သဗြုချိုင်တွင် တဲနှင့်ကောက်ရိုးပုံ မီးရှို့မှုကို နယ်မြေခံ တပ်အား သွားရောက်တိုင်ကြားရာမှ တိုင်ကြားသူများကို ဒုအရာခံဗိုလ်မှ ကိုယ်ထိလက်ရောက်ထိုးကြိတ်စော်ကား



သံတွဲမြို့နယ်၊ သဗြုချိုင်ရွာတွင် ယနေ့ နံနက် (၀၀း၁၅) နာရီ အချိန်ခန့်က ဒေသခံ မွတ်စ်လင်မ်များ၏ ကောက်ရိုးပုံ နှင့်တဲတစ်လုံးအားမီးရှို့ခံရသဖြင့် သဗြုချိုင်ရွာတွင် လုံခြုံရေးတာဝန်ယူတားသော နယ်မြေခံ တပ်အားသွားရောက်တိုင်ကြားရာမှ တိုင်ကြားသူများကို ဒုအရာခံဗိုလ်စိုးဝင်းမှ ကိုယ်ထိလက်ရောက် ထိုးကြိတ်စော်ကားခဲ့ကြောင်းသိရသည်။

“ ညဘက်က ၀ါးပေါက်သံတွေကြားပြီး မီးရောင်တွေတွေ့တော့ ဒါ ကွင်းထဲမှာရှိတဲ့ကောက်ရိုးပုံ ဒါမှ မဟုတ်တဲ တစ်လုံးလုံးတော့ရှို့ခံရပြီဆိုပြီး ရွာလူကြီး ဦးမောင်မောင်ကြီးဆီကို အကြောင်းကြားပါတယ်။ ဦးမောင်မောင်ကြီးက အခြေအနေသိရအောင်သွားကြည့်ဆိုလို့ အဲဒီကိုသွားကြည့်တော့ ဦးမြင့်ဦးပိုင် ကောက်ရိုးပုံနဲ့ ဦးယူနွတ်ရဲ့ တဲမီးရှို့ခံထားရတာကိုတွေ့ရပါတယ်။ အဲဒါနဲ့ ဦးမြင့်ဦး၊ ဦးငပြူး(ခ)ဦးခင်ရွှေ နဲ့ တေဇာထွန်းတို့ က ရွာထဲမှာရှိတဲ့တပ်ကို သွားပြောတဲ့အခါ ဒုအရာခံဗိုလ်စိုးဝင်းက “မင်းတို့တဲမီးလောင်တာ ငါက ရေလောင်းပေးရမှာလား မင်းတို့က အမှုရှာဖို့လာတယ် ” လို့ပြောပြီး ဦးငပြူးကို လက်သီးနဲ့ထိုးလွှတ် လိုက်ပါတယ်။ အဲဒီကပြန်လာတော့ ရွှေလှေရဲစခန်းမှူးကို ဖုန်းဆက်အကြောင်းကြားတော့ စခန်းမှူးလိုက်လာပါတယ်။ မီးရှို့ ခံရတဲ့နေရာရောက်တော့ စခန်းမှူးနဲ့ နယ်မြေခံစစ်တပ်တာဝန်ခံ ဗိုလ်ကြီးက ရွာခံ (၄)ယောက်ကို
“ဒီနေရာမှာစောင့်ပြီး မီးဆက်မကူးအောင် စောင့်ကြည့်ကြ ”ကျွန်တော်တို့ ရှေ့ကိုဆက်သွားကြည့်မယ်ပြောပြီး ထွက်သွားပါတယ်။ စခန်းမှူးတို့လည်းထွက်သွားရော ဒုအရာခံဗိုလ်စိုးဝင်းရောက်လာပြီး “ မီးရှို့တဲ့အကောင်ဘယ်မှာလဲ ”လို့ မေးတော့ စောင့်ကျန်ခဲ့တဲ့(၄)ယောက်ထဲက ကိုကံမြင့်က “ မီးရှို့တဲ့ကောင်က ရှို့ပြီး ပြေးပြီပေါ့ ”လို့ပြောတော့ ကိုကံမြင့်ကို လက်သီးနဲ့ထိုးပါတယ်။ အဲဒါနဲ့ စောင့်ကျန်ခဲ့တဲ့ (၄)ယောက်လုံး ထွက်ပြေးပြီး ဗိုလ်ကြီးကို သွားအကြောင်းကြားတော့ ဗိုလ်ကြီးက ဒုအရာခံဗိုလ်စိုးဝင်းအနေနဲ့ ကိုယ်ထိလက်ရောက် စော်ကားခဲ့တဲ့ ကိုကံမြင့်နဲ့ ဦးငပြူးတို့နှစ်ယောက်ကို တောင်းပန်ပါလို့ပြောတော့ မတောင်းပန်တဲ့အပြင် ဦးငပြူးတို့နှစ်ယောက်ကို လက်သီးနဲ့ ထပ်ထိုးပါတယ်။ ဘေးက စစ်သားတွေဝင်ဆွဲမှ ဆက်မထိုး တော့တာပါ။” ဟု မျက်မြင်သက်သေတစ်ဦးမှ မြန်မာမွတ်စ်လင်မ်မီဒီယာ သို့ပြောသည်။

“ ကျွန်တော့်ကို ဘာမဆိုင်ညာမဆိုင်အထိုးခံရတာ မကျေနပ်ပါဘူး။ ဒီကိစ္စကို ရွှေလှေစခန်းမှာ အမှုဖွင့်မလို့သွားတော့ စခန်းမှူးက တပ်ရင်းမှူးကို အကြောင်းကြားထားပါတယ်။ တပ်ရင်းမှူး ရောက်လာမှ ပြေလည်အောင်ဆောင်ရွက်ပေးပါ့မယ်လို့ပြောလို့ အခုတပ်ရင်းမှူး ကိုစောင့်နေပါတယ်။ နေ့လယ်(၂)နာရီလောက်တော့ တပ်ရင်းမှူးရောက်မယ်လို့ပြောတယ်။” ဟု ထိုးကြိတ်ခံခဲ့သူ ကိုကံမြင့်ကမြန်မာမွတ်စ်လင်မ်မီဒီယာသို့ပြောသည်။

လက်သီးနှင့်အထိုးခံရမှုကြောင့် ဦးငပြူး(ခ) ဦးခင်ရွှေတွင် ရှေ့သွားပဲ့ထွက်သွားပြီး ကိုကံမြင့်တွင် နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ များနှင့် ပါးရိုးဖူးယောင် ဒဏ်ရာများရရှိခဲ့ကြောင်းကိုလည်း ကိုကံမြင့်က ပြောသည်။

ကောက်ရိုးပုံတစ်ပုံနှင့် တဲတစ်လုံးမီးရှို့ခံရမှုအား ရွှေလှေရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားကြောင်းနှင့် ရွာခံ နှစ်ဦး ကိုယ်ထိလက်ရောက်စော်ကားခံရမှုအား တပ်ရင်းမှူး ရောက်လာမှသာလျှင် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရွှေလှေရဲတပ်ဖွဲ့စခန်းနှင့် နီးစပ်သူတစ်ဦးမှပြောသည်။

သဗြုချိုင်ရွာတွင် ၂၀၁၃ ခုနှစ်အောက်တိုဘာလ (၁) ရက်နေ့က (၉၆၉) အကြမ်းဖက်သမားများ၏ အကြမ်းဖက် မီးရှို့ တိုက်ခိုက်မှုကြောင့် ဗလီ(၁)လုံး၊ ဘာသာရေးစာသင်ကျောင်း(၁)လုံး ၊ အိမ်ခြေ (၅၂)လုံး မီးလောင်ကျွမ်းခဲ့ရပြီး အသက် (၉၀)ကျော် အဘိုးအိုနှင့် အဘွားအို နှစ်ဦးအပါအ၀င် လူ(၅) ဦးသေဆုံးခဲ့သည်။

ပုံစာ ။ ။၂၀၁၃ခုနှစ်အောက်တိုဘာလ(၁)ရက်နေ့တွင် မီးရှို့ခံခဲ့ရသော သဗြုချိုင်ဗလီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: