်။ သူတို့ဟာ ခေတ်သစ်မှာ အစွန်းရောက်တဲ့ ရှေးရိုးရှားရီးယားဥပဒေကို ပြန်အသက်သွင်းလိုသူတွေဖြစ်ပြီး အမျိုးသမီးတွေ၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ရပိုင်ခွင့်ကို တားဆီးပိတ်ပင်လိုသူတွေ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ ဖြစ်ကြပါတယ်။ ဒီနေ့အချိန်ထိ သူတို့တွေ ကျင့်သုံးနေဆဲဓလေ့တွေကတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေအပါအ၀င် မယားလေးယောက် ယူနိုင်တာ၊ မိန်းမကို ဖောက်ပြားတယ်လို့ထင်ရင် ဖမ်းဆီး၊ လူမြင်ကွင်းမှာ ဦးခေါင်းပေါ်ရုံလောက် မြေမြှုပ်ပြီး ကျောက်ခဲနဲ့ မသေမချင်းပစ် အရေးယူတာမျိုးဖြစ်ပါတယ်။

ခေတ်သစ်မှာ သူတို့အဓိကလုပ်တဲ့အလုပ်တွေကတော့ သူတို့လူမျိုး၊ ဘာသာဝင်တွေ အပါအ၀င် ပြည်သူတွေကို ကူညီဖို့လာတဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းအမျိုးမျိုး၊ အင်န်ဂျီအိုအမျိုးမျိုးကို တားဆီးတာ၊ ပိတ်ပင်တာ၊ ရန်ရှာတာ၊ အလုပ်လုပ်လို့ မရအောင် နှောင့်ယှက်ခြိမ်းခြောက်တာ၊ နောက်ဆုံး တိုက်ခိုက်တာအထိ လုပ်လေ့ရှိပါတယ်။ လက်ရှိမြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက ရခိုင်တိုင်းရင်းသားအုပ်စု တချို့ရဲ့ လုပ်ရပ်တွေနဲ့ သွားဆင် တူနေတာ တွေ့ရပါတယ်။ ဘယ်အချက်မှာလည်းဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့က မြို့မိမြို့ဖ ဒေသခံတွေလို့ဆိုတဲ့ ကော်မတီတစ်ခုက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ၊ အင်န်ဂျီအိုအဖွဲ့တွေ လိုက်နာရမယ့်အချက်တွေဆိုပြီး ကြေညာချက်တစ်ခု ထုတ်ပါတယ်။ အဲဒီအချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိရင် ဒီဇင်ဘာ ၂၀ ရက်နောက်ဆုံးထားပြီး မြို့နယ်ထဲက ထွက်သွားကြဖို့ တောင်းဆို ပါတယ်။ တောင်းဆိုချက်တွေထဲပါတဲ့ အချက်ကတော့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအို အဖွဲ့တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ရာမှာ ဒေသခံတွေ ပါဝင်တဲ့ ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ဘက်လိုက်မှု မရှိဘဲ အချိုးညီမျှစွာနဲ့ ဆောင်ရွက်ပေးဖို့၊ ရခိုင်လူမျိုးတွေကို အကူအညီပေးတဲ့ပစ္စည်းနဲ့ အခြား အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး ဒီကော်မတီကို စီမံခန့်ခွဲခွင့်ပေးဖို့၊ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအို အဖွဲ့တွေက ကျေးရွာတွေမှာ သွားပြီး ကူညီတဲ့အခါ ကော်မတီက အနည်းဆုံး ငါးယောက်ကို အတူလိုက်ပါခွင့်ပြုဖို့၊ အကူအညီပေးမယ့် ပစ္စည်းတွေနဲ့ သိုလှောင်ထားရှိမှုအခြေအနေကို ကော်မတီကို အချိန်မရွေး ၀င်ရောက်စစ်ဆေးခွင့်ပေးဖို့၊ စီမံကိန်ကာလနဲ့အကူအညီပေးမယ့် အဖွဲ့အစည်းရဲ့နာမည် ကော်မတီကို အသိပေးဖို့၊ မြို့နယ်ကျော် အကူအညီပေးတာမျိုး လုံးဝမလုပ်ဖို့၊ အကူအညီပေးတာကို နံနက် ၆ နာရီကနေ ည ၆ နာရီအတွင်းပဲလုပ်ဖို့၊ အရေးပေါ်အကူအညီ လိုရင်တောင် ကော်မတီနဲ့ ချိတ်ဆက်ပြီးမှလုပ်ဖို့ စတဲ့ အချက်တွေပါပါတယ်။

ဒီတောင်းဆိုချက်တွေကိုကြည့်ရင် အရင် စစ်အာဏာရှင်တွေကို သတိရစေပါတယ်။ အာဖဂန်က တာလီဘန်တွေကို သတိရစေပါတယ်။ အရင် စစ်အာဏာရှင်တွေခေတ်တုန်းကလည်း နိုင်ငံတကာ အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေအနေနဲ့ ဒုက္ခရောက်နေသူတွေ၊ ဖျားနာသူတွေ၊ စစ်ဘေးဒဏ်ခံရသူတွေ၊ အကူအညီလိုအပ်နေသူတွေဆီ အကူအညီမပေးနိုင်အောင် ၊ မရောက်နိုင်အောင် စည်းကမ်းအမျိုးမျိုး ချမှတ်ပြီး တားဆီးပိတ်ပင်လေ့ရှိပါတယ်။ ထင်ရှားတဲ့သာဓကကြီး တစ်ခုကတော့ ဂလိုဘယ်လ်ဖန်းလို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ အလွန်ကြီးမားတဲ့ အကူအညီပေးရေးအဖွဲ့အစည်းကြီး မြန်မာနိုင်ငံထဲက ထွက်ခွာသွားရတဲ့အထိပါပဲ။ နောက်ထပ် ခါးသီးတဲ့ဥပမာ တစ်ခုကတော့ နာဂစ်လေမုန်တိုင်းဘေးဖြစ်ချိန် နိုင်ငံတကာကရော၊ ပြည်တွင်းက ပြည်သူတွေရော အကူအညီမပေးနိုင်အောင် တားမြစ်ပိုတ်ပင်ထားတဲ့ စည်းကမ်းချက်တွေကလည်း စောစောက မြောက်ဦးက ကော်မတီရဲ့ တောင်းဆိုချက်တွေနဲ့ သိပ်မတိမ်းမယိမ်းပါပဲ။ တာလီဘန်တွေကတော့ အဲဒီထက် ပိုဆိုးပါတယ်။ မိန်းကလေးငယ်တွေကို ပညာလာသင်ပေးတဲ့ အင်န်ဂျီအိုအဖွဲ့တွေ၊ ဆေးလာကုပေးတဲ့သူတွေကို ရန်ပြုတိုက်ခိုက်တာမျိုးအထိ လုပ်ကြပါတယ်။

အဲ့ဒီ ကော်မတီ ဆိုတာရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး မြောက်ဦးက အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေက လက်မခံကြပါဘူး။ ဒါဟာ အစိုးရအာဏာပိုင်တွေနဲ့ပဲ သက်ဆိုင်တဲ့အတွက် အစိုးရဖက်ကိုပဲ တင်ပြသင့်တယ်လို့ အကြောင်းပြန်ကြပါတယ်။ ဒီလို အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေဖက်က လက်မခံတဲ့အခါ ကော်မတီ ဘက်က နောက်တစ်ဆင့် တက်လာပြန်ပါတယ်။ ဒီတောင်းဆိုချက်တွေကကို လက်မခံတဲ့ အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေကို ဟိုတယ်တွေကနေ လက်မခံဖို့ ထပ်ပြီး ရာဇသံပေး တောင်း ဆိုလိုက်ပြန်ပါတယ်။ ကော်မတီ ဘက်က ဒါဟာ သတိပေးမှု၊ မလိုက်နာရင် ဆန္ဒပြမယ်လို့ ပြောထားပေမယ့် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။

တကယ်တော့ ဒီလိုဖြစ်ရပ်မျိုး၊ အလားတူဖြစ်ရပ်မျိုး ရခိုင်ပြည်နယ်မြို့နယ် အချို့မှာ လူပုဂ္ဂိုလ်တချို့ကလည်း လုပ်ခဲ့ဖူးပါတယ်။ ရခိုင်တိုင်းရင်းသား တချို့ဟာ ဘာကြောင့် လူသားချင်းဆိုင်ရာ အကူအညီပေးမှုတွေကို ရန်လိုနေရတာပါလဲ။ လူသားချင်းဆိုင်ရာ အကူအညီတွေဟာ ဒုက္ခသုက္ခရောက်နေတဲ့၊ စုတ်ပြတ်သတ်နေတဲ့၊ ပညာမဲ့နေတဲ့ ဘင်္ဂါလီ လူအုပ်စုကြီးဆီကို ရောက်မသွားရင် ရခိုင်ပြည်နယ်ကြီး ပိုပြီးဖွံ့ဖြိုါ်တိုးတက်လာမယ်လို့ ယူဆနေကြလို့လား၊ ရခိုင်တိုင်းရင်းသားတွေ ဘ၀ ပိုပြီး လုံခြုံအေးချမ်းစွာနေရမယ်လို့ မျှော်လင့်ကြလို့လား စသဖြင့် မေးခွန်း ထုတ်ရမလို ဖြစ်နေပါတယ်။ ဒါတင်မက ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေတင်မက ရခိုင်တိုင်းရင်းသားတချို့လည်း ဒုက္ခရောက်၊ အကူအညီလိုအပ်နေကြပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံ ပြည်နယ်၊ တိုင်းဒေသကြီးတွေထဲမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်နေပါတယ်။ အဲဒါ ဘင်္ဂါလီတွေ ဖန်တီးထားတာ မဟုတ်ပါဘူး။ ဖန်တီးနိုင်လောက်အောင်လည်း သူတို့လက်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့၊ အုပ်ချုပ်ရေး ယန္တရား၊ တရားစီရင်ရေးယန္တယား၊ စီးပွားရေးစွမ်းပကား ဘာတစ်ခုမှ ရှိကြတာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် ဆင်းရဲမွဲတေမှုတရားခံဟာ အရင် စစ်အာဏာရှင်အစိုးရပါ။ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီပြဿနာဟာလည်း တိုင်းပြည်ကို ရာစုနှစ်တစ်ဝက်ကျော် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် အဆက်ဆက်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကနေ ထွက်ပေါ်လာတဲ့အကျိုးဆက်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ရခိုင်ပြည်နယ် မြောက်ဦးက ကော်မတီ ဆိုတာနဲ့ အချို့ရခိုင်တိုင်းရင်းသားတွေရဲ့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေကို ပြုမူ ဆက်ဆံပုံဟာ အရင် စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေက အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေကို ဆက်ဆံပြုမူပုံနဲ့ သွားဆင်တူနေပါတယ်။ စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေရဲ့ လုပ်ရပ်တွေကို အားကျအတုယူလို့ကတော့ဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်သလို ပြဿနာတွေလည်း ပြေလည်ငြိမ်းအေးသွားမှာ မဟုတ်ပါဘူး။ ဒါတင်မက ရခိုင်တွေကိုယ်တိုင် ဘ၀လုံခြုံစိတ်ချအေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုကိုလည်း တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

( မြန်မာတိုင်းမ် ဂျာနယ်ပါ ဆောင်းပါးရှင်၏ အချက်အလက်များအတိုင်းဖြစ်ပါသည်။)


One response

  1. ရိုးသားမှုရှိရင်​​ တောင်းဆိုချက်​​တွေကို ချွင်းချက်​မရှိ လိုက်​​လျော​လိုက်​ပါ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: