အစ္စလာမ်နှင့် အမျိုးသမီး (သီရိပျံချီ အလ္လာမဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ်)

အစ္စလာမ်နှင့် အမျိုးသမီး

“အစ္စလာမ်”သာသနာသည် ကမ္ဘာ့လူသားထုကြီး တစ်ရပ် လုံးအား တတန်းတစားတည်း ဖြစ်စေလို၏။ “အစ္စလာမ်”တွင် အနိမ့်၊ အမြင့်၊ဘုရင်၊သူတောင်းစား၊သူဌေး၊သူဆင်းရဲ၊ဇာတ်နိမ့်၊ဇာတ်မြင့်၊ ပညာရှိ၊ပညာမဲ့၊အမျိုးသမီး၊အမျိုးသား အားလုံးတို့သည် တန်းတူပင် ဖြစ်ကြပေသည်။ “အစ္စလာမ်”၏ တရားဓမ္မ၊ အဆုံးအမ၊ ဥပဒေ စည်းမျဉ်း၊ အမိန့်ပညတ်၊ ကျင့်စဉ် ကျင့်ရပ် အားလုံးတို့တွင် ဤသည့် အချက်ကို အထင်အရှားတွေ့ရှိရပေသည်။ စကြ၀ဋ္ဌာတစ်ဝန်းနှင့်တကွ လူသားအားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများ သာဖြစ်သည်။ အမျိုးသမီး၊အမျိုးသားအားလုံးတို့သည် ဖခင်ကြီး အာဒမ်နှင့် မိခင်ကြီး ဟောင်ဝါ၏ သားသမီးများသာ ဖြစ်ကြပေသည်။ လူသားအားလုံးတို့သည် တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်တန်းစားတည်းဖြစ်ကြပေသည်။ အမြင်မှန် – ရရှိမှု၊ မရရှိမှု၊ အကျင့်အမူ-ကောင်းမှု၊ မကောင်းမှုအားဖြင့်သာလျှင် လူသားတို့သည် တစ်ဦးထက်တစ်ဦးသာကြပေသည်။ အမြင်မှန်ရရှိ၍ အကျင့်အမူ ကောင်းသောသူများသာလျှင် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပုဂ္ဂိုလ်မွန်ပုဂ္ဂိုလ်မြတ်မည်ကြသည်။

အတိတ်ခေတ်အမျိုးသမီးတို့၏ ကြေကွဲဖွယ်အဖြစ်

အစ္စလာမ်သာသနာမထွန်းကားမီ အီဂျစ်၊ဘာဘီလုံ၊အီရန်၊ ယူနန်၊အိန္ဒိယစသည့်နိုင်ငံကြီးများတွင် လူနေမှုအဆင့်အတန်းသည် အတော်ပင်မြင့်မားခဲ့ကြပေသည်။ သို့ရာတွင် ယင်းသည့် တိုးတက် မြင့်မားမှုများတွင် အမျိုးသမီးများသည် မည်သည့်အစိတ်အပိုင်း၌မျှ မပါဝင်ခဲ့ကြပေ။ မပါဝင်ခဲ့ကြသည်သာမဟုတ်၊ အမှန်မှာ အမျိုးသမီးများအား မတရားလျစ်လျူပြုထားခဲ့ခြင်းနှိမ်ထားခဲ့ခြင်းသာ ဖြစ်ပေသည်။
အတိတ်ခေတ်များတွင် နိုင်ငံကြီးများသည် အမျိုးသမီးတို့အား အမျိုးမျိုးမြင်ခဲ့ကြပေသည်။ အမျိုးသမီးတို့နှင့် ပတ်သက်၍ အမျိုးမျိုး ထင်မြင်ယူဆခဲ့ကြလေသည်။ အမျိုးသမီးတို့နှင့် အမျိုးမျိုး ဆက်ဆံ ခဲ့ကြလေသည်။

– ကမ္ဘာ့အရှေ့ပိုင်း၌ အချို့နိုင်ငံများတွင် အမျိုးသမီးသည် အမျိုးသားများအဖို့ “အမည်းစက်ကြီး”ဖြစ်သည်ဟု ယူဆခဲ့သည်။

– ရောမနိုင်ငံတွင် အမျိုးသမီးသည် “အိမ်အသုံးအဆောင်ပစ္စည်း” ဖြစ်သည် ဟုယူဆခဲ့သည်။

– ယူနန်ပြည်တွင် အမျိုးသမီးအား “ရှိုင်တွာန်” ခေါ်ခဲ့သည်။

– အတိတ်ခေတ် အချို့ကျမ်းများတွင် “အမျိုးသမီးများသည် ထာဝရကျိန်ဆဲမှုကို ခံအပ်သည်၊ အမြဲထာဝစဉ် ကရုဏာတော်နှင့် ကင်းဝေးအပ်သည်”ဟု ဆိုထားသည်။

– အချို့ကျမ်းစာများတွင် “အမျိုးသမီးသည် လူ့ပန်းခြံ၏ ဆူးညှောင့်ဖြစ်သည်” ဟု ဆိုထားသည်။

– ဥရောပကမူ အမျိုးသမီးသည် “ကိုးကွယ်ရာ”တမျှဖြစ်သည်ဟု ဆိုခဲ့သည်။

အမျိုးသမီးများနှင့်ပတ်သက်၍ အစ္စလာမ်၏ သဘောထား

“အစ္စလာမ်”၏ယူဆချက်မှာမူ အားလုံးနှင့်မတူတစ်မူထူးသည်။ “အစ္စလာမ်”က အမျိုးသမီးနှင့်အမျိုးသားတို့သည် ဖခင်ကြီး အာဒမ်နှင့် မိခင်ကြီးဟောင်ဝါ၏ သားသမီးများဖြစ်ကြသည်။ မောင်ရင်းနှမများ ဖြစ်ကြသည်။ အညမညဖြစ်ကြသည်။ အမျိုးသမီးသည် အမျိုးသမီး ဖြစ်သည်။ အမျိုးသားသည် အမျိုးသားဖြစ်သည်။ တာဝန်အသီးသီး အခွင့်အရေး အဖုံဖုံရှိကြသည်။ အမျိုးသမီးသည် အိမ်ရှင်မဖြစ်သည်။ နူးညံ့သိမ်မွေ့သည်၊ အိမ်ထောင်စုသာယာမှု၏ သော့ချက်ဖြစ်သည်ဟု ဆိုသည်။
ဗုခါရီကျမ်းကြီးတွင်လာရှိသည်မှာ သာဝကကြီး အုမရ် က-
“ကျွန်ုပ်တို့သည် အမိုက်ခေတ်၌ မက္ကဟ်မြို့တွင် အမျိုးသမီးများအား လုံးဝ တန်ဖိုးမထားခဲ့ကြပါ။ မဒီနာဟ်မြို့တွင် အမျိုးသမီး၏ တန်ဘိုးအနည်းငယ်ရှိခဲ့သည်။ အစ္စလာမ် သာသနာ ထွန်းကားလာပြီး အမျိုးသမီးများနှင့် ပတ်သက်၍ မုက္ခပါဌ်တော်များ ကျရောက်လာသောအခါကျမှ အမျိုးသမီးများ၏ တန်ဖိုးကို သိလာ ခဲ့ကြရပါသည်”ဟု ထုတ်ဖော်ပြောကြားခဲ့ဖူးလေသည်။

“အစ္စလာမ်”သာသနာ မထွန်းကားမီ အမိုက်ခေတ်တွင် မိစ္ဆာဝါဒီများသည် သမီးမွေးလျှင် မျက်နှာမသာခဲ့ကြပေ။ သမီးငယ် များကို အရှင်လတ်လတ်ပင် မြေမြှုပ်လေ့ရှိခဲ့ကြသည်။
ဤသည် အမိုက်ခေတ်တွင် အမျိုးသမီးတို့၏ ကြေကွဲဖွယ် ဘ၀ဖြစ်သည်။

တစ်နေ့ခရီးသွားနေခိုက် တမန်တော်မြတ်က ကုလားအုတ် ကြိုးကိုင်အား-
“အို-အန်ဂျရှဟ်၊ သတိ၊ ဤအမျိုးသမီး များသည်အလွန်ကြည်လင်တောက်ပနူးညံ့သိမ်မွေ့လှသော ကြေးမုံ(မှန်) ကလေးများဖြစ်ကြသည်။ ၎င်းင်းတို့နှင့် ယဉ်ကျေးသိမ်မွေ့စွာဆက်ဆံပါ။ ၎င်းင်းတို့အားထောက်ထားညှာတာပါ”ဟု မိန့်ကြား၍ အမျိုးသမီးတို့အား အမွှမ်းတင်တော်မူခဲ့သည်။
အမိုက်ခေတ်တွင် အမျိုးသမီးတို့အပေါ်ထား ရှိသော သဘောထားနှင့် တမန်တော်မြတ်၏ သဘောထားမှာ မိုး-မြေတမျှ ကွာခြားနေသည်ကို ကောင်းစွာ သိနိုင်ပေသည်။

“အစ္စလာမ်”သာသနာသည် အမျိုးသမီးတို့အတွက် အချို့ အခွင့်အရေးများကိုသတ်မှတ်ပေးခဲ့သည်သာ မဟုတ်။ အမျိုးသမီး တို့အား မိမိတို့၏ နယ်ပယ်၊ မိမိတို့၏ ဘောင်တွင် နေထိုင်လျက် အမျိုးသားတို့နှင့် တန်းတူအခွင့်အရေးပေးကာ လူ့အဆောက်အဦ ကြီးကို ပြည့်ဝစုံလင်စေခဲ့သည်။ အမျိုးသမီးတို့အား အထွတ်အထိပ် သို့ ရောက်အောင် ပို့ဆောင်ခဲ့သည်။

တမန်တော်မြတ်က –
ယောက်ျားသည် မိမိ၏ အိမ်သူ အိမ်သားများ အပေါ်တွင် ထိန်းသိမ်းစောင့်ရှောက်သော အကြီးအကဲ ဖြစ်သည်။ယောက်ျားသည် မိမိ၏အိမ်သူအိမ်သားများနှင့် ပတ်သက်၍ တာဝန်ကျေ-မကျေ မေးမြန်းခြင်း ခံရမည်။ မိန်းမသည် မိမိခင်ပွန်း၏ အိမ်၏ အိမ်ရှင်မဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်သော အကြီးအကဲ ဖြစ်သည်။ မိန်းမသည် မိမိအိမ်ထောင် ထိန်းသိမ်းရေးနှင့် စပ်လျဉ်း၍ တာဝန်ကျေ-မကျေမေးမြန်းခြင်းခံရမည်ဖြစ်သည်”ဟုမိန့်ကြားတော်မူခဲ့လေသည်။
(ဗုခါရီကျမ်း)

ဂျန္နတ်သည် မိခင်မွန်တို့၏ ဖ၀ါးအောက်တွင်ရှိသည်။
(မွတ်စလင်မ်ကျမ်း)

အချို့ တိုင်းပြည်များတွင် စံမတူအောင် တိုးတက်ခဲ့ကြသည် မှာမှန်ပါ၏။ သို့ရာတွင် ယင်းတိုးတက်မှုများ၌ အမျိုးသမီးများ အဘယ်ကဏ္ဍတွင် ပါဝင်ခဲ့ကြပါသနည်းဟု မေးလျှင် အဖြေကား “နတ္တိ”မရှိဟူ၍ပင် ရရှိပေမည်။
“အစ္စလာမ်”ကား ဤသို့ မဟုတ်ပေ။

“အစ္စလာမ်”သာသနာ ထွန်းကားလာသည့်အခါ အမျိုးသား တို့အား အမျိုးသားတို့ ရသင့် ရထိုက်သော အခွင့်အရေးများကို ကျပ်ပြည့်ပေးခဲ့သကဲ့သို့ အမျိုးသမီးတို့အားလည်း အမျိုးသမီးတို့ ရသင့် ရထိုက်သော အခွင့်အရေးများကို ကျပ်ပြည့်ပေးခဲ့ပေသည်။ “အစ္စလာမ်”၏ ကျေးဇူးကြောင့် အမျိုးသမီးတို့သည် ကမ္ဘာ့သမိုင်းတွင် စံမတူအောင် ဆောင်ရွက်နိုင်ခဲ့ကြသည့် အောင်မြင်မှုများသည် ကမ္ဘာ့သမိုင်းတွင် အထင်အရှားပင်။
ဤတွင် တမန်တော်မြတ်လက်ထက်ရှိ အချို့ မွတ်စလင်မ် အမျိုးသမီးများ၏ ဆောင်ရွက်ချက်များကို အနည်းငယ် ဖော်ပြလိုပေသည်။

အမျိုးသမီးနှင့် သာသနာရေးစစ်

သာသနာရေးကိစ္စများတွင် ဓမ္မန္တရာယ်များကို သုတ်သင် ရှင်းလင်းသော “ဂျိဟာဒ်” ခေါ် အစ္စလာမ်သာသနာရေးစစ်သည် အခက်ဆုံးကိစ္စပင် ဖြစ်ပေသည်။ တမန်တော်မြတ်ဧမ”လက်ထက်၌ မွတ်စလင်မ်အမျိုးသမီးတို့သည်လည်း မိမိတို့အသက်တမျှ ယုံကြည် မြတ်နိုးသော အစ္စလာမ်သာသနာကို ကာကွယ်ထိန်းသိမ်းရန်အတွက် တာဝန်သိသိ၊ သစ္စာရှိရှိနှင့် သာသနာရေး စစ်ပွဲများတွင် စွမ်းစွမ်းတမံ ပါဝင်ဆင်နွှဲခဲ့ကြပေသည်။ မိမိတို့၏ စွမ်းရည်သတ္တိများကိုလည်း ကမ္ဘာသိအောင် ပြနိုင်ခဲ့ကြပေသည်။

“အုဟုဒ်”စစ်ပွဲတွင် အချို့မွတ်စလင်မ်စစ်သည်များ၏ တာဝန် ပေါ့လျော့မှုကြောင့် ရန်သူများသည် စစ်ရေးသာလာခဲ့ကြ၏။ တမန်တော်မြတ်ထံသို့ဦးတည်ပြီးလျှင်ဝိုင်းဝန်းတိုက်လာခဲ့ကြ၏။ တမန်တော်မြတ်ထံပါးတွင်လည်း အသေခံစစ်သည် အနည်း ငယ်သာကျန်ရှိတော့၏။ ထိုအချိန်တွင် မွတ်စလင်မ် အမျိုးသမီးတစ်ဦး ဖြစ်သော အွန်မုအမရာဟ်သခင်မသည် လေးတူးနှင့် ဓားလွယ်ကို ဆွဲကိုင်၍ တမန်တော်မြတ်အနီးသို့ရောက်ရှိ လာခဲ့၏။ မိမိ၏ ရင်ကိုမြေကတုတ်လုပ်ကာ ရန်သူများအား ခုခံတိုက်ခိုက်ခဲ့၏။ တမန်တော်မြတ်အား မိမိအသက်နှင့် လဲ၍ ကာကွယ်ခဲ့၏။ ပြင်းထန်စွာ ဒဏ်ရာဒဏ်ချက်များ ရရှိခဲ့၏။
အွန်မု အမ္မရာဟ် သခင်မသည် “မုစိုင်လမဟ်” စစ်ပွဲတွင်လည်း သတ္တိပြောင်မြောက်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့၏။ ဒဏ်ရာ(၁၂)ချက်တိတိရရှိခဲ့၏။ လက်တစ်ဘက်ပြတ်သွားခဲ့၏။

“ခန်ဒတ်က်”စစ်ပွဲတွင် ဆွဖီယဟ်သခင်မသည် ပါဝင် ဆင်နွှဲခဲ့သည်။ အမျိုးသမီးများရှိရာသို့ ရန်သူများ ရောက်လာသည့်အခါ စစ်ပရိယာယ် အမျိုးမျိုးကျင့်သုံး၍ ရန်သူများအား အံ့ဖွယ်သရဲ တွန်းလှန် ကာကွယ်နိုင်ခဲ့သည်။ မိမိတို့ထံသို့ တိုးဝင် လာသော ရန်သူတစ်ဦးအား သတ်ဖြတ်ကွပ်မျက်နိုင်ခဲ့သည်။

“ဟုနိုင်န်”စစ်ပွဲတွင် အွန်မုစုလိုင်မ်သခင်မသည် ဓားမောက်ဆွဲကိုင်၍ ပါဝင်ဆင်နွှဲခဲ့သည်။

သမတကြီး အုမရ်သခင် လက်ထက်တွင် ဖြစ်ပွား ခဲ့သော “ယရ်မူက်” စစ်ပွဲတွင်
အတ်စ်မာ သခင်မ(သာဝကကြီး အဗူဗကရ်၏ သမီး)၊အွန်မုအဗာန်သခင်မ၊အွန်မုဟကီမ်သခင်မ၊ ခေါင်လဟ်သခင်မ၊ ဟင်န္ဒသခင်မ၊
ဂျုဝိုင်ရီယဟ်သခင်မ(တမန်တော်မြတ်၏ ကြင်ရာတော် )တို့သည် သတ္တိပြောင်မြောက်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသည်။
အတ်စ်မာသခင်မသည် လက်နက်မရှိသည့် အဆုံးတွင် တံတိုင်းများဖြင့် ရန်သူ(၉)ယောက်တို့အား အံ့ဖွယ်သရဲ ရိုက်သတ် နိုင်ခဲ့ပေသည်။
မွတ်စလင်မ်အမျိုးသမီးတို့သည် မြေပြင်စစ်ပွဲများတွင်သာ ပါဝင်ဆင်နွှဲခဲ့ကြသည်မဟုတ်၊ ရေပြင်စစ်ပွဲများတွင်လည်း ပါဝင် ဆင်နွှဲခဲ့ကြပေသည်။(Cyprus)ကျွန်းတွင် စစ်ပွဲဖြစ်ပွားခဲ့၏။ ထိုစစ်ပွဲတွင် အွန်မုဟရာမ်သခင်မသည် ပါဝင် ဆင်နွှဲခဲ့ပေသည်။
စစ်ပွဲများတွင် မွတ်စလင်မ်အမျိုးသမီးများသည် စစ်သည် များအား ရေတိုက်ခြင်း၊ ဒဏ်ရာရသူများအား ဆေးပေးခြင်း၊ ကုသခြင်း၊ ကျဆုံးသော စစ်သည်များနှင့် ဒဏ်ရာရသူများအား စစ်မြေပြင်မှ နေရာရွှေ့ပြောင်းပေးခြင်း၊ မြားများ ကောက်ပေးခြင်း၊ စားရေး သောက်ရေး စီစဉ်ပေးခြင်း၊ ထမင်းဟင်းချက်ပြုတ်ခြင်း၊ သင်္ချိုင်းတွင်းတူးခြင်း၊ စစ်သည်များအား အားပေးစကားပြောခြင်း စသည့်ကိစ္စများကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြပေသည်။

အာအိရှဟ်သခင်မ၊ အွန်မုစုလိုင်မ်သခင်မ၊ အွန်မုစလီတ်သခင်မတို့သည် “အုဟုဒ်”စစ်ပွဲတွင် ဒဏ်ရာ ရသော စစ်သည်တော်များအား ရေတိုက်ခဲ့ကြ၏။အွန်မုစုလိုင်မ်သခင်မနှင့် အန်ဆွာရီ အမျိုးသမီး များသည် ဒဏ်ရာရသော စစ်သည်တော်များအား ဆေးထည့်ပေး ခဲ့ကြ၏။ ယင်းသို့ဆေးထည့်ကုသပေးနိုင်ရန်အတွက် တမန်တော်မြတ်နှင့် အတူတကွ စစ်ပွဲများတွင် အမြဲတစေ ပါဝင်ဆင်နွှဲခဲ့ကြ၏။
အွန်မုအတွီယဟ်သခင်မသည် စစ်ပွဲ(၇)ပွဲတွင် စစ်သည်တော်များအား ထမင်းချက်၍ ကျွေးမွေးခဲ့၏။

“ယရ်မူက်”စစ်ပွဲတွင် တပ်စိတ်တစ်စိတ်သည် တဖြည်းဖြည်း နောက်သို့ဆုတ်လာရင်း ကြင်ရာတော်များရှိရာ စခန်းသို့ ရောက်ရှိလာ သောအခါ ဟင်န္ဒသခင်မ၊ ခေါင်လဟ်သခင်မနှင့် အခြားအမျိုးသမီးများက စိတ်ဓာတ်တက်ကြွစေသော လင်္ကာများ ရွတ်ဆို၍ အားပေးခဲ့ကြ၏။

အမျိုးသမီးများနှင့် သာသနာဖြန့်ချီမှု

သာသနာဖြန့်ချီခြင်းသည် အစ္စလာမ်သာသနာ၏ အဓိက အချက်တစ်ရပ်ဖြစ်သည်။ ဤကိစ္စကိုလည်း မွတ်စလင်မ် အမျိုးသမီး များသည် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ကြပေသည်။

(ခတ်တွာဗ်၏သမီး)ဖွှာတွိမဟ်သခင်မ၏ ကြိုးပမ်းမှု ကြောင့် သာဝကကြီးအုမရ်သည် အစ္စလာမ် သာသနာကို သက်ဝင် ယုံကြည်လာ ခဲ့ပေသည်။

စုအ်ဒါသခင်မ၏ ဟောညွှန်ပြမှုကြောင့် သာဝကကြီး အုဆ်မာန်သည် မွတ်စလင်မ်ဖြစ်လာခဲ့ပေသည်။

အွန်မုစုလိုင်မ်သခင်မ၏ တရားပြမှုကြောင့် သာဝကကြီး အဗူတွာလ်ဟဟ်သည် အစ္စလာမ်ဘောင်တွင်း သို့ရောက်ရှိလာခဲ့ပေသည်။

သာဝကကြီး အတ်က်ရမဟ်သည် ၎င်းင်း၏ဇနီး အွန်မုဟကီမ်သခင်မ၏ ဟောပြောမှုကြောင့် အစ္စလာမ် သာသနာကို သက်ဝင် ယုံကြည်လာခဲ့ပေသည်။

အွန်မုရှရီက်သခင်မသည် အစ္စလာမ် သာသနာကို လျှို့ဝှက်စွာဖြင့်ဖြန့်ချီလေ့ရှိခဲ့ပေသည်။ များစွာသော ကုရိုက်ရှ်မျိုးနွယ် ၀င် အမျိုးသမီးများ အစ္စလာမ် သာသနာအတွင်းသို့ ရောက်ရှိလာခဲ့ ခြင်းမှာ အွန်မုရှရီက်သခင်မ၏ ကျေးဇူးပင် ဖြစ်ခဲ့ပေသည်။

အမျိုးသမီးများနှင့် တိုင်းပြည်ထိန်းသိမ်းမှု

တိုင်းပြည်ကို မယိမ်းယိုင်အောင် ထိန်းသိမ်းကာကွယ်ခြင်းသည်လည်း အစ္စလာမ်၏အရေးကြီးသော အချက်တရပ်ပင် ဖြစ်သည်။မွတ်စလင်မ်အမျိုးသမီးများသည် ဤကိစ္စကိုလည်း ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြပေသည်။
အထူးသဖြင့် အမျိုးသမီးများတွင် အာအိရှဟ်သခင်မသည် ဤကိစ္စကို ထူးကဲစွာ ဆောင်ရွက်နိုင်ခဲ့ပေသည်။
ဟိဂ်ျဂျရီသက္ကရာဇ်(၃၅)ခုနှစ်တွင် သမတကြီးအုဆ်မာန် လုပ်ကြံခြင်းခံခဲ့ရ၏။တိုင်းပြည်တွင် အုပ်ချုပ်မှုယိုယွင်းလာခဲ့၏။ မငြိမ်မသက် ဖြစ်လာခဲ့၏။
ထိုအချိန်တွင် အာအိရှဟ်သခင်မသည် တိုင်းပြည် အခြေအနေကို ထိန်းသိမ်းနိုင်ရန်အတွက် မိမိကိုယ်တိုင် ထွက်၍ ကြိုးစားခဲ့၏။ မက္ကဟ်မြို့နှင့် ဗဆ်ွရဟ်မြို့ရှိ မွတ်စလင်မ်များက အာအိရှဟ်သခင်မ၏ လမ်းစဉ်ကို လက်ခံခဲ့ကြ၏။

အမျိုးသမီးများနှင့် “အိမာမဟ်” ရှေ့ဆောင်မှု

ဆွလာတ်ဝတ်ပြုရာတွင် “အိမာမဟ်” ရှေ့ဆောင်ခြင်းသည် လည်း သာသနာရေးတွင် အရေးကြီးသော ကိစ္စတရပ်ပင်ဖြစ်သည်။ အချို့မွတ်စလင်မ်အမျိုးသမီးများသည် ဤကိစ္စကိုလည်း တစ်ခါတစ်ရံ ဆောင်ရွက်ခဲ့ကြပေသည်။
အာအိရှဟ်သခင်မ၊ အွန်မုစလမဟ်သခင်မ၊ (အဗ်ဒုလ္လာဟ်၏သမီး)အွန်မုဝရကဟ်သခင်မ၊(ကိမာမဟ်၏ သမီး)စုအ်ဒဟ်သခင်မတို့သည် အမျိုးသမီးတို့အား ရှေ့ဆောင်၍ ဆွလာတ်ဝတ်ပြုလေ့ရှိခဲ့ကြပေသည်။ အွန်မေ့ဝရကဟ် သခင်မသည် မိမိအိမ်ကိုပင် ဆွလာတ်ဝတ်ပြုရာဌာနအဖြစ် ပြုလုပ်၍ ထားခဲ့ပေသည်။
(-မှတ်ချက်
ယခုခေတ်တွင် တစ်နေရာတစ်ဌာနတွင် အမျိုးသမီးများစုရုံး၍ အမျိုးသမီးတစ်ဦးက “အိမာမဟ်” ရှေ့ဆောင်ဝတ်ပြုခြင်းကို မပြုအပ်၊ မပြုပိုင်သော ကိစ္စတရပ်ဟူ၍ပင် အချို့က ထင်မှတ်နေကြသည်။ ဤသည် ဘာသာရေး မလေ့လာမှု၏ အကျိုးတစ်ရပ်သာဖြစ်သည်။ ယင်းတော် ဗမာမွတ်စလင်မ်ရွာကြီးတွင် ဟာဂျီမ ဒေါ်နန်းကြွယ်သည် မွတ်စလင်မ် အမျိုးသမီးတို့အား မိမိအိမ်တွင် စုရုံး၍ မိမိ ကိုယ်တိုင်က အိမာမဟ် ရှေ့ဆောင်ဝတ်ပြုခဲ့သည်သာမက အမျိုးသမီးတို့နှင့် သက်ဆိုင်သည့် ဘာသာရေးဆိုင်ရာသိသင့် သိအပ်သည်များကိုလည်း လက်တွေ့သင်ကြား ပြသလေ့ရှိခဲ့သည်။
အားကျဖွယ် ကောင်းလှပေသည်။)

အမျိုးသမီးများနှင့် အုပ်ချုပ်မှု

အမျိုးသမီးများသည် အုပ်ချုပ်မှုတွင်လည်း အခါကာလ အားလျော်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြပေသည်။
(ဆွိုင်ဖီ၏သမီး) ရကီကဟ်သခင်မ၊ အာအိရှဟ်(ါ)သခင်မ၊ (အဗ်ဒုလ္လာဟ်၏သမီး)ရှေ့ဖါသခင်မတို့သည် စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်နိုင်ခဲ့ကြပေသည်။ ရှေ့ဖါသခင်မ၏ အမြော်အမြင်၊အယူအဆ၊အတွေးအခေါ်သည်မှန်ကန်လှ၏။ ရင့်ကျက်လှ၏။ သမတကြီး အုမရ်သခင်သည်ပင် ရှေ့ဖါသခင်မ၏ အတွေးအခေါ် အယူအဆများကို ချီးမွမ်းလေ့ရှိခဲ့သည်။
မကြာခဏ ရှေ့ဖါသခင်မထံသွားရောက်၍ဆွေးနွေးတိုင်ပင်လေ့ရှိခဲ့သည်။ သမတကြီးအုမရ်သည်များသောအားဖြင့် ဈေးများစီမံအုပ်ချုပ်မှု တာဝန်ကိုရှေ့ဖါသခင်မအား လွှဲအပ်ထားခဲ့လေသည်။

မဒီနာဟ်မြို့သို့ မရွှေ့ပြောင်းမီ ကုရိုက်ရှ်မျိုးနွယ်ဝင်များသည် တမန်တော်မြတ်၏ နေအိမ်တော်ကို ၀ိုင်းထားရန် လျှို့ဝှက် ကြံစဉ်ခဲ့ကြ၏။ ဤသည့်သတင်းကို ရကီကဟ်သခင်မသည် တမန်တော်မြတ်အား အချိန်မီ အသိပေးနိုင်ခဲ့လေသည်။အမျိုးသမီးများသည်အခွင့်အာဏာကိုလည်းရရှိခဲ့ကြပေသည်။ အမျိုးသမီးများသည်လည်း ရန်သူတို့အား ခိုလှုံခွင့်ပေးနိုင်ခဲ့ပေသည်။ အမျိုးသမီးများပေးထားသော ခိုလှုံခွင့်ကိုသက်ဆိုင်ရာအာဏာပိုင်တို့က အတည်ပြုခဲ့ကြပေသည်။(သာဝကကြီးအလီသခင်၏နှမ) အွန်မုဟာနီကရန်သူတစ်ဦးအားခိုလှုံခွင့်ပေးခဲ့ရာ တမန်တော်မြတ်က
“အို….အွန်မုဟာနီ၊ အသင်မ ခိုလှုံ ခွင့်ပေးထားသူအား ကျွန်ုပ်လည်းခိုလှုံခွင့်ပေးသည်”ဟုမိန့်ကြားအတည်ပြုတော်မူခဲ့လေသည်။

အမျိုးသမီးများနှင့် ပညာရေး

မွတ်စလင်မ်အမျိုးသမီးတွေသည် (ကိရာအတ်)ကုရ်အာန် ကျမ်းမြတ်ကို ဌာန်ကရိုဏ်းကျနစွာ ရွတ်ဘတ်သရဇ္ဈယ်ခြင်းပညာ၊ (တဖ်စီရ်) ကုရ်အာန်ကျမ်းမြတ်အဖွင့်ဆိုင်ရာပညာ၊ (ဟဒီဆ်) တမန်တော်မြတ်၏သြ၀ါဒတော်များဆိုင်ရာပညာ၊ (ဖိကဟ်) အစ္စလာမ့် ဓမ္မသတ်ပညာ၊ (ဖရာအိသ်) အမွေခန်းပညာ…စသည့် ပညာရပ်များ ကိုကောင်းစွာ တတ်ကျွမ်းခဲ့ကြပေသည်။

အမျိုးသမီး“ဟာဖိဇ်”များ

အာအိရှဟ်သခင်မ၊ ဟဖ်ဆွဟ်သခင်မ၊ အွန်မိစလမဟ်သခင်မ၊ အွန်မိစရကဟ်သခင်မ တို့သည် ကုရ်အာန်ကျမ်းကို အစမှအဆုံးတိုင် အာဂုံဆောင်ထားနိုင် ကြသော“ဟာဖိဇ်”များဖြစ်ကြပေသည်။
စုဝိုက်ဒ်၏သမီး ဟင်န္ဒ သခင်မ၊ဟာရိဆဟ်၏သမီး အွမ္မိဟိရှာမ်သခင်မ၊ ဟိုင်ယာန်၏ သမီး ရာအိတွာသခင်မ၊ စအိဒ်၏သမီး အွမ္မိစအ်ဒ်သခင်မတို့သည် ကုရ်အာန်ကျမ်းမြတ် အချို့အ၀က်ကို အာဂုံဆောင် ထားနိုင်ခဲ့ကြပါသည်။
အွန်မိစအ်ဒ် သခင်မသည် ကုရ်အာန် ကျမ်းမြတ်ကို သင်ကြားပေးလေ့ရှိခဲ့ပါသည်။

အမျိုးသမီး“မုဖတ်စ်စိရ်”များ

အာအိရှာဟ်သခင်မသည် ကုရ်အာန်ကျမ်းမြတ်၏ အဖွင့်တွင် အထူး ကျွမ်းကျင်ခဲ့ပေသည်။
မွတ်စလင်မ်ကျမ်းကြီးတွင် အာအိရှာဟ်သခင်မ၏ အဖွင့်ကို သီးသန့်ဖော်ပြထားပါသည်။

အမျိုးသမီး“မုဟဒ်ဒီဆ်”များ

ဟဒီဆ်သြ၀ါဒတော်များဆိုင်ရာ ပညာတွင် ကြင်ရာတော် များသည် ကျွမ်းကျင်ခဲ့ကြပေသည်။
အထူးသဖြင့် အာအိရှဟ်သခင်မ၊ အွန်မိစလမဟ်သခင်မတို့သည် အထူးတလည် ကျွမ်းကျင်ခဲ့ကြပေသည်။
အာအိရှဟ်သခင်မထံမှတစ်ဆင့် သြ၀ါဒတော် (၂၂၁၀)ကြားသိခဲ့ရ၏။
အွန်မိစလမဟ်သခင်မထံ မှတစ်ဆင့် သြ၀ါဒတော်(၃၇၈)ကြားသိခဲ့ရ၏။
အွန်မိအတွီယဟ်သခင်မ၊(သာဝကကြီး အဗူဗကရိ၏သမီး) အတ်စ်မာ သခင်မ၊ အွန်မိဟာနီသခင်မ၊ (သာဝကကြီးကိုက်စ်၏သမီး) ဖွှာတွိမဟ်သခင်မတို့ထံမှလည်း မြောက်မြားစွာသော သြ၀ါဒတော်များကို ကြားသိခဲ့ရ၏။

အမျိုးသမီး “မုဖ်သီ”များ

အာအိရှဟ်သခင်မသည် မြောက်မြားစွာသော ပြဿနာများနှင့်စပ်လျဉ်း၍ “ဖသ်ဝါ”ဓမ္မသတ်အဆုံးအဖြတ်ပေးခဲ့သည်။ အွန်မိစလမဟ်သခင်မသည်လည်း ဓမ္မသတ် အဆုံးအဖြတ် အများအပြားပေးခဲ့သည်။
ဆွဖီယဟ်သခင်မ၊ ဟဖ်ဆွဟ် သခင်မ၊အွန်မိဟဗီဗဟ်သခင်မ၊ ဂျုဝိုင်ရီယဟ်သခင်မ၊ မိုင်မူနဟ်သခင်မ၊ သမီးတော် ဖွှာတွိမဟ် သခင်မ၊ အွန်မိရှိုရိုက်သခင်မ၊ အွန်မိအတွီယဟ်သခင်မ၊ (သာဝကကြီးအဗူဗကရိ၏သမီး) အတ်စ်မာသခင်မ၊(ကာအစ်ဖ်၏သမီး)လိုင်လီသခင်မ၊ ခေါင်လာသခင်မ၊အွန်မိဒရ်ဒါသခင်မ၊(ဇိုက်ဒ်၏သမီး)အာတိကဟ်သခင်မ၊ (စုဟိုင်လ်၏သမီး) စဟ်လဟ်သခင်မ၊ (ကိုက်စ်၏ သမီး) ဖွှာတွိမဟ်သခင်မ၊ အွန်မိယူစုဖ်သခင်မနှင့် အွန်မိစလမဟ်သခင်မတို့သည်လည်း “ဖသ်ဝါ” ဓမ္မသတ် အဆုံးအဖြတ်များ ပေးခဲ့ကြပေသည်။
အမွေခန်းပညာ
အမျိုးသမီးများသည် အမွေးခန်းဆိုင်ရာ ပညာများကိုလည်း တတ်ကျွမ်းခဲ့ကြပေသည်။ အထူးသဖြင့် ဤပညာကို အာအိရှဟ် (ါ)သခင်မ ကောင်စွာ တတ်ကျွမ်းခဲ့ပေသည်။ အမွေခန်းနှင့် စပ်လျဉ်း၍ တစ်ခါတစ်ရံ သာဝကကြီးများသည်ပင်လျှင် အာအိရှဟ် (ါ)သခင်မအား မေးမြန်းခဲ့ကြရပေသည်။

ဆေးကုသမှုပညာ

ဆေးကုသမှုပညာ၊ ခွဲစိတ်ကုသမှုပညာကိုလည်း မွတ်စလင်မ် အမျိုးသမီးများသည် ကောင်းစွာ တတ်ကျွမ်းခဲ့ကြပေသည်။
ရဖီဒဟ် သခင်မ၊အွန်မိမုတွာအ်သခင်မ၊အွန်မိကဗ်ရှဟ်သခင်မ၊ဟမ်နဟ်သခင်မ၊မုအာဇဟ်သခင်မ၊ လိုင်လီသခင်မ၊အုမိုင်မဟ်သခင်မ၊အွန်မိဇိယာဒ် သခင်မ၊ရဗီအ်သခင်မ၊ အွန်မိအတွီယဟ်သခင်မ၊ အွန်မိစုလိုင်မ်သခင်မတို့သည် ဆေးကုသမှု၊ ခွဲစိတ်မှုတွင် အထူးကျွမ်းကျင်ခဲ့ကြပေသည်။
ရဖီဒဟ်သခင်မ၏နေအိမ်သည် တမန်တော်မြတ်ဗလီကျောင်းတော်အနီး၌ ရှိခဲ့၏။ ထိုသခင်မ၏ နေအိမ်မှာ ခွဲစိတ်ကုသရာဌာနပင် ဖြစ်လျက်ရှိခဲ့ပေသည်။

လင်္ကာစီကုံးခြင်းပညာ

မွတ်စလင်မ်အမျိုးသမီးများသည် စာပေလိုက်စားခဲ့ကြသည်။ လင်္ကာများကို ကောင်းစွာသီကုံး ဖွဲ့ဆိုနိုင်ခဲ့ကြပေသည်။
လင်္ကာသီကုံး ရာတွင် ခွန်စာသခင်မ၊ စုအ်ဒါသခင်မ၊ ဆွဖီယဟ် သခင်မ၊ အုမာမဟ်သခင်မ၊ (သာဝကကြီး ဟာရိဆ် ၏သမီး) ဟင်န္ဒသခင်မ၊ (အောင်ဝါမ်၏သမီး) ဇိုင်နဗ် သခင်မ၊အရ်ဝါသခင်မ၊ (ဇိုက်ဒ်၏သမီး) အာတိကဟ် သခင်မ၊ (သာဝကကြီး အိဆာဆဟိ၏ သမီး ဟင်န္ဒ သခင်မ၊ အွန်မိအိုင်မန်သခင်မ၊ ကင်နီယဟ် အဗ်ဒရီယဟ်သခင်မ၊(ရာဖိအ်၏သမီး)ကဗ်ရှဟ်သခင်မ၊ မိုင်မူနဟ်ဗလ၀ီယဟ်သခင်မ၊ နစ်အ်မသခင်မနှင့် ရုကိုင်ယဟ်သခင်မတို့သည် အထူးကျော်ကြားခဲ့ကြပေသည်။
ခွန်စာသခင်မ၏ လင်္ကာများမှာ ယခုအခါ စာအုပ်အဖြစ်သို့ပင် ရောက်လျက်ရှိချေပြီ။

အထွေထွေပညာရပ်များ

အချို့အမျိုးသမီးများသည် အဆိုပါပညာရပ်များအပြင် သာသနာရေးဆိုင်ရာ နက်နဲမှုများကိုလည်း ကောင်းစွာ တတ်ကျွမ်းခဲ့ကြပေသည်။ ဤတွင် အွန်မိစလမဟ်(ါ)သခင်မ သည် အထူးကျော်ကြားခဲ့သည်။ ဟောပြောမှုတွင် (စကန်၏သမီး) အတ်စ်မာသခင်မသည် အထူးကျော်ကြားခဲ့သည်။ အိပ်မက် ဒိဗ်ဓုမ်ပညာတွင် (အို့မိုက်စ်၏သမီး) အတ်စ်မာသခင်မသည် အထူးကျော်ကြားခဲ့ပေသည်။

လက်မှုပညာ

မွတ်စလင်မ် အမျိုးသမီးများသည် ယက္က္ကန်းယက် အတတ် ပညာ၊ တောင်သူလယ်လုပ်သည့် အတတ်ပညာ၊ စာရေးသည့်ပညာ၊ ကူးသန်း ရောင်းဝယ်မှုပညာ၊ သားရေနယ်လုပ်သည့်ပညာ၊ စက်ချုပ် ပညာများကိုကောင်းစွာ တတ်ကျွမ်းခဲ့ကြပေသည်။ တမန်တော်မြတ် လက်ထက်တွင်မွတ်စလင်မ်အမျိုးသမီးများသည် အထူးတလည် ယက္က္ကန်းယက်လေ့ရှိခဲ့ကြသည်။ ယက္က္ကန်းယက်သည့်ပညာဖြင့် အသက် မွေးဝမ်းကြောင်းရှာခဲ့ကြပေသည်။ တမန်တော်မြတ်လက်ထက် မက္ကဟ်မြို့ရှိ အမျိုးသမီးများသည် လယ်ယာမလုပ်ခဲ့ကြပေ။ မဒီနာဟ် နှင့်အခြားစိုပြေသောမြို့ရွာများရှိအမျိုးသမီးများသည်လယ်ယာလုပ်ခဲ့ ကြပေသည်။မဒီနာဟ်ရှိ အန်ဆွာရီအမျိုးသမီးများသည် အထူးသဖြင့် လယ်ယာလုပ်ခဲ့ကြသည်။မက္ကဟ်မြို့မှရွှေ့ပြောင်းလာသော အမျိုးသမီး များအနက် အတ်စ်မာသခင်မလည်း လယ်ယာလုပ်ခဲ့သည်။

တမန်တော်မြတ် လက်ထက်တွင် မွတ်စလင်မ် အမျိုးသမီးများသည် စာရေးတတ်ခဲ့ကြပေသည်။
စာရေးရာတွင် သာဝကကြီးအဗ်ဒုလ္လာဟ်၏သမီး ရှေ့ဖါသခင်မသည် အထူးကျော်ကြားခဲ့သည်။ ရှေ့ဖါသခင်မသည် အစ္စလာမ် သာသနာ မထွန်းကားမီ အမိုက်ခေတ်ကပင် စာရေးတတ်ခဲ့ပေသည်။
ထို့အတူ ဟဖ်ဆွဟ်သခင်မ၊ (အကဗဟ်၏သမီး) အွန်မိ ကုလ်ဆူမ်သခင်မ၊ (သာဝကကြီးမစ်က်ဒါဒိ၏သမီး) ကရီမဟ်သခင်မတို့လည်း ကောင်းစွာရေးတတ်ကြပေသည်။ အာအိရှဟ်သခင်မနှင့် အွန်မိစလမဟ်သခင်မတို့သည် ကောင်းစွာတတ်နိုင်ခဲ့ကြပေသည်။

ကူးသန်းရောင်းဝယ်မှု

တမန်တော်မြတ်လက်ထက်တွင် အချို့မွတ်စလင်မ် အမျိုးသမီးများသည် ကူးသန်းရောင်းဝယ်မှု ပြုခဲ့ကြပေသည်။
ခဒီဂျဟ်သခင်မသည် အရေးဗီးယားပြည်တွင်းသာမက နိုင်ငံခြားနှင့်ပင် ဆက်သွယ်၍ အကြီးအကျယ်အရောင်းအ၀ယ်ပြုခဲ့ပေသည်။ထို့အတူ ဟောင်လာသခင်မ၊ မုလိုင်ကဟ်သခင်မတို့သည် လည်းအရောင်းအ၀ယ်ပြုလုပ်ခဲ့ကြပေသည်။
ဗင်န်တိမခ်ရဗဟ် သခင်မသည် နံ့သာ၊ ကတိုးများကို အရောင်းအ၀ယ်ပြုခဲ့လေသည်။

ဤသည်တို့ကို ထောက်ရှုခြင်းအားဖြင့် အတိတ်ခေတ် မွတ်စလင်မ် အမျိုးသမီးများသည် သာသနာကာကွယ်ရေး၊ သာသနာ ဖြန့်ချိရေး၊ နိုင်ငံတော်အရေး၊ ကုရ်အာန်ကျမ်းမြတ်ကို ဌာန်ကရိုဏ်း ကျနစွာရွတ်ဖတ်မှု၊ကုရ်အာန်ကျမ်းမြတ်အဖွင့်၊ သြ၀ါဒတော်၊ ဓမ္မသတ်၊ အမွေခန်း၊ဟောပြောမှု၊ အိမ်မက်ဒိဗ်ဓုမ်၊ ဆေးကုသမှု၊ ခွဲစိတ်ကုသမှု၊ လင်္ကာသီကုံးမှု၊ လက်မှုပညာ၊ ရောင်းဝယ်မှု…. စသည့် လောကီရေး လောကုတ္တရာရေးများတွင်စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြပေသည်။

ယခုခေတ် မွတ်စလင်မ်အမျိုးသမီးတို့သည် အတိတ်ခေတ် အာဇာနည် မွတ်စလင်မ် အမျိုးသမီးကြီးတို့အား အတုယူသင့်ကြ ပေသည်။ နမူနာပြုသင့်ကြပေသည်။ ၄င်းတို့ကဲ့သို့ပင် လောကီရေး၊ လောကုတ္တရာရေးများတွင်ကိုယ်စွမ်းရှိသမျှ၊ဉာဏ်စွမ်းရှိသမျှလက်တွေ့ လိုက်နာကျင့်သုံးအပ်ကြပေသည်။

(သီရိပျံချီ အလ္လာမဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ်ရေး မိခင်မွန်ကျမ်းမှ ကောက်နှုတ်ဖော်ပြသည်။)

@[2

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: