ပညာရေး နှင့် မြန်မာနိုင်ငံ

ပညာရေးဆိုသည်မှာ

“ပညာ” ဆိုတာ အတည်ပညာ၊ ယဉ်ကျေးမှု၊ အကျင့်တရားရှိမှု၊ `ဣနြေ္ဒတို့ကို စောင့်ထိန်းနိုင်မှု စသည်တိုးပွား၍ အဝိဇ္ဇာစသော အပြစ်ဒေါသများ၊ ကင်စင်သွားခြင်ကိုပင်”ပညာ အဆုံးအမ” ဟုခေါ်သည်လို့ “သစ္စတ္ထပကာသကျမ်း” မှာ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။

 

ပညာရေးဆိုတဲ့ ဝေါဟာရဟာ အလွန်ကျယ်ဝန်း လှပါတယ်။ လူအများ သိနားလည်တဲ့ ကျောင်းသင် ပညာရေး (formal education) သာမက ကျောင်းပြင်ပ ပညာရေး (non-formal education) စတာတွေအားလုံးဟာ ပညာရေး နယ်ပယ်မှာ အကျုံးဝင်ပါတယ်။

နိုင်ငံ တစ်နိုင်ငံရဲ့ပညာရေးဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံသမိုင်း အခြေအနေ၊ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စတာတွေနဲ့ ရောထွေး ယှက်နွယ် နေတတ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံမှာ ပညာရေးရဲ့ ရည်ရွယ်ချက်တွေ ချမှတ်ရာမှာ ဖြစ်စေ၊ အကောင်းအထည် ဖော်ရာမှာ ဖြစ်စေ ပညာရေးကို အခြားကဏ္ဍတွေနဲ့ ခွဲခြားပြီး တသီးတခြား စဉ်းစားလို့ မရနိုင်ပါဘူး။ သီးခြား ကင်းလွတ်သော ပညာရေး ဆိုပြီးတော့လည်း အကောင်အထည် ဖော်လို့ မရနိုင်ပါဘူး

နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး အခြေအနေတွေဟာ ကာလ၊ ဒေသ၊ ပရောဂ အခြေအနေတွေ အလိုက် ပြောင်းလဲ လေ့ရှိပါတယ်။ ပညာရေးဆိုတာ အတိတ်သင်ခန်းစာကို အခြေခံပြီး၊ ပစ္စပ္ပန် အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ အနာဂတ်ကာလ အတွက် မျှော်မှန်းရခြင်း ဖြစ်လို့ ပညာရေး အသီးအပွင့်ဆိုတာ ချက်ချင်းစိုက် ချင်ချင်းခူးဆွတ်စားဖို့ မဖြစ်နိုင်ပါဘူး။ အနည်းဆုံး ၁၄-၁၅ နှစ်လောက်ကြာမှ ခံစားရတတ်ပါတယ်။

ခေတ်များ စနစ်များနှင့် မြန်မာ့ပညာရေး

 

သမိုင်းလမ်းကြောင်း ပဒေသရာဇ်ခေတ် ပညာရေ

မြန်မာနိုင်ငံမှာ ဘုရင်တွေ ထွန်းကားခဲ့တဲ့ ပဒေသရာဇ်ခေတ် ကတည်းက ပညာရေး ထွန်းကား စည်ပင်ခဲ့ပါတယ်။ ပဒေသရာဇ်ခေတ် လူနေမှု စနစ်နဲ့ ယဉ်ကျေးမှုတွေဟာ ဗုဒ္ဓရဲ့ တရားဓမ္မနဲ့ အဆုံး အမတွေကို အခြေခံပြီး ကျယ်ပြန့်စည်ပင် ထွန်းကား လာခဲ့ရတယ်။

ပဒေသရာဇ်ခေတ် ပညာရေးစနစ်ဟာ “ဘုန်ကြီးကျောင်း ပညာရေး” စနစ်ပါ။ ဒီပညာရေးစနစ်ဟာ အသက်မွေး ဝမ်းကျောင်း တတ်ဖို့ထက် ကိုယ်ကျင့်တရား ကောင်းမွန် တဲ့ ပြည်သူပြည် သားကောင်း ဖြစ်လာရေးကို ဦးတည်ခဲ့တဲ့ ပညာရေး လို့လည်း ဆိုနိုင်ပါတယ်။

စာသင်ကျောင်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘူး။ ဘုန်ကြီးကျောင်း (စာသင်တိုက်) တွေဟာ ပညာသင်ကြားရာ ဗဟိုဌာနတွေ ဖြစ်လာပါတယ်။ လူတန်းစား မရွေး အခမဲ့ပညာ သင်ကြား ခွင့်ရ တာလည်း ထူးခြားမှု တစ်ရပ်ပါ။ စာပေသင်ကြား ပို့ချသူတွေဟာ ဘုန်းတော်ကြီးတွေ ကိုယ်တိုင် ဖြစ်နေ ပါတယ်။ အတန်းစနစ်မရှိဘူး။ စာသင်သား တစ်ဦးချင်ရဲ့ တိုးတက်မှု၊ တတ်မြောက်မှု အပေါ်မူတည်ပြီး အဆင့်တိုးကာ တစ်ဦးချင်ဆီ သင်ပေးတဲ့ ပညာရေးစနစ်လည်း ဖြစ်တယ်။

စာကို အာဂုံဆောင် အလွတ်ကျက်ရတယ်။ သင်ရိုးဆိုပြီးတော့လည်း အတည်တကျ ပြဠာန်းထားတာ မရှိဘူး။ အဓိက သင်ယူကြရတဲ့ ဘာသာရပ်တွေ ကတော့ ပါဠိနဲ့ မြန်မာ ဘာသာ ရပ်တွေပဲ ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ ကျေးဇူးကြောင့် အဲဒီခေတ်တုန်းက မြန်မာနိုင်ငံရဲ့ စာရေးစာဖတ် တတ်မြောက်မှုနှုန်းဟာ ၈၅ ရာခိုင်နှုန်း ကျော်ကျော်ရှိခဲ့တယ်လို့ ဆိုတယ်။ အခြားအာရှ နိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် စာတတ်သူဦးရေ ပိုများတယ်လို့ ဆိုနိုင်တယ်။

ကိုလိုနီခေတ်ပညာရေး

မြန်မာနိုင်ငံဟာ ၁၈၈၅ ခုနှစ်မှာ ဗြိတိသျှနယ်ချဲ့ လက်အောက်ကို ကျရောက်ခဲ့ရပါတယ်။ ဗြိတိသျှတွေက မြန်မာနိုင်ငံကို ကာလရှည်ကြာစွာ အုပ်ချုပ်နိုင်မယ့် သွေးခွဲအုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးအကောင် အထည်ဖော်ခဲ့ပါတယ်။

ကိုလိုနီခေတ်က ကျောင်းတွေကို သုံးမျိုးခွဲပြီး ဖွင့်လှစ်ခဲ့ပါတယ်။

၁။ အင်္ဂလိပ်ကျောင်း( English school)

၂။ အင်္ဂလိပ်- မြန်မာစာသင်ကျောင်း( Anglo-Vemacular School)

၃။ တိုင်းရင်းသား- မြန်မာစာသင်ကျောင်း(Vermacular School)

ဆိုပြီးတော့ ဖြစ်ပါတယ်။ ကျောင်းတွေ ကွဲပြားသလို သင်ရိုးညွန်းတမ်း တွေလည်း ကွဲပြားနေပါတယ်။ တိုင်းရင်းသား ဘာသာစကား အင်္ဂလိပ်စာကို ဦးစားပေး သင်ကြားခဲ့ပြီး အဆင့်အတန်းကို အဆင့်အတန်းကို တစ်ခါတည်း ခွဲခြား လိုက်ပါတယ်။

အင်္ဂလိပ်ကျောင်း တွေဆိုတာ မျက်နှာဖြူတွေနဲ့ အထက်တန်းလွှာတွေ အတွက် သီးသန့်ဖြစ်ပြီး၊ အထက်တန်း ရာထူးမှန်း သူတွေ အတွက် ရည်စူးဖွင့်လှစ် ထားတာဖြစ်တယ်။ အင်္ဂလိပ်-မြန်မာ ကျောင်းတွေ ကတော့ တိုင်းရင်းသား လူနည်း စုသာ တက်နိုင်ပြီး ကိုလိုနီအုပ်ချုပ်ရေး ယန္တရား အတွက် လိုအပ်တဲ့ အစိုးရလခစား၊ စာရေးစာချီ၊ အောက်တန်း အမှုထမ်း အရာထမ်းတွေ ခန့်ထားဖို့ ဖွင့်လှစ် ထားတာပါ။ တိုင်းရင်းသား- မြန်မာကျောင်း တွေကတော့ တိုင်းရင်းသား အများစု တက်ရောက် နိုင်ကြပြီး ပညာကို ဆုံးခန်တိုင် သင်ယူနိုင်သူတွေ အလွန်နည်းတယ်။ ဒီကျောင်းက ထွက်လာ သူတွေဟာ ကျောက်ထိုးဆရာ၊ မြေတိုင်းစာရေးနဲ့ ကျောင်းဆရာအလုပ်လောက်သာ ရကြတယ်။

ကိုလိုနီပညာရေး ဆိုတာ လမ်းခွဲ လမ်းသွယ် အလွန်နည်းပါးတဲ့ ပညာရေးလို့ ပြောနိုင်ပါတယ်။ ကျွန်စိတ်ပေါက်ပြီး အမျိုးသားရေး စိတ်ဓာတ်တွေ နည်းပါးအောင် စနစ်တကျ ဖျက်ဆီးခဲ့တဲ့ ပညာရေးလို့ ဆိုနိုင်တယ်။ ဘက်စုံ ဖွံ့ဖြိုးတိုးတက် ရေးဆိုတာ အလှမ်းဝေးပြီး မြန်မာနိုင်ငံ စာတတ် မြောက်မှုနှုန်းဟာ ၃၅ ရာခိုင်နှုန်းကို လျော့ကျ ထိုးဆင်းသွားတာကို ကြည့်ရင် နယ်ချဲ့တို့ရဲ့စေတနာကို သဘောပေါက်မယ် ထင်ပါတယ်။

ပြည်တော်သာ ပညာရေး

၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေး ရခဲ့ပြီး အချုပ်အချာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ဒီအချိန်ကစပြီး ပညာရေးကို နိုင်ငံတော် အစိုးရ အနေနဲ့ ပြုပြင်ပြေင်းလဲမှုတွေ များစွာလုပ် ဆောင်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရကလည်း ပညာသင်ကြား ရေးဆိုင်ရာ မူဝါဒများ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည် ဖော်ဆောင် ရွက်ခြင်းကိုတော့ ၁၉၅၀ ပြည့်နှစ်လောက်မှပဲ စတင်ပြုလုပ်နိုင်ခဲ့ပါတယ်။

ပညာရေး မူဝါဒသစ်အရ ကျောင်းသုံးမျိုး မခွဲခြားတော့ပါဘူး။ နိုင်ငံတော် အစိုးရကျောင်းဆိုပြီး ကျောင်းတစ်မျိုး တည်းထားပြီး သင်ရိုးကိုလည်း တစ်မျိုးတည်းထားခြင်း မြန်မာစာကို သင်ကြား မှုမဏ္ဍိုင်အဖြစ် သတ်မှတ်ခြင်းတွေဟာ ထူးခြားတဲ့ ပညာရေးဆိုင်ရာ မူဝါဒသစ်တွေ ဖြစ်ပါတယ်။ ကျောင်း တွေမှာ သုံးစွဲဖို့ ငွေကြေးဆိုင်ရာ ကိစ္စတွေကိုလည်း နိုင်ငံတော်ကပဲ တာဝန်ယူခဲ့ပြီး ပညာရေးဆိုင်ရာ အထွေထွေပြုပြင် ပြောင်းလဲမှုတွေကို စတင် လုပ်ဆောင်လာခဲ့ပါတယ်။

၁၉၅၂ ခုနှစ်မှာ”ဘဝသစ်ဖန်တီးမှု ပညာရေးစီမံကိန်း” ကိုရေးဆွဲပြီး ပြည်တော်သာ ညီလာခံမှာ အတည်ပြုခဲ့တယ်။ ဒီစီမံကိန်းကို ရည်မှန်းချက် ငါးရပ်ချမှတ်ပြီး အကောင်အထည် ဖော်ဆောင် ရွက်ခဲ့ပါတယ်။စီမံချက်အရ ကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်ခြင်း၊ သင်ရိုးညွန်းတမ်းနဲ့ မာတိကာ အသစ်တွေ ပြဠာန်းခြင်း၊ ကျောင်းသုံး စာအုပ်ထုတ်ဝေခြင်း၊ ဆရာဖြစ် ကောလိပ်နဲ့ သိပ္ပံကျောင်းများ ဖွင့်လှစ်ခြင်း၊ စိုက်ပျိုးရေးနဲ့ စက်မှုလက်မှု ပညာသင်ကျောင်းများ ဖွင့်လှစ်ခြင်း စတဲ့ပညာရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုတွေကို မနားတမ်းလုပ်ဆောင်ခဲ့ပါတယ်။

ဘဝသစ် ဖန်တီးမှုပညာရေး စီမံကိန်းကို ပထမပညာရေး လေးနှစ်စီမံကိန်း(၁၉၅၂-၅၆)၊ ဒုတိယ လေးနှစ် ပညာရေးစီမံကိန်း (၁၉၅၆-၆၀)၊ တတိယပညာရေး လေးနှစ်စီမံကိန်း(၁၉၆၀-၆၄) ဆိုပြီးတော့ စီမံကိန်း ကာလကို သုံးပိုင်းပိုင်းပြီး သတ်မှတ် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမပညာရေး လေးနှစ် စီမံကိန်းကိုပဲ အပြည့်အဝ အကောင်အထည် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလေးနှစ်တာ အကောင်အထည် ဖော်နိုင်ခဲ့တာလေးနဲ့ပဲ ကောင်းမွန်တဲ့ ရလာဒ်တွေရှိခဲ့တယ်လို့ ပြေရမယ်။ ဒါပေမဲ့ ပညာရေး စီမံချက်က ချမှတ်ထားတဲ့ ဗလငါးတန်ပညာရေး (ကာယဗလ၊ ညဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ) တိုးတက်ဖွံ့ဖြိုးအောင်တော့ မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ အထူးသဖြင့်ကတော့ စာပေ ပညာ သင်ကြားရေး သက်သက်ကနေ အသက်မွေးဝမ်း ကျောင်းပညာ သင်ကြားရေးကို ကူးပြောင်း နိုင်ရုံ လေးပဲရှိခဲ့ပြီး အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ စာပေပညာရေး လမ်းကြောင်း တစ်ခုတည်းပဲ အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။

တော်လှန်ရေးကောင်စီခေတ် ပညာရေး

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ပြည်ထောင်စုမြန်မာ နိုင်ငံတော် တော်လှန်ရေး ကောင်စီက နိုင်ငံတော်တာဝန်ကို ယူလိုက်ပြီးချိန်မှာ အသက်မွေးဝမ်း ကျောင်းကို အထောက်အကူပြုတဲ့ စာရိတ္တမြင့်မားရေးကို အခြေခံပညာရေး စနစ်ကို ပြောင်းလဲ ကျင့်သုံးလာခဲ့ကြတယ်။

၁၉၆၄ ခုနှစ်မှာ တက္ကသိုလ် ပညာရေးဥပဒေကို ပြဠာန်းခဲ့တယ်။ ဝိဇ္ဇာနှင့် သိပ္ပံပညာရေးဆိုင်ရာ တက္ကသိုလ်တွေ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ တက္ကသိုလ်တွေကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာ အခြေခံ ပညာရေးဥပဒေကို ထုတ်ပြန်ကြေငြာခဲ့ပြီး အထွေထွေပညာရေးကို အခြေခံပညာရေးလို့ ခေါ်တွင်စေခဲ့တယ်။ ပညာရေး အဆောက်အအုံ ပုံစံနှင့်တကွ သင်ရိုးအပါအဝင် ပညာသင်ကြားရေး အစီအစဉ်တွေပါ ပြုပြင်ပြောင်းလဲခဲ့တယ်။

၁၉၆၇-၆၈ ပညာသင်နှစ်မှာ အဠမတန်းကို အခြေခံအလယ်တန်း အဆင့်မှာ ထည့်သွင်းပြီး အခြေခံပညာ အထက်တန်းအဆင့်ကို ဝိဇ္ဇာ၊ သိပ္ပံ လမ်းနှစ်သွယ်ခွဲပြီး သင်ကြားမှုကို ၁၉၆၈-၆၉ ပညာ သင်နှစ်ကစပြီး ကျင့်သုံးခဲ့တယ်။ ၁၉၇၇-၇၈ မှာဝိဇ္ဇာ၊ သိပ္ပံခွဲတာကို ပြန်လည်သုံးသပ်ပြီး မခွဲတော့ပဲ ပြန် ပေါင်းပြီး သင်ပြန်တယ်။

ဆိုရှယ်လစ်ခေတ်စနစ်သစ်ပညာရေး

၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ နိုင်ငံတော်ရဲ့အခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်မယ့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြီး ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတနိုင်ငံတော် ဘဝ ရောက်ခဲ့ပါတယ်။

ဆိုရှယ်လစ်ဆိုတော့ မြန်မာ့ဆိုရှယ်လစ် ဘောင်အတွက် လိုအပ်နေတဲ့ လုပ်သားကောင်းတွေ မွေးထုတ်ရေးကို အခြေခံတဲ့ ပညာရေးဆိုပြီး ဖြစ်လာပြန်တယ်။ အဲဒီအချိန်က ပညာရေးဌာနဝန်ကြီး ဒေါက်တာ ညီညီကလည်း “တိုင်းရင်းသားတိုင်းသည် ပညာသည်သာမက ကာယဗလ၊ စိတ်ဓာတ်၊ အတွေးအခေါ်၊ အလေ့အကျင့်၊ တိုင်းရင်းသား ယဉ်ကျေးမှု၊ ရသ ခံစားတတ်မှုပြည့်စုံရေး အတွက် ဘက်စုံပညာရေး မီးမောင်း ထိုးပေးရန်” ရည်ရွယ်တယ်လို့ ပြောသွားဖူးတယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်မှာက

၁။ သက်မွေးကျောင်းမှုကို အထောက်အကူပြူ၍ စာရိတ္တမြင့်မား ရေးကို အခြေခံသော ပညာရေးကို ဆောက်တည်မည်။

၂။ သိပ္ပံပညာကို ဦးစားပေးမည်။

၃။ အခြေခံပညာကို လူတိုင်သင်ယူနိုင်ခွင့် ရရေးကို ဆောက်တည်မည်။

၎။ အထက်တန်းပညာ(ဝါ) တက္ကသိုလ်ပညာကို ဥာဏ်ပညာထက်မြင်ခြင်း ရှိ၍ အထက်တန်း မှီအောင် လိုက်နိုင်သူ၊ ကြိုးစားမှု ရှိသူများကိုသာ သင်ကြားခွင့်ပြုစေရန် ရည်သန်သည်ဆိုပြီး ချမှတ် အကောင်အထည် ဖော်ခဲ့ကြတယ်။

ကမ္ဘာ့အဆင့်မှီ ပညာရေး ဆိုပြီးတော့ ၁၉၈၅-၈၆ ပညာသင်နှစ်ကစပြီး လမ်းသွယ်တွေခွဲတဲ့ ပညာရေးကို လုပ်ဆောင်ခဲ့ပြန်တယ်။ ဒီလိုနဲ့ ခွဲလိုက်တွဲလိုက် မတည်ငြိမ်တဲ့ ပညာရေးစနစ်မှာ လက်တွေ့ကျင့်သုံးမှု အရတော့ အသက်မွေးဝမ်းကျောင်း ပညာရေးဟာ ထင်သလောက်ခရီး ပေါက်ခဲ့ဘူး။ စာပေသင်ကြားမှု စနစ်သာ အဖြေတစ်ခု အနေနဲ့ ထွက်ပေါ်ခဲ့တယ်။

၂၀၀၉ခုနှစ် မတ်လတ်ထုတ် မျက်မှောက်ရေးရာ မဂ္ဂဇင်း အတွဲ(၂)၊ အမှတ်(၁) စာမျက်နှာ(၇)

ရေးသားသူ = မြန်မာလူငယ်

http://www.myanmaryouth.info

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: