ကုရ်အာန်၏ နိယာမတရား(၁၀)ပါး

(၂၄-၆-၁၉၅၂)မြန်မာ့အသံရေဒီယိုမှ ဟောကြားသောတရားတော်

သောတရှင်အပေါင်းတို့ခင်ဗျား . . .
ကုရ်အာန်ကျမ်းမြတ်၏ မုက္ခပါဌ်တော်တစ်ပါးကို မေတ္တာ လက်ဆောင်အဖြစ် ဆက်သပါရစေ။
ကုရ်အာန်ကျမ်းမြတ်သည် ကမ္ဘာသူ၊ ကမ္ဘာသားများ အတွက် ကမ္ဘာ့တစ်သက်လူတိုင်းလူတိုင်း ရင်ဆိုင်ရမည့်
လောကီရေးများနှင့် နောင်တမလွန်ဘ၀၌တွေ့ ကြုံရမည့် လောကုတ္တရာရေး များကိုပါ တိကျ ပြတ်သားစွာ
ရှင်းလင်း ဖော်ပြထားသော “အွမ်မွလ်ကိသားဗ်” “ဓမ္မပဒေသာ”ပင်ဖြစ်ပါသည်။
ကမ္ဘာသူ ကမ္ဘာသားများသည် တစ်မိတစ်ဖတည်းမှ ဆင်း သက် ပေါက်ဖွားလာကြသော ညီရင်းအစ်ကို
မောင်ရင်းနှမများဖြစ်ကြောင်း၊ ကမ္ဘာသူ ကမ္ဘာသားများသည် တစ်သင်းတစ်ဖွဲ့တည်းပင်ဖြစ်ကြောင်း၊
ကုရ်အာန်ကျမ်းမြတ်တွင် ပါရှိပေသည်။
ကမ္ဘာသူ ကမ္ဘာသားများသည် တစ်သင်းတစ်ဖွဲ့တည်းဖြစ်ရုံမက ညီရင်းအစ်ကိုများလည်း ဖြစ်ကြပါလျက်-
ယနေ့ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် သူတစ်လူငါတစ်မင်း အခင်းခင်းတို့၌ အချင်းချင်း ဗိုလ်လုလျက်-
တစ်ဦးနှင့်တစ်ဦး၊တစ်ဖွဲ့နှင့်တစ်ဖွဲ့၊တစ်ပြည်ထောင်နှင့်တစ်ပြည်ထောင် အာဏာလောဘဇောတိုက်၍
– တိုက်ကြ ၊ခိုက်ကြ ၊ သတ်ကြ ၊ ဖြတ်ကြ၊ မကြံစည်၊မကြံအပ်၊ မကြံရာသော လက်နက် ကြီးငယ်များကိုပင်
ရှာဖွေ စု ဆောင်းကြပြီးကမ္ဘာ့အိမ်ထောင်စုကြီးကို တမဟုတ်ခြင်းရွှေဘုံ ရွှေနန်း မဟုတ် “ပြာပုံ”လုပ်ရန်
ကြံစည်အားထုတ်နေကြသည်မှာဝမ်းနည်းကြေကွဲစရာပင်။
အကြောင်းသော်ကား-
– ကျွန်ုပ်တို့သည် မိမိတို့၏ မူရင်းအဖြစ်တွေကို မေ့ပျောက်ကြလေပြီ။
– အိမ်ထောင်သားချင်း သူစိမ်းပြင်ပြင် ဆက်ဆံကြလေပြီ။
– မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ တရားများနှင့်ကင်းကွာကြလေပြီ။
– အချင်းချင်းအထင်မှားအမြင်မှားဖြစ်ပြီး တာဝန်တွေပျက်ကွက်ကြလေပြီ။
-တာဝန်ကျေပွန်သည်နှင့်အမျှ သုခ ခံစားရမည်။
တာဝန်ပျက်ကွက်သည်နှင့်အမျှဒုက္ခတွေ့ ကြုံရမည်။
ကမ္ဘာ့အိမ်ထောင်စုကြီးတွင် သာမန်ဆင်းရဲသားတစ်ယောက် မှ နိုင်ငံတော်သမ္မတကြီးအထိ
လူတိုင်းလူတိုင်း မကင်းကွာနိုင်သော တာဝန် ၀တ္တရား (၁၀) ပါးရှိ၏။


(၁) အလ္လာဟ်အရှင်မြတ်၏တာဝန်
(၂) မိဘများ၏တာဝန်
(၃) ဆွေမျိုးများ၏တာဝန်
(၄) မိဘမဲ့များ၏တာဝန်
(၅) ဆင်းရဲသားများ၏တာဝန်
(၆) ဆွေမျိုးတော်သော အိမ်နီးချင်း၏တာဝန်
(၇) ဆွေမျိုးမတော်သောအိမ်နီးချင်း၏တာဝန်
(၈) လုပ်ဖော်ကိုင်ဖက်များ၏တာဝန်
(၉) အာဂန္တုများ၏တာဝန်
(၁၀) အစေခံများ၏တာဝန်
ဤဖော်ပြပါ တာဝန်ဝတ္တရားများကို အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်
အမျိုးသမီးကဏ္ဍ ပါဒ (၃၆)တွင် အသေးစိတ် ရှင်းလင်းဖော်ပြထားတော်မူသည်။


၁။ ပထမ-အလ္လာဟ်အရှင်မြတ်၏တာဝန်


အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာခ၀ပ်ကိုးကွယ်ကြ ရမည်။
ခ၀ပ်ကိုးကွယ်ရာ၌ ထိုအရှင်မြတ်နှင့်အတူ မည်သည့် အရာကိုမျှ
အတုအဖက်ထား၍ သဒ္ဓါမြတ်နိုးရှိခိုးပူဇော်ခြင်း အလျဉ်း မပြုကြလင့်။
ထိုအရှင်သည်သာလျှင် ကျွန်ုပ်တို့အား ဖန်ဆင်းတော်မူ၍
ဖြောင့်မတ်မှန်ကန်သောတရားလမ်းကိုညွှန်ကြားပြသတော်မူ၏။
ထိုအရှင်သည်သာလျှင်ကျွန်ုပ်တို့အားခဲဖွယ်ဘောဇဉ်များနှင့်
ချိုအေးသောရသာရည်များကိုတိုက်ကျွေးတော်မူ၏။
ရောဂါဝေဒနာစွဲကပ်ပြန်လျှင်လည်း ထိုအရှင်သာလျှင်ချမ်းသာ ပေးသနားတော်မူ၏။
ထိုအရှင်သာလျှင်ကျွန်ုပ်တို့အားသေစေတော်မူပြီးတစ်ဖန် ပြန်လည် ရှင်စေတော်မူမည်။
ကမ္ဘာ့တရားစီရင်မည့်နေ့၌ မိမိတို့သည် မိမိတို့၏အပြစ်များ မှချမ်းသာခွင့်ရရန်
ထိုအရှင်ကိုသာလျှင် မှီခိုအားထားကြရမည်။
သို့ဖြစ်ရာ ဤမျှ အနန္တဘုန်းတေဇောနှင့် ပြည့်စုံတော်မူသော မဟာကရုဏိကအလ္လာဟ်အရှင်မြတ်အား
ယုံယုံ ကြည်ကြည် နှစ်နှစ် သက်သက် အမြဲတစေ သဒ္ဓါ မြတ်နိုး ခ၀ပ် ရိုကျိုး ရှိခိုး ပူဇော် ကြရမည်။
ဤသည် ကျွန်ုပ်တို့၏ ပထမအကြီးဆုံး တာဝန်ပင်ဖြစ်သည်။


၂။ ဒုတိယ-မိနှင့်ဖ၏တာဝန်


အသင်တို့သည် ကျေးဇူးရှင် မိခင်ဖခင်များ၏ ၀တ်ကြီး ၀တ်ငယ်များကို ကောင်းစွာပြုကြရမည်။
အသင်၏အရှင်က ဆုံးဖြတ်တော်မူသည်မှာ
အသင်တို့သည် ထိုအရှင်မှတစ်ပါး အခြားကို အလျဉ်းမကိုးကွယ်ကြရ၊
မိဘ နှစ်ပါးအား ကောင်းစွာပြုစုကြ၊ အကယ်၍ မိခင်၊ ဖခင်များ အနက်
တစ်ပါးပါးဖြစ်စေ၊ နှစ်ပါးလုံးဖြစ်စေ၊ သင်တို့၏ မျက်မှောက်သက်ရွယ်ကြီးရင့်
အိုမင်းခြင်းသို့ရောက်ကြသည် ရှိသော် သင်တို့သည် ထိုသက်ကြီးတို့၏
ဝတ်ကြီး ၀တ်ငယ်ကို ပြုစုရသည့်အတွက် စိတ်နှလုံးမချမ်းမသာ ညည်းညူ
မြည်တမ်းမှုကို မပြု ကြလင့်။ မရိုမသေ ငေါက်ငမ်းခြင်းလည်း မပြု ကြ လင့်။
ဂါရ၀တရား အမြဲရှေ့ထား၍ ရွှင်ရွှင်ပြပြ ချိုပြုံးသော မျက်နှာဖြင့် ပီယ၀ါစာ
ချိုမြလေသော စကားများကိုသာ ပြောဆိုကြရမည်။
သင်တို့သည် မိဘတို့ရှေ့မှောက် ၀င်ရောက်နေထိုင်သော အခါ
ဂါရ၀ နိဝါတ၊ ရိုသေစွာ နေထိုင်ကြရမည်။
မိဘနှစ်ပါးအတွက် အရှင့်ထံ ဤသို့ဆုပန်ကြရမည်။
အို- အရှင်၊
ဤမိဘနှစ်ပါးသည် ကျွန်တော်မျိုးတို့ကို ဖ၀ါး လက် နှစ်လုံး
ပုခုံးလက်နှစ်သစ်က ယုယပိုက်ထွေး ၀ါးဖတ် ကျွေး၍ ငယ်စဉ် တောင်ကျေး
ကလေးဘ၀မှလူလားမြောက်သည်အထိ ပြုစု ပျိုးထောင် မွေးမြူကြည့်ရှုသကဲ့သို့
ကိုယ်တော်သည်လည်း ထိုမိဘနှစ်ပါးအပေါ်ဝယ် သနား ကြင်နာကရုဏာ ပြုတော်မူပါ။ )
(ကုရ်အာန်-၁၇း၂၃၊၂၄)
“သားသမီးများ၏သုခဘုံသည်မိခင်များ၏ဖ၀ါးအောက်၌ရှိသည် ” ဟု
တမန်တော် မုဟမ္မဒ်သခင် မိန့်မှာတော်မူခဲ့၏။


၃။ တတိယ-ဆွေမျိုးများ၏တာဝန်


အသင်တို့သည် ဆွေမျိုးများနှင့် ကောင်းမွန်စွာ ဆက်ဆံ ပေါင်း သင်း ကြရမည်။
ကမ္ဘာ့အိမ်ထောင်စုကြီးတွင် မည်သူမျှ ဆွေမျိုးနှင့်မကင်းနိုင်။ မခေါ်ချင်လျှင်ဖြစ်၏။
မတော်ချင်၍မဖြစ်။ မိမိ၏ ရင်းချာသော ဆွေမျိုးများ အပေါ်ဝယ် အကောင်းမပြုနိုင်သောသူသည်
အခြားသူများအပေါ်ဝယ် အဘယ်မှာလျှင် အကောင်းပြုနိုင်အံ့နည်း။
ဆွေမျိုးများ၏တာဝန်နှင့် ပတ်သက်၍ တမန်တော် မုဟမ္မဒ် သခင် မိန့်မှာတော်မူခဲ့သည်။
-အချင်းချင်း သုံးရက်ထက်ပို၍ အဆက်ဖြတ်ခြင်း၊
ကင်းကွာ နေခြင်းမှာ လုံးဝခွင့်မရှိ။
အချင်းချင်းအဆက်မဖြတ်ကြကုန်လင့်၊
နောက်ကွယ်အတင်းမပြောကြကုန်နှင့်။
မမုန်းတီးကြကုန်လင့်။
ဝန်တိုမိစ္ဆာစိတ် မထားကြကုန်လင့်။
အို-အရှင်၏ကျေးကျွန်အပေါင်းတို့၊
အသင်တို့သည် အချင်းချင်း ညီရင်း အစ်ကိုများဖြစ်ကြကုန်။
ဤကား ဆွေမျိုးများ၏ တာဝန်ပင်။


၎။ စတုတ္ထ-မိဘမဲ့များ၏တာဝန်


အသင်တို့သည် မိဘမဲ့ကလေးများကို ကြည်ကြည်ဖြူဖြူ ပြုစုကြရမည်။
မိတဆိုးဖတဆိုး ခိုကိုးရာမဲ့သော ကလေးများကို
အနိုင်အထက် ညှဉ်းပမ်း နှိပ်စက်ခြင်းမပြုကြလင့်။
မိတဆိုးဖတဆိုးခိုကိုးရာမဲ့ကလေးများ၏ဥစ္စာပစ္စည်းများကို
စော်စော်ကားကားမတရားသုံးစွဲစားသောက်နေသောသူများသည်
မည်သည့် အဟာရကိုမျှ စားရာမမည်။
အမှန်သော်ကား ယင်းတို့ သည် မီးကိုသာ စားသုံးကြရာမည်၏။
ယင်းတို့သည် အလျှံပြောင်ပြောင်တောက်လောင်သောငရဲသို့လားကြရမည်။
ဤတွင် မိဘမဲ့များ၏ တာဝန်မကျေပွန်သူများအတွက် ရင်လေးဖွယ်ပင်။
မိဘမဲ့ကလေးများကို တရားသဖြင့် ပြုစုသော သူသည်
သုခဘုံ တွင် ငါမုဟမ္မဒ် နှင့်အတူ ပူးပူးကပ်ကပ် စံမြန်းကြရမည်။
သို့ဖြစ်ရာ မိဘမဲ့များ၏ တာဝန်ကျေပွန်သူများအတွက် ၀မ်းသာစရာပင်။


၅။ ပဉ္စမ-ဆင်းရဲသားများ၏ တာဝန်


ဆင်းရဲသူ ဆင်းရဲသားများနှင့် ကောင်းမွန်စွာ ဆက်ဆံရမည်။ ကမ္ဘာ့အိမ်ထောင်စုကြီးတွင်
ဆင်းရဲသားများသည် အများစုကြီးဖြစ်ရာ ဆင်းရဲသား ပြဿနာသည် အကြီးဆုံး ပြဿနာဖြစ်နေသည်။
တမန်တော် မုဟမ္မဒ်သခင်သည် ဆင်းရဲသားနှင့်ပတ်သက်ပြီး ဤသို့ မိန့်မှာခဲ့တယ်။
“လုပ်သားအား ချွေးမခြောက်မီ လုပ်ခပေးပါ။”
တမန်တော်မုဟမ္မဒ်သည် ဆင်းရဲသားများနှင့်ပင်အတူနေ၊အတူစား အတူသွားလာပြီး
မိမိကိုယ်တော်တိုင်ဆင်းဆင်းရဲရဲနေထိုင်သွားရှာတော် မူခဲ့သည်။
“ ဆင်းရဲမှုသည်ငါ၏ဂုဏ်ဒြပ်တစ်ခုပင်” ဟု
မိန့်ကြားကာဆင်းရဲမှုကိုပင်ဂုဏ်ယူတော်မူခဲ့တယ်။
ဤမျှမက- “ဆင်းရဲသားများနှင့်ပင်အတူတူနေပါရစေ၊ အတူသေပါရစေ၊ အတူထပါရစေ”ဟု
အရှင့်ထံ ဆုပန်သွားရှာတယ်။
ယခုခေတ်သည် ငွေခေတ်၊ ရွှေခေတ်၊ ရာထူးခေတ်ဖြစ်ရာ
ဆင်းရဲသူ ဆင်းရဲသာများကို အတော်ပင် အထင်အမြင်သေးကြသည်။
ဆင်းရဲသားများကို အထင်မသေးကြပါနှင့်။
ဆင်းရဲသားများ သည် တစ်သက်လုံး ဆင်းရဲနေမည်မဟုတ်ပါ။
တစ်ရက်ချမ်းသာနိုင်ပါသည်။ မင်းအမတ်လည်းဖြစ်နိုင်ပါသည်။
ဘုရင့်နောင် ဆင်ဖြူရှင် မင်းတြားကြီးသည် အထိန်းတော်၏ သားမျှဖြစ်၏။
အလောင်းဘုရားသည် ဆင်းရဲသားဘ၀မှ မင်းဖြစ်ရ၏။
အမတ်ကြီး ၀န်ဇင်းမင်း (ဘိုးရာဇာ) သည် လယ်ထွန်ရာက
ရွှေနန်းတော်သို့ တက်ရ၏။
“ယောက်ျားတို့ဘုန်း၊ ချိန်ဆုံခါသင့် ပန်းနှယ် ပွင့်တတ်၏”။
ဒါကြောင့် အပေါ်ယံကြည့်ကာ အဘယ်ယောက်ျားမျိုးကိုမျှ အထင် မသေးအပ်။
ကမ္ဘာ့ရာဇ၀င် ပြန်လည်သုံးသပ်ကြည့်လျှင် မတရား ဖိနှိပ် ချုပ်ချယ်ခြင်းကို ခံနေရသော
ဆင်းရဲသားများအား အလ္လာဟ်အရှင် မြတ်သည် အမြဲမြှောက်စားတော်မူခဲ့၏။
(ကမ္ဘာမြေပြင်တွင်ဖိနှိပ်ချုပ်ချယ်ခံနေရသောဆင်းရဲသားများအား ငါအရှင် ကရုဏာပြုတော်မူအံ့။
ငါအရှင်သည် ထိုဆင်းရဲသားများအား ကမ္ဘာ့အမွေထိမ်းများ အဖြစ် ခန့်အပ် တော်မူမည်။
ငါအရှင်သည် ထိုဆင်းရဲသားများအား ကမ္ဘာမြေပြင်တွင် နေရာ ချ ထားပေးသနားတော်မူအံ့။
၎င်းင်းနောက်ငါအရှင်သည်မာနရှင်(ဖိရ်အောင်န်)၊ဓနရှင်(ဟာမာန်) နှင့် သူတို့၏ အပေါင်းပါများအား
ဆင်းရဲသားလူထုကြီးဘက်မှ ဒင်းတို့ စိုးရိမ်ကြောင့်ကြနေသော ဘေးဒုက္ခများကို မျက်ဝါးထင်ထင်ပြတော်မူအံ့။)
(ကုရ်အာန်-၂၈း၅၊၆)
ဤကား ဆင်းရဲသားများ၏ တာဝန်ပင်။


၆။ဆဋ္ဌမ -ဆွေမျိုးတော်စပ်သောအိမ်နီးချင်းတာဝန်


ဆွေမျိုးတော်စပ်သည့် အိမ်နီးချင်းများနှင့် အထူးတလည် ကောင်းမွန်စွာ ဆက်ဆံကြရမည်။
သာရေးနာရေးများတွင် ကူညီ ယိုင်းပင်း ကြရမည်။ “အရပ်ကောင်းမှ အလောင်းလှ” ဆိုသလို
အရပ်နှင့်ကင်းကွာလို့မဖြစ်။
ဒါကြောင့်တမန်တော် မုဟမ္မဒ်သခင် မိန့်မှာခဲ့သည်။
ကျမ်းသစ္စာ သုံးကြိမ်တိတိ ကျိန်ဆိုပြီး မိန့်မှာခဲ့သည်မှာ-
အိမ်နီးချင်းကို ဒုက္ခပေးသောသူသည် “မုအ်မင်န်” မဟုတ်။
အိမ်နီးချင်းကို ဒုက္ခပေးသောသူသည် သုခဘုံသို့ ၀င်ရမည်မဟုတ်။]


၇။သတ္တမ-ဆွေမျိုးမတော်သောအိမ်နီးချင်းများ၏တာဝန်


ဆွေမျိုးမတော်သည့် အိမ်နီးချင်းများနှင့်လည်း ကောင်းမွန်စွာ ဆက်ဆံရမည်။
ဆွေမျိုးတော်သည်ဖြစ်စေ၊ မတော်သည်ဖြစ်စေ၊
ဘာသာ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊
လူမျိုးတူသည်ဖြစ်စေ၊ မတူသည် ဖြစ်စေ
မည်သူကိုမျှ ဒုက္ခမပေးအပ်၊
ဘာသာရေး အယူသီးမှု၊ လူမျိုးရေး မုန်းတီးမှု လုံးဝမရှိအပ်၊
ဒါ့ကြောင့် တမန်တော် မုဟမ္မဒ်သခင် မိန့်မှာခဲ့သည်။
“သင်တို့သည် ဘာသာရေးအယူသီးမှုကို သတိကြီးစွာဖြင့် ရှောင်ရှားကြလော့၊
ရှေ့ခေတ်လူများသည် ဘာသာရေး အယူသီ်းမှု ကြောင့်ပင် အပျက်ကြီး ပျက်စီးခဲ့ကြ၏။”
မိမိအတွက် နှစ်ခြိုက်သောအရာကို အများအတွက် မနှစ်ခြိုက် သမျှ ကာလပတ်လုံး
မွတ်စ်လင်မ် မဖြစ်နိုင်။

အသင်တို့သည် ကမ္ဘာသူ ကမ္ဘာသားများအား သနားကြ။
ငါအရှင် အသင်တို့အား သနားတော်မူမည်။
ကမ္ဘာသူ ကမ္ဘာသားများအား မသနားသူအား
ငါအရှင်သည်လည်း သနားတော်မူမည်မဟုတ်။

ဘာသာခြား အိမ်နီး ချင်းများကို ထားဘိဦးလော့။
တမန်တော်သည် မိမိ၏ရန်သူ ကြီးငယ်များအတွက်ပင် ဆုပန်ရှာ၏။
ဤသည်ကား အိမ်နီးချင်းများ၏ တာဝန်ပင်။
၈။ အဋ္ဌမ-လုပ်ဖော်ကိုင်ဖက်များ၏တာဝန်
မိမိ၏လုပ်ဖော်ကိုင်ဖက်များနှင့်လည်း ကောင်းစွာဆက်ဆံ ကြရမည်။
ရှေးက အလွန်ချစ်ခင်ရင်းနှီးသော မိတ်ဆွေတစ်ဦးအား ယနေ့ ရွှေ၊ ငွေမရှိသည့်အတွက်
သူစိမ်းပြင်ပြင် ပစ်ပယ်မထားသင့် ပါ။
အင်္ဂလိပ်ပညာရှိကြီးတစ်ဦးဖြစ်သူ (၀ီလျံဂေါင့်)က မိမိ၏ ကိုယ်တွေ့ ကို ဤသို့ဖော်ထုတ်ရေးသား၏။
ကျွန်ုပ်ပျက်စီးသောအခါကျွန်ုပ်အား ချစ်ပါသည်၊ ခင်ပါသည်ဟုပြောဆို သူများနှင့် ကျွန်ုပ်အား
အစဉ်ချီးကျူးနေသောသူများသည်ကျွန်ုပ်၏ အတွေ့ကိုပင် မခံလိုကြ၊
ဤသည် လူတို့၏ စိတ်ပညာ တစ်ရပ်ပင်။ ဒါကြောင့်၊ ကြီးပွားချမ်းသာလိုလျှင် သာပေါင်းညာစား
အချောင်သမား များအားရှောင်ရှား၍ မိမိကိုယ်ကိုသာလျှင် မိမိအားကိုး လုပ်ကိုင်ပါ။
နောက်ဆုံးတွင်“သာပေါင်းညာစားအချောင်သမားဝါဒ”လုံးဝ ပပျောက်ရန်အလို့ငှာ
တမန်တော်မြတ်သည်အတိအလင်းဤသို့မိန့်မှာခဲ့သည်။
မိမိအတွက် နှစ်ခြိုက်သောအရာကို မိတ်ဆွေအတွက် မနှစ်ခြိုက် သည်နှင့်အမျှ (ဘယ်သောအခါမျှ)
“မုအ်မင်န်”မဖြစ်နိုင်။ (၀ါ) အရာရာတွင် စာနာခြင်းတရား အမြဲထားရမည်။
ဤကား လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများ၏ တာဝန်ပင်။
၉။ န၀မ -အာဂန္တုများ၏ တာဝန်
ခရီးသည် အာဂန္တုများနှင့်လည်း ဖော်ဖော်ရွေရွေပျူပျူငှာငှာ ဆက်ဆံကြရမည်။
“မိမိတို့နေအိမ်သို့ ဒုက္ခသည် အာဂန္တုတစ်ဦး ဆိုက် ရောက်လာလျှင်သုံးရက်တိတိဧည့်ခံ ကျွေးမွေးရမည်”ဟု
တမန်တော် မုဟမ္မဒ် မိန့်မှာခဲ့သည်။
ဇကားသ်ခေါ် မပေးမနေရ ဆင်းရဲသား ဒါနကြေးများကိုပင် ဒုက္ခသည် အာဂန္တုများအားပေးရန်
ကုရ်အာန် ကျမ်းမြတ်တွင် အတိ အလင်းပါရှိသည်။
တမန်တော် မုဟမ္မဒ်သခင်သည် မိမိကိုယ်တိုင်မစားဘဲ မိမိ၏ စားဖွယ်သောက်ဖွယ်များကို
အာဂန္တုများအား ကျွေးလေ့ရှိ၏။
၁၀။ ဒသမ-အစေခံများ၏တာဝန်
မိမိတို့လက်အောက် ခိုင်းစေသော အစေခံကျေးကျွန်များ နှင့်လည်း ကြည်ကြည် ဖြူဖြူ ချစ်ချစ် ခင်ခင် ဆက်ဆံကြရမည်။
တမန်တော် မုဟမ္မဒ်သခင်သည် ကွယ်လွန်အနိစ္စရောက်ခါနီး ဆဲဆဲ အချိန်မှာပင် ဤသို့မှာကြားသွားတော်မူခဲ့၏။
“အသင်တို့သည် အလ္လာဟ်အရှင်အား ခ၀ပ်ကိုးကွယ်ကြ ရမည်။
ထို့နောက်အသင်တို့ လက်အောက်ဖြစ်သောကျေးကျွန် ငယ်သားများကို ကောင်းစွာ ထားကြရမည်”။
ကျေးကျွန်များနှင့် တမန်တော်၏ဆက်ဆံမှုသည် ကမ္ဘာ့ တစ်သက် မေ့နိုင်စရာ အကြောင်းမရှိ။
တမန်တော်၏ အိမ်တော်တွင် “ဇိုက်ဒ်” မည်သောကျွန်တစ်ယောက်ရှိခဲ့ဘူး၏။
ထို “ဇိုက်ဒ်” သည် အဆက်ဆက်က ကျွန်ဖြစ်ခဲ့၏။
(ပထမ) တမန်တော်သည် “ဇိုက်ဒ်” အား သူကောင်းပြု၏။
တမန် တော် ၏ ယုယမှု ကြောင့် “ဇိုက်ဒ်”သည် မိဘထံမပြန် တမန်တော်ထံ နေမြဲနေ၏။
(ဒုတိယ) တမန်တော်သည် “ဇိုက်ဒ်”အား သား အဖြစ်မွေးစားတော်မူ၏။
(တတိယ) တမန်တော်သည် ကုရိုင်ရှီဆွေတော်မျိုးတော်မှ မိမိနှမတော် “ဇိုင်နဗ်”နှင့်
“ဇိုက်ဒ်”အား ထိမ်းမြားပေး တော်မူခဲ့၏။
(စတုတ္ထ) တမန်တော်သည် ရောမ စစ်ပွဲတွင် အဂ္ဂမဟာ သာဝက များအား နောက်လိုက်
တပည့်များအဖြစ်ထားတော်မူပြီး “ဇိုက်ဒ်”၏သားအားစစ်ဗိုလ်ချုပ်ကြီး အဖြစ် ခန့်အပ်တော်မူ၏။
(ပဉ္စမ) ကုရ်အာန်ကျမ်းမြတ်ကို ရေးမှတ်ရာ၌ “ဇိုက်ဒ်”အား ဗျာဒိတ် တော်ရေးအဖြစ် ခန့်အပ်တော်မူ၏။
(ဆဋ္ဌမ) ကုရ်အာန် ကျမ်းမြတ်တွင် မည်သည့်သာဝက၏ နာမကို ထုတ်ဖော်ရေးသား ထားသည်မရှိ သို့သော်
“ဇိုက်ဒ်” ၏ နာမကိုကား ကုရ်အာန် ကျမ်းမြတ် စစ်တပ်များ ကဏ္ဍ ပါဒ (၃၇) တွင် ထင်ထင်ရှားရှား တွေ့ရှိရ၏။
ထိုကဲ့သို့ သာမန်ကျွန်တစ်ယောက်အား
သူကောင်း အဖြစ်၊
သားအဖြစ်၊
ဆွေတော်မျိုးတော်အဖြစ်၊
စစ်ဗိုလ်ချုပ်ကြီးအဖြစ်၊
ဗျာဒိတ် တော်ရေး အဖြစ်နှင့်
ကုရ်အာန်ကျမ်းမြတ်တွင် နာမကိုပါ ထုတ် ဖော်၍ ကမ္ဘာ့ တစ်သက် ဥဒါန်းတွင်စေခြင်းသည်
ကျေးကျွန်များအား မြှောက်စားတော် မူခြင်း မဟုတ်ပါလော၊
ဤကား အစေခံများ၏ တာဝန်ပင်။

ဖော်ပြပါအကြောင်းကြောင်းတွေကြောင့်လူထု၏တာဝန်များနှင့် ပတ်သက်၍
အချုပ် အားဖြင့် တမန်တော်မုဟမ္မဒ်က မိန့်မှာခဲ့သည်။
“လူထု၏ခေါင်းဆောင်သည်လူထု၏အကျိုးဆောင်သူသာဖြစ်သည်”
တာဝန်မကျေ၊အမှတ်တမဲ့နေ၍ မော်မော်ကြွားကြွားစော်စော်ကား ကားပြုလုပ်ပြောဆိုသူများကို
အလ္လာဟ်အရှင်မြတ်သည်အလျဉ်း ချစ်ကြည် မြတ်နိုးတော်မူသည်မဟုတ်။
(ကုရ်အာန်-၄း၃၆)
သို့ပါ၍ ဖော်ပြပါအတိုင်းကမ္ဘာ့အိမ်ထောင်စုကြီးတွင်
အပြန်အလှန် စောင့်သိရိုသေအပ်သော (၁၀)ပါးသော တာဝန်များကို
ကျွန်ုပ်တို့သည် ဦးလည်မသုန်ကျေပွန်စွာထမ်းဆောင်ကြရမည်၊၊
သို့တာဝန်ကျေပွန်ခြင်းဖြင့်-
– အလ္လာဟ်အရှင်မြတ်လည်းနှစ်မြို့တော်မူပေမည်။
– ကျေးဇူးရှင်မိဘနှစ်ပါးကလည်း ချစ်ကြည် မြတ်နိုးကြပေမည်။
– ဆွေမျိုးများကလည်းချစ်ခင်ကြမည်။
– မိဘမဲ့ ကလေးများကလည်း ၀မ်းသာကြမည်။
– ဆင်းရဲသားများကလည်း ကျေနပ်ကြမည်။
– ဘာသာတူဘာသာခြားအိမ်နီးချင်းများကလည်းခင်မင်ကြမည်။
– လုပ်ဖော်ကိုင်ဖက်များကလည်း ကြည်ဖြူကြမည်။
– အာဂန္တုများကလည်း ကျေးဇူးတင်ကြမည်။
– အစေခံများလည်းပျော်ရွှင်ကြမည်။
အိမ်ထောင်စုကြီးအတွင်း အချင်းချင်း ဤမျှဆက်ဆံမှု ကောင်းလာသည့်အခါ
ယခုဖြစ်ပွားနေသော ပဋိပက္ခမှုများသည် အလိုအလျောက် ပျောက်ကွယ်သွားပြီး
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများ ပြန်လည်ရရှိကြပေမည်၊၊
ကာယပဿဒ္ဓိစိတ္တံပဿဒ္ဓိကိုယ်၏ငြိမ်းချမ်းခြင်း၊ စိတ်၏ငြိမ်းချမ်းခြင်းရရှိပြီး
ပီတိသောမနဿဖြစ်ကာတကယ့်ငြိမ်းချမ်းရေး အစစ်အမှန်ကိုရရှိပေမည်။
ဒါကြောင့် လူတိုင်းလူတိုင်း အပြန်အလှန် စောင့်သိရိုသေအပ်သော(၁၀)ပါးသော
တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေ ဟု
ဆုမွန်တောင်းကာ နိဂုံးချုပ်လိုက်ပါသည်။
( ဃာဇီ မုဟမ္မဒ် ဟာရှင်မ် )
အထွေထွေအတွင်းရေးမှူး
ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ် အိုလမာအဖွဲ့ချုပ်
၁၉၅၂ခုနှစ် ၊ ဇွန်လ ၊ ( ၂၄ ) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: