သားရဲတိရစ္ဆာန်မူလစိတ်နှင့်ဘုန်းကြီးခေါင်းဆောင်

အနှစ်ချုပ် – “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” လို့ ဟောပြောတာခြင်း တူပေမယ့် ဒလိုင်းလားမား နှင့် သီတဂူသည် မတူညီနိုင်။ ရှေ့ကလူသည် ဘုရားစကား အစစ်အမှန် (ဗုဒ္ဓဝါစန) ကို ဟောပြောနေတာ ဖြစ်ပြီး နောက်ကလူမှာ ဗုဒ္ဓဝါစနကို ဖျက်ဆီးသူ ဖြစ်နေပါ၏။ တရားဓမ္မ၏ နှစ်လိုချီးကျုးဖွယ် ဖြစ်မှုဟူသည် စာသားမဟုတ်၊ ဟောပြောပြနေသူ၏ အခြေခံမူလစရိုက် ၊ စင်ကြယ်သော စေတနာရှိမှု မရှိမှု ပေါ်မှာ မူတည်ကြောင်း ပိဋကတ်တော် အကိုးအကားတို့ကို ယူ၍ စိတ်ပညာနှင့် ဒဿန ရူဒေါင့်တို့မှလည်း ဝေဖန်ကာ အဆုံးအဖြတ်ကို ပြဆိုထားပါသည်။

မထေရ် ဝဿကာရ ။ ။ အသို့နည်း၊ ငါတို့၏ဆရာ ဗုဒ္ဓသည် တပါးပါးသော ဘိက္ခုရဟန်းကို ဆရာမျက်ကွယ်ပြုပြီးနောက် သာသနာကို ဦးဆောင်ရန် ညွှန်ပြခဲ့ပေ သလော ?

မထေရ် အာနန္ဒာ။ ။ မညွှန်ပြခဲ့ပါ

မထေရ် ဝဿကာရ ။ ။ သို့ဆိုလျှင် သံဃာတို့အကြား ကွဲပြားခဲ့သော် ကိုးစားရမည့် ခေါင်းဆောင်ဆိုသူ မရှိလျှင် အသို့ ဖြေရှင်းပါအံ့ ?

မထေရ် အာနန္ဒာ။ ။ ငါတို့၌ ကိုးစားရမည့် ခေါင်းဆောင် မရှိသည် မဟုတ်ပါ ။ ဆရာ ဟောကြားခဲ့သော ဓမ္မသည်လျှင် ထင်ရှားကျန်ရစ်ခဲ့ပြီ။ ဓမ္မသည် ငါတို့၏ ကိုးစားရာ ခေါင်းဆောင် ဖြစ်ပါ၏ ။ သံဃာသည် ဓမ္မကို ဆရာပြုသဖြင့်သာ ညီညွတ်ပါအံ့

မထေရ် ဝဿကာရ ။ ။ သို့ဆိုသော်လည်း တစုံတဦးသည် တရားဓမ္မကို သံသယ ဝင်လျှင် သံဃာသည် ကွဲပြားလိမ့်မည် မဟုတ်ကုန်လော ?

မထေရ် အာနန္ဒာ။ ။ တစုံတဦးသည် တရားဓမ္မကို သံသယဝင်လျှင် ငါတို့သည် ဤသံသယကို “တရားဓမ္မနှင့် အညီသာ” အပြန်အလှန် ဝိုင်းဝန်း ဆွေးနွေးပါအံ့။ “တရားဓမ္မကို ကျွမ်းကျင်နားလည်သော” ရဟန်းသည် ဤဆွေးနွေးမှုတို့မှ နေ၍ ကောင်းမွန်သော ရလဒ် ထွက်ပေါ်လာစေရန် ဦးဆောင်နိုင်ပါအံ့။

မထေရ် ဝဿကာရ ။ ။ မျှော်လင့်ချက်သက်သက် ဖြစ်နေပေသလော ?

မထေရ် အာနန္ဒာ။ ။ များစွာ အန္တရယ်ကြီးမားသော —အဆုံးအဖြတ် ချမှတ်ပိုင်ခွင့် ရှိသည့် သာသနာ့ ခေါင်းဆောင်တဦး ထားရမည် ဆိုတာထက် — ဤသို့ပဲ မျှော်လင့်မိပါသည်

လွန်ခဲ့သည့် ၂၀၁၃ခုနှစ် နှစ်လယ်ကတည်းက မဘသဂိုဏ်း၏ အစည်းအဝေးတွင် “မဘသ ဂိုဏ်းသစ်ကြီး (ဝါ) ဘုန်းကြီးတပ်မတော်ကြီး ဆိုတာဟာ နိုင်ငံတော် သံဃမဟာနာယက နှင့် တစိတ်တဝမ်းတည်း အမျိုး၊ဘာသာ၊သာသနာကို စောင့်ရှောက်ရန် ထူထောင်ခြင်း ဖြစ်သည်” ဟု ကြွေးကြော်ခဲ့သော သီတဂူဘုန်းကြီးသည် မကြာသေးမီက ပြုလုပ်ခဲ့သော အစည်းအဝေးတွင် တခြားသံဃ ဂိုဏ်းတွေကိုလည်း သံဃမဟာနာယက အဖွဲ့ (ဝါ) ‘နိုင်ငံတော်’ မှ “တရားဝင်” အသိအမှတ် ပြုပေးဖို့ရန်လိုသည် ဟု ဖိအားပေးတောင်းဆိုခဲ့သည်မှာ မဆန်းလှပါ။ သီတဂူဘုန်းကြီး၏ နာမည်ကြီးမှုကို ကြောက်ရသလို အစိုးရ ပေးစာကမ်းစာကို အစဉ်သဖြင့် မှီခိုကပ်မြှောင် စားသောက်နေသော မဟနအဖွဲ့က ကောက်ကျစ်စုတ်ပဲ့ လူသိရှင်ကြား အရှက်မဲ့သော မဘသအဖွဲ့ကို မွန်မြတ်သော သံဃာ့အဖွဲ့အစည်းကြီး အဖြစ် “တရားဝင်” အသိအမှတ် ပြုပေးသည့်အပြင် “ရဲရဲတောက် ဘာသာစောင့်အဖွဲ့ကြီး” အဖြစ် ဘိသိက်သွန်းခဲ့သည်မှာလည်း မဆန်းလှပါ။ ဆန်းသလောက် ခု စာရေးသူ ဖော်ပြရမည့် အကြောင်းအရာမှာ ၄င်း သီတဂူ၊ မဘသ၊ မဟန နှင့် ‘ဂိုဏ်းပေါင်းစုံသံဃအစည်းအဝေး’ စသဖြင့် တို့၏ လုပ်ရပ်သည် ဗုဒ္ဓဘုရားရှင် ချမှတ်ခဲ့သော မူဝါဒကို လုံးဝ ဆန့်ကျင် နင်းချေဖျက်နေခြင်း ဖြစ်သောကြောင့် ထိုလုပ်ရပ်တို့သည် “တရားဝင်ခြင်း” လုံးဝ မရှိကြောင်း ဆိုတာကို ဖြစ်ပါသည်။

ခု ကျွန်တော် ဖော်ပြခဲ့သော ပထမသင်္ဂါယနာဝင် ရှေးဦးဆုံး မထေရ်ကြီးများ အပြန်အလှန် ဆွေးနွေးမှု လေးငါးကြောင်းမျှ ကို ဖတ်ရူလိုက်ရလျှင်ပင် လက်ရှိ ‘ထေရဝါဒ’ ဗုဒ္ဓသာသနာကို ကာကွယ် စောင့်ရှောက်နေသူများ ဟု နာမည်ခံထားသော ဗမာပြည် ဘုန်းကြီးတို့တွင် တကယ့်စစ်မှတ်သော “ထေရဝါဒ” အသိဟုလည်း မရှိ၊ ဒါ့ထက်ဆိုးသည်မှာ ၄င်းတို့၏ ကောက်ကျစ်မောက်မာလှသည့် အသိကို ‘ထေရဝါဒ’ အဖြစ် သူတို့ဟာသူတို့ ယုံကြည်၊ အများပြည်သူကိုပါ ဤ ကောက်ကျစ်ယုတ်ညံ့လှသည့် အတွေးအခေါ်၊ အပြုအမူ၊အကြံအစည်တို့ကို “ဗုဒ္ဓဓမ္မ သာသနာတော်ကြီး” အဖြစ် ပုံသွင်းကာ ကိုးကွယ်ခိုင်းနေပါသည်။ ဝီရသူသည် အလွန် ကောက်ကျစ်၏၊ ဒါပေမယ့် အစိုးရ၏ နှိပ်စက်မှုကို အနည်းအကျဉ်း ခံခဲ့ရဘူး၊ ငယ်ဘဝလည်း နာဘူးသောကြောင့် တခါတခါတွင် “ငါတို့ လိမ်နေကြတာပါ” ဟု နိုင်ငံခြားစာနယ်ဇင်းသမားတို့ကို လွတ်ကနဲ ဝန်ခံ အသိတရားဝင်တတ်ပါသေးသည်။ လူ့လောကအကြောင်းကို ဘာမှမသိသလောက် သူ့ကိုယ်သူ အပြည့်စုံဆုံး အသိတရား ရှိသူဟု ထင်နေသူ သီတဂူ တမူကား ရှေ့က ကောက်ကျစ်စဉ်းလဲသူထက်ပင် အတိုင်းမက ကောက်ကျစ်စဉ်းလဲ၍ အကောက်ကျစ်အယုတ်မာဆုံးသူ ပေတည်း။

အာဏာရှင် နေဝင်းသည် သံဃမဟာနာယက (လက်ရှိမဟန) အဖွဲ့ကို ဖွဲ့စည်းရာတွင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံက ရဟန်းသံဃာ မှန်သမျှသည် (ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ၊ ပါမကျန်) မဟန လက်အောက်ခံအဖွဲ့ ဖြစ်သည်ဟု မျက်နှာထားတင်းတင်းနဲ့ ဆိုခဲ့လေသည်။ နေဝင်းနဲ့ အလားတူပါပဲ၊ ယခုအခါမှာ သီတဂူဘုန်းကြီးသည် “ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ သံဃာ့ အဖွဲ့အစည်းတည်ဆောက်ပုံ ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရမည်၊ ‘မဘသ’ အပါအဝင် အသိအမှတ်ပြုသင့်သော အဖွဲ့အစည်းတို့ကို အသိအမှတ်ပြုရမည်” ဟု ဟိန်းဟောက် အမိန့်ပေးလာပါသည်။ သည်ဘက်တခြမ်းက သင်း၏ ဆိုလိုရင်းမှာလည်း အသိအမှတ် မပြုသင့်သော အဖွဲ့အစည်းတို့ကို သံဃာ့ အဖွဲ့အစည်းအဖြစ် ခေါ်ဝေါ်ခြင်း မပြုရဘူးဟု ဖြစ်ကာ ၄င်း “နိုင်ငံတော်အဆင့်” ဘုန်းကြီးခေါင်းဆောင်ဆိုသူ တို့၏ အသိအမှတ်ပြုခြင်းကို မခံရသူသည် “ရဟန်းသံဃာ” ဟု မခေါ်ဝေါ်ရဘူးဟု ဆိုနေခြင်း ဖြစ်ပါ၏။ တနည်းပြောရလျှင် နေဝင်းကတော့ “ရဟန်းဆိုရင် သူပုန်ဖြစ်တတ်လွန်းလို့” ဆိုတဲ့ သံဃာကို (ချေမှုန်းရန်) စစ်ရေးရည်ရွယ်ချက် နှင့် သံဃနာယကကို ဖွဲ့စည်းခဲ့သည်။ သီတဂူ ဆိုတဲ့ သည်မိစ္ဆာရဟန်း ကတော့ သံဃာဆိုတာ ငါလို ဥာဏ်ကြီးရှင်မျိုးတွေကသာ (ပုံစံချ အသိအမှတ်ပြုပြီး ဖွဲ့စည်းခိုင်ခံ့ရန်) ဆိုပြီး စီမံခန့်ခွဲမှု အာဏာရူးနေခြင်း ဖြစ်ပါသည်။

နေဝင်း၊ ခင်ညွှန့်စသည့် စစ်အာဏာကိုင်တို့က သံဃာကို ကြုံးသွင်းရန် မဟနကို ဖွဲ့စည်းခဲ့ခြင်း၊ ခုခါမှာ ဝီရသူ၊ အင်းစိန်၊ မဘသ၊ သီတဂူ နှင့် မဟန စသူတို့၏ “သံဃာ့အာဏာကို ခွဲဝေပေးရေး” လှုပ်ရှားမှုများတွင် ကျွန်တော်တို့ ထင်ရှားသိသာစွာ မြင်နိုင်သော အဓိကအချက်နှစ်ချက် ရှိပါ၏။ ပထမ တချက်မှာ ၄င်းပုဂ္ဂိုလ်တို့သည် မိမိကိုယ်ကို (ဗုဒ္ဓမှ လုံးဝခွင့်ပြုချက် မပေးခဲ့သည့် ) “ရဟန်းခေါင်းဆောင်” အဖြစ် မှတ်ယူလုပ်ဆောင်နေခြင်း ဖြစ်ပြီး ဒုတိယတချက်မှာ သံဃာဆိုတာကို ၄င်း ရဟန်းခေါင်းဆောင်ကြီးတွေမှ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေရဲ့ အောက်တွင် ရှိနေမှသာ တရားဝင်သံဃာ ဖြစ်သည်ဟု ထင်မြင်နေခြင်း ပါတည်း။

ဤကိစ္စကို ကျွန်တော့် ဖွဘုတ် (Facebook) တွင် လွတ်ကနဲ တုံ့ပြန်ထားသော စာတိုကလေးမှာ ခပ်ကျဉ်းကျဉ်းကလေးနဲ့ လိုရင်းတို့ကို ခြုံငုံထုတ်နူတ်ပြထားပါသောကြောင့် အဲသည် စာကလေးကိုပဲ အနည်းငယ်မွမ်းမံပြီး သည်ဆောင်းပါးမှာ ယူလို့သုံး၊ ကျွန်တော်ဖော်ပြ မျှဝေလိုပါသည်။

“ကျနော် တစ်ခုပြောပါရစေ။ ခုရက်ပိုင်း သံဃအဖွဲ့အစည်း တည်ဆောက်ပုံဟာ ဟိုလို ဖြစ်ရမယ်၊ သည်လို ဖြစ်ရမယ်လို့ ရှိရင်းမဟနက တစ်မျိုး၊ မဘသက တစ်မျိုး၊ သီတဂူ စသည်က တစ်မျိုး ကိုယ့်ကိုကိုယ် ဘုန်းကြီးခေါင်းဆောင်ဆိုသူတွေလို့ ယူမှတ်သူတွေက ပြောလာကြပါတယ်။ သည်လို လုပ်ရပ်တွေဟာ “ရဟန်း” ဆိုတာကို “အဖွဲ့အစည်း” ဆိုတာနဲ့ ပြောင်းပြန် သတ်မှတ်ဖို့ တရားနည်းလမ်းမကျ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဗုဒ္ဓ၏ မူရင်းမိန့်မှာချက် အရ မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှ သံဃာ့အဖွဲ့အစည်းတည်ဆောက်ပုံ ဆိုတာ ဟိုလိုပုံစံ သည်လိုပုံစံ ဖြစ်ရမယ်ဆိုပြီး သတ်မှတ်ပိုင်ခွင့် မရှိပါ။ ဘုရား၏ နောက်ဆုံး အသေအချာ မှာကြားသတ်မှတ်ချက် အရ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် ဘုန်းကြီးကမှ ကိုယ့်ကိုကိုယ် သံဃာထု ရဲ့ ကို်ယ်စားလှယ်၊ ခေါင်းဆောင် ဖြစ်တယ်ဆိုပြီး အမည်ခံယူခွင့်၊ မဏ္ဍပ်တိုင်ပေါ်တက်ပိုင်ခွင့် မရှိပါ။

ဒုတိယ သင်္ဂါယနာတင်ရတဲ့ အကြောင်းရင်းဟာလည်း “တစ်ပါးချင်းသာ ရှိတဲ့၊ တစ်ဖွဲ့တည်းပဲရှိတဲ့” သံဃာကို “တရားဝင်” ကိုယ်စားပြုဖို့ ရဟန်းမောက်မာတွေက ကြိုးစားတဲ့ ကိစ္စကနေ စခဲ့တာဖြစ်ပြီး သည်လိုလုပ်တာကို လုံးဝ တရားမဝင်ကြောင်း အတိအလင်း တားမြစ်ခဲ့သလို ရဟန်းမောက်မာတွေကို ဝန်ခံစေခဲ့ပြီး သာသနာကို ပြန်တည့်မတ်ခဲ့ရပါတယ်။

တပါးချင်း (individual) ကို ဝိနည်းတော်နဲ့ − အကန့်အသတ်မဲ့ လွတ်လပ်ကောင်းမွန်စွာ မိမိဘာသာ ကျင့်ကြံပိုင်ခွင့်−ပေးထားတဲ့ သာသနာမှာ ဘယ်လို ဖွဲ့စည်းပုံမျိုး၊ဘယ် အဖွဲ့အစည်းနဲ့ နေတာကမှ တရားဝင်တယ်ဆိုပြီး အစိုးရအာဏာ နဲ့ ‘ရဟန်း’ ကို ‘သီးသန့် အဖွဲ့အစည်း’ ဝင် တခု ဖြစ်မှရတယ်လို့ ဆိုပြီး ပြောင်းပြန် ပိုင်းဖြတ်သတ်မှတ်ပိုင်ခွင့် လုံးဝမရှိပါ။ မည်သည့် အစိုးရဥပဒေ နှင့်မှ “ရဟန်း” ဆိုတာ ငါတို့ သည်လို တရားဝင် အဖွဲ့အစည်းနဲ့ ခွင့်ပြုမှ၊ ငါတို့ နေရာချသလို နေမှ ရတယ်ဆိုပြီး စီမံလုပ်ပိုင်ခွင့်မရှိပါ။

ဗုဒ္ဓသာသာနာ ဟာ မည်သည့် လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၏ အာဏာစက်၊ ခွင့်ပြုမိန့်၊ ကိုယ်စားပြု (၍ညွှန်ကြား၊တောင်းဆို) အောက်တွင်မှ မရှိပါ။

ဒါကြောင့် သည်လိုမျိုး သမုဒ္ဒရာကြီးကဲ့သို့ ကျယ်ပြောလွတ်မြောက်တဲ့ ဗုဒ္ဓသာသာနာမှာ ရဟန်းကို “အဖွဲ့အစည်း” နဲ့ “အစိုးရအာဏာ”နဲ့ ကန့်သတ် အသတ်မှတ်ခံရမယ်ဆိုပြီး စည်းဝေးနေတဲ့ ဂိုဏ်ပေါင်းစုံ အစည်းအဝေး ဆိုတာမျိုးရော၊ ဒါမျိုးကို တောင်းဆိုပြနေတဲ့ (ဗုဒ္ဓဘုရားရဲ့ စည်းမျဉ်းဓမ္မ ကို ချိုးဖောက်ပြီး) ဘုန်းကြီးခေါင်းဆောင် တက်လုပ်နေတဲ့ ဘုန်းကြီးတွေရဲ့ လုပ်ရပ်တွေဟာ ဗုဒ္ဒရဲ့ မူရင်း တရားဓမ္မအရ “တရားဝင်” ခြင်း လုံးဝ မရှိကြောင်း ကျွန်တော် ကြေငြာအသိပေးလိုပါတယ်”

အခုတင်ပြခဲ့သလောက် လိုရင်းအနှစ်ချုပ်မှာ ဗမာပြည်က ‘ထေရဝါဒ ဗုဒ္ဓသာသနာ’ ဆိုသည်တွင် အာဏာလက်ဝယ်ရှိသူက တဆင့်ခံ ခွင့်ပြုထားသည့် ‘သံဃအဖွဲ့အစည်း’ ကနေ၍ ပေးသနားသော တရားဝင်ခွင့်ပြုချက် ရရှိမှသာလျှင် “ရဟန်းသံဃာ” ဟု ခံယူပိုင်ခွင့်ပေးထားသော စနစ်ယုတ်ပဲ့ကြီး — ဘုရင့်အာဏာက ဘာသာသာသနာ၏ အထက်မှာ လာနေ၊ ဘာသာ သာသနာကို အစိုးရဆိုးတို့က ခေတ်အဆက်ဆက် လိုရာပုံသွင်းထားသော ကိစ္စအပြင် — သည်ဘက် မော်ဒန်ခေတ်မှာ သီတဂူ၊ဝီရသူ စသော ခေတ်မီအမြင်ကျယ် ဘုန်းကြီးဆိုသူတို့သည် ဤ ပုံစံချဘာသာ သာသနာကြီးကို ဘဝင်တလုံးတပ်ပြီး ကြိုးကိုင်ချင် — အုပ်ချုပ်စီမံခန့်ခွဲပိုင်ခွင့် အာဏာကို ခွဲဝေရယူရန် မက်မောစွာ ကြိုးစားနေသည့် ကိစ္စ — ဒါမျိုး သာသနာကို ဝီရသူ နဲ့ သီတဂူရဲ့ ဥာဏ်စွမ်းဥာဏ်စအောက်မှာ ရှိတဲ့ သာသနာ ဖြစ်လာစေရန်ဟု ကြိုးစားနေသည့်ကိစ္စကို ဤသူတို့ကနေပြီး သာသနာကြီးကို ကာကွယ်စောင့်ရှောက်နေခြင်း ဟု အထင်မြင်ခံလိုခြင်းတို့သည် ဗုဒ္ဓ၏ မူလ လမ်းညွှန်ချက်အရလည်းကောင်း ၊ မူရင်း တရားဓမ္မအရလည်းကောင်း ဆီလျော်မှန်ကန်သည့် လုပ်ရပ်တို့ မဟုတ်ကြောင်း ဆိုသည်မှာ ကျွန်တော့် တင်ပြလိုရင်း ပါတည်း။

သည်နေရာမှာ ဝီရသူလိုလူမျိုးသည် သူလုပ်တာတွေ မဟုတ်မှန်းသိသည့် စိုးရွံ့စိတ်များ မကြာခဏ ဖြစ်သည်ကို ကျွန်တော် လူကဲခတ်ကြည့်သလောက် ရိပ်မိသိရှိပါသည်။ ပြစ်မှုများစွာကို ကျုးလွန်ခဲ့ပြီး ဖြစ်သော၊ မိမိသည် ပြစ်မှုတို့ကို ကျုးလွန်ခဲ့သည်ဟု သံသယဝင် သိရှိထားသည့် ဝီရသူမှာ တစုံတခုသော အတိုင်းအတာလောက် အထိ ဝေဖန်စဉ်းစားနိုင်သော အသိဥာဏ်မျိုးရှိ ၊ တချိန်ချိန်မှာ ၄င်းသည် နောင်တအကြီးအကျယ်ရ ဝန်ခံနိုင်ပါသည်။ သီတဂူလို လူမျိုးကတော့ ဒါမျိုး ဝေဖန်နိုင်သော အသိဥာဏ်မျိုးလည်းမရှိ ၊ လူပြိန်းသက်သက်ဖြစ်သည့်အပြင် ၄င်းတွင် သားရဲတိရစ္ဆာန် အခြေခံမူလစိတ် (Primitive instincts) လွှမ်းမိုးသူ ဖြစ်ရကား ထိုသူမျိုးသည် “မှားယွင်းယုတ်မာသော အယူဝါဒ အပြုအမူ” တို့ကို “ဗုဒ္ဓတရား” ဟု အသိအမှတ်ပြု ဖြန့်ဝေဖို့ အားထုတ်ဖို့ရန် မရှက်မကြောက်သူ ပါတည်း။ သို့သော်လည်း ဗမာဗုဒ္ဓဘာသာ သူသူငါငါတို့သည် “ထောင်ထွက် မွတ်စ်ဆလင်မုန်းတီးရေး လုပ်တဲ့ ဝီရသူသာ ဆိုးတာပါ၊ ဗမာလူမျိုး ကောင်းရာကောင်းကျိုးကို ပရဟိတ အလုပ်တွေကို တစိုက်မှတ်မှတ် လုပ်တဲ့ သီတဂူကတော့ သူ့စိတ်ရင်း မဟုတ်ပါဘူး” ကိုးကွယ်ရာ လောက်လောက်လားလား မရှိခဲ့သော ဗမာပြည်တွင် သူတို့ စိတ်မှန်းကလေးနှင့် လှမ်းကြည်ညိုခဲ့ရသော “သီတဂူဆရာတော်ဘုရားကြီး” ဟူသော မိမိ၏ “အတ္တပုံရိပ်ကလေး” ပျောက်ပြယ်သွားမှာ စိုးရိမ်၊ ဤ လူယုတ်မာ တစောက်ကန်းအတွက် ဖြေတွေး တွေးပေးတတ်ပါသည်။

ဒါကိုလည်း ကျွန်တော့် အနေဖြင့် အပြစ်မတင်လိုပါ။ သို့သော် ကျွန်တော် ထောက်ပြဝေဖန်လိုသည့် အချက်မှာ ကျွန်တော်တို့တတွေဟာ စဉ်းစားသုံးသပ်စရာ အချက်အလက် မပြည့်စုံဘဲနှင့်၊ မကြာမကြာဆိုသလိုလည်း ဒါ့ထက်ဆိုးဝါးတတ်သည်မှာ အချက်အလက်များ ကျွန်တော်တို့တွင် လုံးဝ ပျောက်ဆုံးကင်းမဲ့လျက်ရှိသော အခြေအနေမျိုးဖြင့် တခုခုကို ရွေးချယ် ဆုံးဖြတ်တတ်ရပါသည်။ နောင်ခါမှာ ကျွန်တော်တို့တွင် စဉ်းစား သုံးသပ်စရာ အချက်အလက်တို့ကို ပြည့်ပြည့်စုံစုံ ရရှိလာခဲ့သော် ငါတို့သာ ယခုကဲ့သို့ အချက်အလက် ပြည့်ပြည့်စုံစုံ သိရှိနားလည်ထားခဲ့မိပါလျှင် ငါတို့ ဒါမျိုးကို ယခင်က ရွေးချယ်လိုက်မိမှာ မဟုတ် ဆိုသော သဘောကို အသူသည် တုံ့ပြန်ငြင်းခုံနိုင်ပါအံ့။

ထို့ကြောင့် ကျွန်တော့်အနေဖြင့် ဤပုဂ္ဂိုလ်တို့ကို ဝေဖန်ရာတွင် (ခုခါမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နည်းပေးလမ်းပြ အမြစ်တွယ် ခိုင်မာလာပြီဖြစ်တဲ့) ဘုရားအာဘော်နဲ့ ဆန့်ကျင်ပြီး လိမ်ညာလှည့်ဖြားတဲ့ ဘုန်းကြီးကဝေ အတတ်တွေ၊ အပြုအမူတွေဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာကို ပြလိုရင်းသာ ဖြစ်ပြီး နောင်ခါမှာ ပရိသတ်အနေဖြင့် ဝီရသူ၊ သီတဂူ ရယ်လို့မှမဟုတ်၊ မည်သို့သော ရဟန်းဟာ တရားဓမ္မနှင့် အညီ မကျင့်ကြံ၊ အစစ်အမှန် ရဟန်းမဟုတ် ၊ ကိုးကွယ်ရာလို့ မသတ်မှတ်နိုင် ဆိုတာကို အချက်အလက် ပြည့်ပြည့်စုံစုံ ပိုမိုရရှိ၊ ချင့်ချိန်နိုင်ပြီး ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်တို့ကို သုံးသပ်လုပ်ဆောင်နိုင်ဖို့ဌာ ကူညီပေးဖို့သာ ကျွန်တော့်စာ၏ လိုရင်းပေတည်း။

အခြေခံသားရဲတိရစ္ဆာန်စိတ် (Primitive instincts) ဆိုတာ အိပ်စားကာမ ဤသုံးဝသာ သိသောစိတ်လို့ မဆိုလိုပါ။ ဆိုလိုရင်းမှာ ကျွန်တော်တို့အားလုံး၏ လူ့သဘာဝတွင် အခြေခံအားဖြင့် ဖြစ်ပေါ်သော “အခြေခံ စိတ်ခံစားမှု” (basic instincts) တို့ကို ရှက်ကြောက်ဝေဖန်တတ်သော အဆင့်မြင့် အသိတရား (higher cognitive functions) တို့ဖြင့် ထိန်းကွပ်ပဲ့ပြင်မှု မရှိဘဲ ၄င်းအခြေခံ စိတ်ခံစားမှု အတိုင်း (တိရစ္ဆာန်တို့အတိုင်း) လိုက်လံ လိုက်ပါဆောင်ရွက်ခြင်းကို ကျွန်တော်တို့သည် Primitive instincts (ဝါ) အခြေခံသားရဲတိရစ္ဆာန်စိတ် ဖြင့် ပြုမူသော အပြုအမူ၊ တနည်းအားဖြင့် သားရဲတိရစ္ဆာန် အပြုအမူဟု ခေါ်တွင်ပါသည်။ တနည်းအားဖြင့်လည်း “မိမိ၏ ရှင်သန်ရပ်တည်မှုသာ ပဓာန” ဆိုသော သဘောနှင့် အထိန်းအကွပ်မဲ့စွာဖြင့် အခြေခံမူလ အတ္တစိတ်အတိုင်း အရှက်အကြောက် ဆင်ခြေတုံတရားမရှိ ပြောဆိုလုပ်ကိုင်တာ မှန်သမျှကို Primitive instincts လို့ ခေါ်ဝေါ်နိုင်ပါသည်။ တခု သတိထားအပ်သည်မှာ ဒီမိုကရေစီ နှင့် လစ်ဘရယ် လူ့ဘောင်စနစ် တို့ဆိုတာဟာ ဤ primitive instinct တို့ကို ပြည်သူပြည်သား တစ်ဦးချင်းမှ မိမိကိုယ်ကို အသိတရားတိုးမြှင့် ထိန်းချုပ်ပြုပြင်နိုင်ရန် ဦးတည်ရည်ရွယ်ပြီး လုံးစည်းစနစ်ကို ဖော်ဆောင်သော လူ့ဘောင် (Totalitarian system) တို့ကမူ ပြည်သူပြည်သားများတွင် ၄င်း “အခြေခံ စိတ်ခံစားမှု” တို့ လွှမ်းမိုးဖြစ်ပေါ်စေရန် တမင် ပုံစံသွင်းကာ၊ ဒါ့ထက်ပြင် ဆိုးဝါးလှသည်မှာ ထိုလုံးစည်းလူ့ဘောင်တို့သည် သားရဲတိရစ္ဆာန်စိတ် လွှမ်းမိုးသူတို့ကိုသာ ထိပ်တန်းခေါင်းဆောင်ဖြစ်ခွင့် ပေးခြင်း၊ ဖြစ်လာမြဲ ဖြစ်ခြင်း ဟူသည့် အစဉ်အလာဆိုးတို့ ရှိပါသည်။ တကယ်တော့ လူ့ယဉ်ကျေးမှု သမိုင်း တလျှောက်လုံး ကို ရိုးရိုးလေး သုံးသပ်လျှင် လူသားသည် မိမိ၏ primitive instinct ကို ထိန်းချုပ်နိုင်ရန် ၄င်းနှင့် ဘတပြန် ကျားတပြန် နဘမ်းလုံးနေရသော ဖြစ်အင်ဟုလည်း ရူနိုင်ပါသည်။

ဟုတ်ကဲ့၊ အခြေခံ သားရဲတိရစ္ဆာန်စိတ်ဆိုတာ ဗုဒ္ဓတရားနှင့် ပြောမည်ဆိုလျှင် ပဌာန်းတရားတော်လာ မူလရေသောက်မြစ်စိတ် သုံးမျိုးဖြစ်ပါသည်။ ယင်းတို့မှာ lust – ငါမှငါ၊ ငါ့ဥစ္စာ၊ ငါ့ကျွန်၊ ငါ့သခင် စသော အုပ်စီးလိုသည့် ခက်ထန်သည့် အာသီသ)၊ malice – တစ်ဖက်သူကို မုန်းတီးရန်လိုမှု၊ delusion – ရှေ့စိတ်နှစ်မျိုးကို တရားမှန်ကန်ဖြစ်သည်ဟု ထောက်ခံသော အသိတရား (ဝါ) ရှေ့စိတ်နှစ်မျိုးကို ထိန်းကွပ်ပြုပြင်ရမည်ကို မသိမေ့လျော့သော မောဟတရား၊ ဤ သုံးမျိုးပါတည်း။ တနည်းအားဖြင့် အကုသိုလ်စိတ်မှန်သမျှသည် မောဟကို အခြေခံသည်ဟုလည်း ဆိုနိုင်ပါသည်။ အဘယ်ကြောင့်လည်း ဆိုသော် ကျွန်တော်တို့ဟာ မောဟ လွှမ်းမိုးရင်ဖြင့် အဆင့်မြင့် အသိတရားများဖြစ်သော ရှက်ကြောက်ထိန်းကွပ်ရန် ဟူသော ဆင်ခြင်မှုသည် အာရုံမှာမသက်ဝင်၊ မိမိ၏ အုပ်စီးလိုမှု ၊ ရန်လိုမုန်းတီးမှုတို့ကို အတောမသတ် အကောင်အထည်ဖော်တတ်သောကြောင့် ပါတည်း။

မေ့လျော့မှုဟု ကျွန်တော်တို့ လွယ်လွယ်ခေါ်သော မောဟကို အဘိဓမ္မာသဘောအားဖြင့် ထပ်ပြီး နှစ်ခြမ်းခွဲလို့ ရပါသေးသည်။ ပထမ တခြမ်းမှာ “အရှက်အကြောက်မရှိခြင်း” (non-fear) နှင့် နောက်တခြမ်းမှာ “ရုန်းရင်းဆန်ခတ်မှု =အခြေခံမူလစိတ် လောဘဒေါသတို့ဖြင့် လွှမ်းမိုးလုပ်ဆောင်သည် ကို မှန်သည်ဟု မထီမဲ့မြင် အတည်ပြုခြင်း” (disrespect) တို့ ဖြစ်ပါသည်။ အဘိဓမ္မာကောသကျမ်း အလို ရှိရှိသမျှ အကုသိုလ်တရားမှန်သမျှသည် ဤ မောဟနှစ်ပါးကိုသာ အခြေခံပါသည်။ ဤမောဟနှစ်ပါးကို အဆင့်မြင့် အသိတရား (ခန္တီ၊ ကရုဏာ၊ သစ္စာ စသဖြင့်) တို့ဖြင့် ထိန်းကွပ်ခြင်းမရှိ ၊ သည်မောဟနှစ်ပါး နဲ့ လုပ်တာဟာ တရားသည်ဟု ယူလျှင် ကမ္ဘာအဝှမ်း အကုသိုလ်စိတ်တွေ ၊ ကြီးနိုင်ငယ်ညှင်း အကုသိုလ် အပြုအမူတွေ မျိုးစုံ လွှမ်းမိုးပြန့်ပွားသွားပါလိမ့်မည်။ တကယ်တော့ ခေတ်ပေါ်စိတ်ပညာပိုင်းက မီးမောင်းထိုးပြသော sense of insecurity (ကိုယ့်ကိုကိုယ် မလုံခြုံသောစိတ်) နှင့် ဗုဒ္ဓအဘိဓမ္မာကလာသော လူသားတိုင်း၏ မူလဘူတ စိတ်အခြေခံတွင် ရုန်းရင်းဆန်ခတ်မှု (disrespect (ဝါ) violence) တို့သည် သဘောတရား များစွာ ဆင်တူပါသည်။

ဤ အခြေခံသဘောကို ပြသပြီးနောက်တွင် ကျွန်တော့်အနေဖြင့် သီတဂူဘုန်းကြီးကို “အခြေခံသားရဲ တိရစ္ဆာန်စိတ် လွှမ်းမိုးသူ” ဟု ပြောရခြင်း အကြောင်းရင်းတို့ကို ရှင်းပြနိုင်ပြီ ဖြစ်ပါသည်။ ကျွန်တော့် ပုဂ္ဂလ တစ်ဦးချင်း အနေနှင့်ကတော့ လက္ခဏာပညာကို အတိုင်းအတာ တစုံတရာအထိ ကျွမ်းကျင် လေ့လာတတ်မြောက် နားလည်ခဲ့သော ကျွန်တော်သည် သီတဂူ၏ လက်ဖဝါးက လက္ခဏာကို တချက်မြင်လိုက်ရုံနှင့် တန်းသိပါသည်။ ၄င်းသည် မူလဘူတ ရုန်းရင်းဆန်ခတ်စိတ် (disrespect/ violence) လွှမ်းမိုးသူ တဦးဖြစ်ပြီး ဒါကြောင့်လည်း စစ်အစိုးရ၏ အကြမ်းဖက်စိတ်ကို အသားပေးသော ပုံစံချဒီဇိုင်း အရ စင်ပေါ်ရောက်လာရခြင်း ဖြစ်ပါသည်။ ကျွန်တော့်အနေဖြင့် တပ်အပ်မပြောနိုင်သော်လည်း စစ်အာဏာကိုင်တို့ ဖက်တွင် လက္ခဏာပညာကို အထူးကျွမ်းကျင်သူတို့ ရှိနိုင်ပြီး ဘုန်းကြီးတွေ၏ ကြန်အင် လက္ခဏာတို့ကို ကြည့်ကာ “သည်ကိုယ်တော်ကဖြင့် လက္ခဏာဆိုးလွန်းတယ်ဟ၊ သူ့ကို ထိပ်တန်းဖြစ်အောင် တင်ပေးလိုက်” ဟု အရင်ကတည်းကလည်း ကြိုလုပ်ထားလည်း လုပ်နိုင်ပါသည်။ လုံးစည်းနိုင်ငံတို့တွင် “ပုံစံချခြင်း” ဆိုသည်မှာ ပုံပြင်လှလှကလေးတွေ ပြောနေသလားဟု ထင်ရလောက်အောင် အမျိုးမျိုး အဆန်းတကြယ် ကြံဆောင်တတ်ကြပြီး ဒါမျိုးဟာလည်း မလုပ်ထားဘူးလို့ ပြောလို့ မရပါ။ သာသနာ တစ်ခုလုံး သူ့လက်အောက်ခံ အဖြစ် ထိန်းချုပ်ရန်၊ ဗိုလ်လောင်းသင်တန်း ဆိုတာမျိုးကို ဦးနှောက်ကောင်းသော လူတွေ ဝင်လာခြင်းမရှိစေရန် စီမံခဲ့သော အစိုးရအတွက်၊ ဗေဒင်ယတြာ ယန္တရားဆိုတာကို ၄င်းတို့ အာဏာ တည်မြဲရေး အတွက် ယုံကြည်ကိုးကွယ်သော စစ်အာဏာကိုင်တို့သည် လက္ခဏာ ဖတ်ပြီး အယုတ်မာဆုံး လူကို နာမည်ကြီးအောင် လုပ်ပေးဖို့ ပင့်တင်ပေးဖို့ ဆိုတာဟာလည်း ခက်လှသော ကိစ္စမဟုတ်ပါ။ ဒါကြောင့် သိပ္ဗံနည်းကျ မျက်မြင်အထောက်အထား လက်ဆုပ်လက်ကိုင် မရှိပေမယ့် ဒါမျိုးကိစ္စဟာလည်း ဖြစ်နိုင်လောက်သည် ဟု အခြေအနေ နှင့် ရလဒ်တို့ကိုယှဉ်ထိုး ၊ ရလဒ်ကနေ ပြောင်းပြန်ပြန်စဉ်းစားကာ ကျွန်တော်ယူဆမိသည့် အတိုင်း၊ နောက် ကျွန်တော်ပြောလိုသည့် Primitive instincts လွှမ်းမိုးသူတို့သာ ခေါင်းဆောင်ဖြစ်လာမှုဆိုတာကို လေးနက်စေလိုသည့်အတိုင်း ဒါမျိုး “လူရွေးပွဲ” အကြံအစည်မျိုးကိုလည်း ထည့်ယူစဉ်းစားသင့်သော အချက်တစ်ချက် အဖြစ် တင်ပြလိုက်ပါသည်။ ဂျာမနီမှာနာဇီခေတ်မှာလည်း ဟင်းမလား သည် နာဇီလူငယ် ခေါင်းဆောင်တွေကို ကြန်အင်လက္ခဏာကို ကြည့်၍သာ ရွေးချယ်ခဲ့သော သမိုင်း အထင်အရှား ရှိခဲ့ဘူးပါသည်။

အခုတခါ ကျွန်တော်သည် တရားဓမ္မနည်းလမ်းအားဖြင့်ပင်လျှင် သီတဂူပုဂ္ဂိုလ်၏ အခြေခံစရိုက်လွှမ်းမိုးမှုကို အခိုင်အမာ ပြုရပါအံ့။ ဘဝအတွေ့အကြုံ ရင့်ကျက်သူ၊ အထူးသဖြင့် အင်္ဂဝိဇ္ဖာစသော အတတ်မျိုးတွင် အာရုံရှိသူသည် ဤပုဂ္ဂိုလ်၏ အသံကို ကြားရုံနှင့်ပင် ၄င်းပုဂ္ဂိုလ်သည် လောဘ၊ ဒေါသ၊ မောဟ အခြေခံမူလ သားရဲတိရစ္ဆာန်စိတ်များ အပြင်းအထန် လွှမ်းမိုးနိုင်သူ ဖြစ်ကြောင်း အလွယ်တကူ သိနားလည်နိုင်ပါသည်။ ဒါပေမယ့် သည်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် လူအများအနေဖြင့် ရူပ်ထွေးစရာ ဖြစ်ရသည်မှာ ဤသူ တဦးတည်းကပင် အဆင့်အတန်း အလွန်မြင့်လှသော အယဉ်ကျေးဆုံး ဗုဒ္ဓတရားတို့ကို အသံနေအသံဝါကြီးနှင့်၊ ပါဠိကမ္မဝါတွေ သုံးကာ ဟောပြောရွတ်ပြနေခြင်း ဖြစ်သည်။ ယဉ်ကျေးလိမ္မာ အဆင့်မြင့်တရားကို ဟောပြောရွတ်ပြသူသည် ယဉ်ကျေးလိမ္မာ အဆင့်မြင့်အသိတရား ရှိသူဟု မှတ်ရမပေလိမ့်။ ဒါမျိုး မဟုတ်ပါ၊ ဤသူဟောသော တရားသည် “ယဉ်ကျေးလိမ္မာ အဆင့်မြင့်တရား” မဟုတ်သလို ဟောပြောသော ဤသူသည်လည်း ယဉ်ကျေးလိမ္မာ အဆင့်မြင့်အသိတရား ရှိသူ မဟုတ်ပါ။

ငါတို့သည် အဘယ်ကြောင့် ဤသို့ ဆိုနိုင်သနည်းဆိုသော် ဗုဒ္ဓဝါစန (ဝါ) ဗုဒ္ဓမြတ်စွာကိုယ်တိုင် ဟောကြားခဲ့သော နူတ်ထွက်စကားကို နာယူနားလည်နိုင်ခဲ့သဖြင့် ဤသို့ တပ်အပ် ဆိုနိုင်ပါသည်။ အင်္ဂုတ္တရ နိကာယ် ၃.၃၇ လာ “ဘုရင်တွေ ဟောတဲ့တရား” ဟု အမည်ရသည့်သုတ္တန်ကို ငါတို့ တခဏမျှ နာယူကြည့်ကြပါစို့။

“ရဟန်းတို့၊ အတိတ်တခါက နတ်တို့၏ ဘုရင်ဖြစ်သူ သိကြားမင်းသည် တာဝတိံသာနတ်ရွာက နတ်ပြည်သူ နတ်ပြည်သားတို့ကို ဤသို့ တရားဟောလေ၏

မောင်ရင်မယ်မတို့၊
ငါသိကြားကဲ့သို့ ကျင့်ကြံချင်သူသည်
အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလကို
စောင့်ထိန်းကြပါ

တစ်ဆယ့်လေးရက်၊ တစ်ဆယ့်ငါးရက် လပြည့်လကွယ်
လဝက် ရှစ်ရက်မြောက်မှာလည်းကောင်း
ဥပုသ်သီလကို
စောင့်ထိန်းကြပါလော့

ရဟန်းတို့၊ ဤသို့ ဆိုပေမယ့်လည်း နတ်တို့ကို အုပ်စိုးရသော သိကြားမင်းသည် ဆိုးဝါးစွာ တရားကို ရေရွတ်နေခြင်း ဖြစ်၏၊ ဤသို့ ရေရွတ်ခြင်းသည် ကောင်းမွန်သော ရေရွတ်ခြင်း မဟုတ်။

ဘိက္ခုတို့၊ အသို့နည်း။ အဘယ်ကြောင့် ကောင်းသောလက္ခဏာ ရှိသည့် စကားကို ဆိုပါလျက်နှင့် ဆိုးဝါးသော ရေရွတ်ခြင်းဟု ငါဘုရား ဆိုရပါသနည်း။

သိကြားမင်းသည် အုပ်စီးလိုမှု လောဘ၊ မုန်းတီးစက်ဆုပ်မှု ဒေါသ၊ ရှက်ကြောက်ရမှန်း မသိသော မောဟတို့ဖြင့် ဖုံးလွှမ်းကာ တရားကို ဟောပြော၏။ ဤသို့ အခြေခံစိတ်ရင်းထားရှိမှု မစင်ကြယ်သူသည် တရားဓမ္မ ကို (အများသူငါ ရှေ့မှောက်) ပြောဆိုရေရွတ်ရန် မတင့်တယ်သောကြောင့် ပေတည်း”

တကယ်တော့ တရားဓမ္မဆိုတာ စာသား စကားချည်းသက်သက်သာ ဆိုရင် ကျွန်တော်တို့ အသံသြဇာ အကောင်းဆုံးလူတွေနဲ့ အသံသွင်း ဖိုင်တွေလုပ်ပြီး ပလေယာတွေ၊ ကွန်ပြူတာတွေ၊ တီဗွီတွေကို တသက်လုံး ဟောပြောခိုင်းနေရုံပေါ့။ တကယ်တော့ “တရားဓမ္မ” ဟုတ်လား၊ မဟုတ်လား ဆိုတာကို သတ်မှတ်ဖို့ ဆိုတာကိုက စာသားထက် ဟောပြောနေတဲ့ပုဂ္ဂိုလ်ကနေပြီး တရားကို အမှန်တကယ်ကြည်ညို၊ ထိုးထွင်းနားလည်မှု နဲ့ စိတ်သဘောထား ဖြူစင်မှု အပေါ်မှာ မူတည်တာပါ။ သည်လိုပါပဲ၊ အခြေခံမူလစိတ်တွေ အကြီးအကျယ်လွှမ်းမိုးပြီး ဟောပြောနေတဲ့ သီတဂူ ပါးစပ်ကထွက်တဲ့ စာသားတွေဟာ ဆိုးဝါးသော ရေရွတ်ခြင်းတွေ ပါ၊ တရားဓမ္မလို့ပင် သတ်မှတ်လို့ မရတဲ့ ဟောပြောမှုတွေပါ။ တရားဓမ္မကို ပြောဆိုရေရွတ်ဖို့ရန် မထိုက်တန်လောက်အောင် အခြေခံကောက်ကျစ်စိတ်ထားရှိနေသူက ဗုဒ္ဓတရားတွေကို ဟန်ဆောင်ပန်းဆောင်လုပ်ပြီး သူလိုတဲ့နေရာမှာ ခုတုံးလုပ်အသုံးချလို့ “ဗုဒ္ဓတရားတော် အစစ်အမှန်” သိက္ခာများစွာကျရတဲ့ အဖြစ်ရယ်ပါ။

သည်မှာလည်း မေးစရာ မေးခွန်းတခု ရှိပါသည် “လူအများ မသိမတတ်တဲ့ လက္ခဏာပညာ၊ အစိုးရ လုပ်ကြံမှုစတဲ့ စွပ်စွဲချက်တွေကို မသုံးနဲ့၊ သီတဂူဘုန်းကြီးမှာ အခြေခံမူလစရိုက်တွေ လွှမ်းမိုးတယ်ဆိုတာကို လူအများသိသာ ထင်ရှားအောင် နင်ဖော်ပြနိုင်မလား”

ဟုတ်ကဲ့၊ ကျွန်တော်အသေအချာ ဖော်ပြနိုင်ပါသည်။ ပထမဦးစွာ လွယ်ကူစွာ မြင်နိုင်သော တချက်မှာ အခြေခံသားရဲတိရစ္ဆာန် အမူအကျင့် ကြီးစိုးနေသော မဘသ အဖွဲ့ကို ၄င်းပုဂ္ဂိုလ်က နှစ်နှစ်ခြိုက်ခြိုက် ဂုဏ်တင်ခြင်း ဖြစ်ပြီး ၄င်းမှ မနှစ်မြို့သည့် ‘ရန်သူ လူယုတ်မာ အကြံအစည်ကောင်များ’ ကို လူရှေ့သူရှေ့ အရှက်အကြောက်မရှိ တိုက်ခိုက်နေခြင်း ဖြစ်ပါသည်။ ဒါကို ၂၀၁၃ နှစ်လယ်ပိုင်း မဘသ အဖွဲ့ အစည်းအဝေးတွင် ၄င်းပြောကြားသော မိန့်ခွန်းတွင် အထင်အရှား နားဆင် လေ့လာနိုင်ပါသည်။ (http://www.youtube.com/watch?v=njFM2wioiAU)

ဤအစည်းအဝေးတွင် စကတည်းက ယဉ်ဆိုသလို ဤပုဂ္ဂိုလ်သည် ဂိုဏ်းသစ် မဘသ အဖွဲ့ကြီးကို ဘုရားရှင်ခေတ်က အဂ္ဂသာဝက နှစ်ပါးနှင့်ပင် မနိုင်းအပ် မနိုင်းရာ ခိုင်းနိုင်းခဲ့ပါသည်။ “ရဟန်းသစ်များဖြစ်သော ရှင်သာရိပုတြာ နှင့် ရှင်မောဂ္ဂလန်တို့သည် လဝက်မျှသာ ရဟန်းအဖြစ်ကို ရကြသေးသော်လည်း အားလုံးကို ကျော်ကာ ဘုရားက ခေါင်းဆောင် “ရာထူး” ပေးလိုက်ပါသည်၊ အဂ္ဂသာဝကကြီး နှစ်ပါးဟာ သူများထက်စွမ်းလို့ လူသစ်ဖြစ်ပေမယ့်လည်း ခေါင်းဆောင်နေရာကို ရယူပိုင်ဆိုင် စံစားခွင့် ရှိပေသပေါ့၊ သည်လိုပဲ အရှင်ဘုရားတို့ သံဃာအားလုံးသည် စွမ်းဆောင်နိုင်စွမ်းရှိသူ မဘသအဖွဲ့သစ်ကြီးကို သံဃာကို ဦးဆောင်ခွင့်ပေးလိုက်ပါ”

ကျွန်တော်တို့ ကြားလည်းကြားသာ၊ မြင်လည်းမြင်သာပါ၏ ။ ဤပုဂ္ဂိုလ်တွင် ကျိုးကြောင်းဆင်ခြင်တုံတရားမဲ့စွာဖြင့် အုပ်စီးလိုသော အခြေခံလောဘစရိုက်များ ထူပြော၊ “ရာထူး” ရူးနေသည်မှာ အထင်းပါတည်း။ ဘုရားသားတော်ဆိုသူက ဒါမျိုး ရာထူးရူးနေခြင်းမှာ သင်းကသာ မရှက်တတ်ပေမယ့် ရှက်ကြောက်ဆင်ခြင်တတ်သူ ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန် ရှက်ဖို့ ကောင်းသော ကိစ္စပါတည်း။ တကယ်တော့ “ရှက်ကြောက်ခြင်း” ဆိုတာသည် လက်ရှိဗမာပြည်ကို ဘာလို့ စစ်အာဏာရှင်စနစ်ဟာ နှစ်ရာစုဝက်မက လွှမ်းမိုးထားနိုင်ခြင်း နှင့် များစွာ သက်ဆိုင်ပါ၏။ တကယ်တော့လည်း လုံးစည်းစနစ်တစ်ခု (totalitarianism) ၏ အသက်သည် မရှက်မကြောက်သူ ၊ ဟီရိသြတ္တပတရား ကင်းမဲနေ့သူတို့ကို နေရာပေးထားတတ်စမြဲ ပါတည်း။ ဘာလို့လည်းဆိုတော့ လုံးစည်းစနစ် ခိုင်မြဲဖို့ကိစ္စမှာ အရှက်အကြောက် ကင်းမဲ့သော စီမံဆောင်ရွက်ချက်တွေကို အသိတရားမရှိ လုပ်ဆောင်ပေးသူတို့ ရှိမှသာ ဖြစ်နိုင်ပါ၏။ ဒါကြောင့် လုံးစည်းစနစ်ကို ဖော်ဆောင်သော အစိုးရမင်းတို့သည် — အခြေခံ မူလစရိုက်လွှမ်းမိုးသူ၊ တနည်း အရှက်အကြောက်တရား ကင်းမဲ့နေသူတို့ကို — လူ့ဘောင်၏ ထိပ်တန်းသို့ ရွေးချယ်ခေါ်ငင်တတ်သလို၊ တဖက်တွင် ထိုသူမျိုး ကိုယ်တိုင်တို့ကိုကလည်း လုံးစည်းခေါင်းဆောင်အာဏာကိုင်တို့ စိတ်ကျေနပ်လောက်အောင် အရှက်အကြောက်ကင်းမဲ့စွာ လိုက်နာလုပ်ဆောင်နိုင်သဖြင့်သာ ထိပ်တန်းနေရာကို လိုလိုလားလား ဝင်ယူရဲကြပါ သတည်း။

ငါတို့ သေချာ စဉ်းစားကြည့်ကြပါစို့၊ “မဝေဖန်ရဘူး”၊ “မငြင်းခုံရဘူး”၊ “ဆရာဟာ ဘဝအရှင်သခင်”၊ “ငါတို့ပြောတာ ၏သည်မရွေးမှတ်” ဟူသော သဘောအယူတို့ လွှမ်းမိုးနေသော ဗမာပြည်က အစိုးရဘုန်းကြီးစာ ပညာရေးတွင် ဝင်ရောက်ပြီး ခေါင်းဆောင်နေရာယူသူတို့သည် ဘယ်လိုလူမျိုးသာ ဖြစ်နိုင်ပါသနည်း။ ၄င်းလူတို့သည် ကောက်ကျစ်စွာ အောက်တန်းတမင်ကျအောင်လုပ်ထားသော ပညာရေးကို လိုက်နာ အတည်ပြုပေးနေသည့် ပုလင်းကွဲ ပုဂ္ဂိုလ်တို့သာ ဖြစ်လိမ့်ပေမပေါ့။ ဤသို့သော လူ့ဂုဏ်သိက္ခာမဲ့ ပညာရေးမျိုးတွင် မိမိသည် အများအပေါ်တက်၍ “အောက်တန်းစားပါမောက္ခ” ကြီးလုပ်ကာ “ဘုန်းကံကြီးသူ” ဟု သာယာနေသူသည် အောက်တန်းစား အခြေခံစရိုက် လွှမ်းမိုးသူတို့သာ ဖြစ်လိမ့်ပေ မပေါ့။ ဟုတ်ကဲ့ ၊ ကျွန်တော်ပြောလိုရင်းမှာ ဤသို့ အောက်တန်းစားလူတွေကို ဘုန်းရှင်ကံရှင် ပါမောက္ခကြီးများ အဖြစ် ဒီဇိုင်းချကြံစည်ထားသော ပညာရေးမျိုးကို အမှန်တကယ် ပညာဥာဏ် ထက်မြက်နိုးကြားသူတို့ဟာ ဝင်ရောက်ပူးပေါင်းလိမ့်မှာ မဟုတ်သလို၊ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ပူးပေါင်းမိပြန်လျှင်လည်း လူကောင်းလူတော်တို့ မည်သည် ဤပညာရေးမျိုးကို အနှေးနဲ့ အမြန် ဖဲခွာဖို့ ကြိုးစားပါလိမ့်မည်၊ ကြိုးကိုကြိုးစားလိမ့်မည်သာ ဖြစ်ပါ၏။

တနည်းတဖုံအားဖြင့် စိတ်ပညာအလို လိင်စိတ်ကို အခြေခံသော၊ ငါနှင့်ငါသာ နိုင်းစရာဟု မပြေငမ်းငမ်း မာန်ကြွပျော်မြူးခြင်း၊ အင်္ဂလိပ်အခေါ် lust ၊ ဗုဒ္ဓဓမ္မ အလိုအားဖြင့် “အာသာလောဘ” ဟူသော အဓမ္မအခြေခံမူလစိတ်တို့ ထင်းထင်းကြီး ထင်ပေါ်နေမှုသည် သီတဂူဟောကြားသော တရားအတော်များများတွင် အထင်အရှားတွေ့နိုင်ပါ၏။ ၄င်း ပုဂ္ဂိုလ် ဟောကြားသာ တရားအများစုသည် “ငါတို့ ဗုဒ္ဓဘာသာက ဘယ်လိုဘယ်ဝါ သူများထက် သာထူးမြင့်မြတ်တာ = lust (လောဘ) ၊ ဘယ်လိုကောင်တွေကတော့ဖြင့် ဘယ်လို နိမ့်ကျအောက်တန်းကျတာ = hatred (ဒေါသ)” ၊ ဒါ့အပြင် ၄င်း လောဘစိတ် ဒေါသစိတ်တို့ကို သာယာလျက် ဟောပြောနေခြင်းတို့ဟာ ကြားတတ်ကြည့်တတ်သူတို့ အတွက် ပေါ်လွင်လွန်းပါ၏။

နောက်ပြီးလည်း ခက်သည်မှာ ဒါမျိုး ဤပုဂ္ဂိုလ်သည် လောဘ ဒေါသစိတ်တို့ဖြင့် ဝင့်ကြွားမာန်မြောက်နေခြင်းကို ရှက်ရကြောက်ရမှန်း မသိတာအပြင်၊ လောဘဒေါသကင်းငြိမ်းကြောင်းကို ရည်ရွယ်ကာ ပေါ်ပေါက်လာသော — ၄င်းလို မစင်ကြယ်သော ပုဂ္ဂိုလ်မျိုးမှ ဟောဆိုဖို့ရန် မထိုက်တန်သည့် ဗုဒ္ဓတရားတို့ဖြင့် — ၄င်း၏ အခြေခံ လောဘဒေါသစိတ်တို့ကို ရောပူးလွှတ်ကာ ပရိသတ်ကို ဖြန့်ဖြူးနေခြင်း ပေတည်း။

ငါတို့ သေချာ စဉ်းစားကြပါစို့ “ငါတို့ဟာ ဗုဒ္ဓတရားကို သိသည့်အတွက် တခြားကောင်တွေထက် ငါတို့သည် ပိုပြီး လောဘဒေါသ ကင်းငြိမ်း သာလွန်မွန်မြတ်သူတို့ဖြစ်သည်” ဟူသော တရားစကားမျိုးသည် ဘယ်လိုနည်းနဲ့မှ တစုံတဦးကို လောဘ ဒေါသ လျော့ပါးစေရန် မရှိပါ။ “I desire peace” (ငါသည် ငြိမ်းချမ်းရေးကို လိုလားသည်) ဟု ဆိုသူသည် “လိုချင်နေသရွေ့” ဘယ်တော့မှ မငြိမ်းချမ်းနိုင်၊ ဤသူသည် လူလိမ်ပေတည်း။ ဒါ့အတူ “ငါဟာ အမြတ်ဆုံး ဗုဒ္ဓတရားကို သိလို့ တပါးသူတွေ အားလုံး ထက် သာလွန်မွန်မြတ်သူ”ဟု စွဲယူနေသည့်သူက ဟောသော — ဤ စိတ်အောက်တန်းစားနှင့် lust ထန်သောလူက — လျှပ်ပေါ်လော်လီပြသော‘အမြတ်ဆုံး’ ဗုဒ္ဓတရားဆိုတာသည် — အောက်တန်းစား လူလိမ်တဦး၏ အတ္တဖွင့်ထုတ် တရားသာ ဖြစ်ပါ၏။

ဒလိုင်းလားမား၏ မည်သူတဦး တယောက်ကမှ အနှစ်မရှိခြင်း (သုညတာ) ကို ခံယူနားလည်ကာ ရင့်ကျက်ပြည့်ဝငြိမ်းချမ်းသော မျက်နှာ နှင့် ငါနှင့်ငါသာ နိုင်းစရာဟု မိုးမမြင်လေမမြင် ဘဝင်ဟပ်နေသော သီတဂူပုဂ္ဂိုလ်ကို နိုင်းယှဉ်ကြည့်ပါ။ သင်္ကန်းဝတ်တာချင်း အတူတူ၊ ကတုံးတုံးထားတာချင်း အတူတူ၊ ဘုရားသားတော်လို့ ခံယူထားတာချင်းအတူတူ၊ အသက်အရွယ် ခုနှစ်ဆယ့်ရှစ်နှစ်ချင်းလဲ အတူတူ ကြည့်ရူမိသူတို့မှာ ဘာများကွာပါသနည်း။ ဒလိုင်းလားမား၏ မျက်နှာသည် lust ကို ပယ်သတ်ထားသော မျက်နှာချမ်းမြ ရွှေလဝန်းကြီး ဖြစ်ပါ၏။ သီတဂူဘုန်းကြီး၏ မျက်နှာမှာ lust တွင် ပျော်ရွှင်၊ ဘဝင်မှာ ဟုန်းဟုန်းမီးတောက် နေသော မျက်နှာမည်းမည်း ပြာပူခဲကြီး ဖြစ်၏။ ထိုသူနှစ်ဦးလုံးသည် လူတိုင်းကို “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” လို့ပဲဟောပြောမှာ ဖြစ်ပါ၏။ ဒါပေမယ့် ဒလိုင်းလားမားက ပြောသော “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟာ ကိုယ်တော်ကြီး၏ အလောဘ၊ အဒေါသ၊ အမောဟ မူလစိတ်အခြေခံကောင်းမှ ထွက်သော တရားဓမ္မ၊ လူသားတို့၏ အသိတရား ငြိမ်းချမ်းဖို့ရန် လိုလားသော စေတနာ အစစ်အမှန် ဖြစ်၍ သီတဂူ ပုဂ္ဂိုလ်ယုတ်က ပြောနေသော ‘အနိစ္စ၊ ဒုက္ခ၊ အနတ္တ’ မှာမူ ၄င်း၏ လောဘ၊ ဒေါသ၊ မောဟ မူလစိတ်ကို အခြေခံကာ ၊ ဤသို့ လက္ခဏာရေးသုံးပါးကို အများကို ဟောဆိုပြရခြင်းသည် မိမိ၏ အများထက် မြင့်မြတ်သာလွန်ကြောင်း ခုတုံးသက်သေကြီး အဖြစ် မှတ်ကိုင် မိန့်ကြားနေသည့် မစင်ကြယ်သော တရားပါတည်း။

“ကုလားတွေကို သည်းခံကြပါ၊ ဒါပေမယ့်” ဟူသော သီတဂူပုဂ္ဂိုလ်၏ စကားမှ “သည်းခံကြပါ” ဟူသော စကားသည် စာသားခြင်းတူပေမယ့် ဗုဒ္ဓဝါစန မဟုတ်။ အစအလယ်အဆုံးကောင်းသော ဗုဒ္ဓဝါစန ဟူသည် ခြွင်းချက်မရှိ၊ “ကုလားတွေကို” ဆိုပြီး သီးသန့်ခွဲထုတ်ဖို့လည်း မလို။ “ဒါပေမယ့်” ဟုလည်း ဆက်ရန် မရှိ။ ပညာမဲ့သူ ၊ ဖောက်ပြန်သူ၊ အခြေခံ သားရဲတိရစ္ဆာန်စရိုက်ကို အမှန်တရားဟု အတည်ပြုပေးလိုသူ၊ တရားဓမ္မကို ဟောဆိုရန် မစင်ကြယ်သူ က ၄င်း၏ အခြေခံစိတ်ယုတ်မာတွေမှာ မင်းမူနေသော “တရားတု တရားမှား” (လောဘမူစိတ် ၊ ဒေါသမူစိတ်၊ မောဟလွှမ်းစိတ်) တွေကို တရားစစ်အဖြစ် ယောင်ဆောင်ဖြန့်ဖြူးနေသော ဖြစ်စဉ်ဟု ကျွန်တော်တို့သည် အသေအချာ နားလည်သိမြင်နိုင်ပါ သတည်း။

ခင်မင်စွာဖြင့်
ညိုထွန်း
Ko Nyo Tun burmaenlightenment@gmail.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: