အသက်ကြီးသော်လည်းအချိန်မစီးသော အယ်ဒီတာချုပ် တစ်ဦး (သို့မဟုတ်) မောင်သွေးချွန်

အသက်ကြီးသော်လည်းအချိန်မစီးသော အယ်ဒီတာချုပ်တစ်ဦး (သို့မဟုတ်) မောင်သွေးချွန်

ဇူလိုင် ၁၃ ၊ ၂၀၁၄
M-Media
.ပေးပို့သူ- ပဲပေါက်စီ Dh.P (Satire)

(၂၀၁၄) ဇူလိုင် (၁၁) ရက် သောကြာနေ့ထုတ် အောင်ဇေယျတုဂျာနယ် အမှတ်(၃၀) မျက်နှာဖုံးမှာ “မန္တလေး အဓိကရုဏ်း အတွက် ဆက်ရန်ရှိသေးသော ငြိမ်းချမ်းရေး စာမျက်နှာများ” စာတန်းကြီး တပ်ဆောင်း ပါးကို “ဂျိဟဒ်စစ်ပွဲ ချက်ခြင်းရပ်” ဗီနိုင်းကိုင် သင်္ကန်းခြုံတစ်စု ဓာတ်ပုံနဲ့ တစ်ကွ ဖော်ပြလာပါတယ်။ ဆောင်းပါးရှင်ကတော့ ဂျာနယ်ရဲ့အယ်ဒီတာချုပ် ဆရာကြီး မောင်တွန်းချွန် (အဲ့လေ) မောင်သွေးချွန်ပါခင်ဗျ။

ဘုရားသားတော်လို့ အမည်ခံပြီး ကုလားကုလားအော်နေတဲ့ ဦးပြည်းတုံးသင်္ကန်းခြုံတွေရဲ့ လမ်းပေါ်ထွက် ဗီနိုင်းကိုင် တောင်စဉ်ရေမရ ဆန္ဒပြမှုမြင်ကွင်းတွေကတော့ ဒီနှစ်များ အတွင်း   ပြည်သူတွေအဖို့ ရိုးအီနေပါပြီ။ သိပ်တော့မထူးဆန်းတော့ပါဘူး။ သို့သော်လည်း လတ်တစ်လော ပူပူနွေးနွေး မန္တလေး အရေးကို ခေါင်းစဉ် တပ်ထားတာကြောင့် ကျွန်တော် မောင်ပေါက်စီ အနေနဲ့ ကောက်ကိုင် ဖတ်ရှုလိုက်မိတယ်လေ။

Aung Zay Ya Tu3

မန္တလေးက ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်းဈာပနပို့ဆောင်နေသူတစ်ဦးရဲ့ အချိန်နဲ့တပြေးညီ ဖုန်းဆက်ပြောကြားချက်ဆိုပြီး ခပ်တည်တည်နဲ့ နိဒါန်းပျိုးထားတယ်။ စိတ်ဝင်စားစရာပေါ့။ အရေးအသားက ရိုမန်းတစ်ဘော့တ် ထက်တောင် သာသေးသဗျ။ စာ (၁၄)သို့ ဆိုလို့ အဲ့ဒီစာမျက်နှာကို ဒရောသောပါး ဆက်လက်လှန်ကြည့်လိုက်ပါတယ်။ လံကြုပ်ချွန်တွန်းတွေ လာတော့မယ်ဆိုတာ သိသိကြီးနဲ့ပေါ့ဗျာ။

လူ့စိတ်ကလည်း ခက်သား – ပေါက်လွှတ်ပဲစားတွေကိုပဲ ပိုဖတ်ချင်တာမဟုတ်လားကွယ့်။

အဲ့ – လာပါပြီဗျ။ စလျှင်စချင်း ကိုထွန်းထွန်း သေဆုံးရခြင်းဟာ မွတ်ဆလင်တွေ ခုတ်သတ်တဲ့ပုံစံမျိုး ဒဲ့ကြီးလွှတ်ထားပါလား ဟရို့။  နိုင်ငံတော်ကပင်လျှင် လူသတ်တရားခံကို လက်ပူးလက်ကြပ် ဖော်ထုတ်နိုင်စွမ်းမရှိသေးတာ သူက တပ်အပ်ဆိုနိုင်တယ်ဆိုတော့ ထူးထွေရာတည့်အံ့ရာသော်လို့ အော်ဟစ်ချင်ပါရဲ့။ (တစ်ခုခုတော့ တစ်ခုခုပါပဲနော့)။ ဈာပနအကြောင်းနဲ့ ဆက်စပ်ပြီး ဇာတ်နာအောင် ရေးသားပေမဲ့လို့ တိုင်းသိပြည်သိ အချက်နှစ်ခုကို လုံးဝရှောင်ထားပါတယ်။ ပထမတစ်ခုကတော့ အစ္စလာမ်ဘာသာဝင် ဦးစိုးမင်းလည်း သတ်ဖြတ်ခံရတဲ့ အကြောင်းပါ။ ဦးစိုးမင်းကို အစ္စလာမ်ဘာသာ ထုံးစံအရ နေ့ချင်းတွင်း သင်္ဂြိုလ်ခဲ့တယ်။ ဘာသံမှကိုမထွက် ပကတိအေးဆေးစွာ ပြီးဆုံးခဲ့ကြောင်း မန္တလေးတစ်မြို့လုံး အသိပါ။ ဒုတိယတစ်ခုကတော့ ကိုထွန်းထွန်းရဲ့ဈာပနလိုက်ပို့သူတွေဟာ ဒုတ်ရမ်းဓားကိုင်လို့ မြို့ပတ်သောင်းကျန်းပြီး ပျက်လို ဖျက်ဆီးလုပ်ခဲ့တဲ့ကိစ္စပါ။

ဒါတင်ဘယ်ကမလဲ၊ သေဆုံးကွယ်လွန်သူရဲ့ နောက်ဆုံးခရီးကို ကောင်းမွန်စွာ မပို့တဲ့အပြင် အသုဘယာဉ်ပေါ် လှုံ့ဆော် စာတန်းကြီးလည်း ပြူးပြူးပြဲပြဲ၊ မသာဗန်းပြပြီး ဝေးလေးဝါးလားနဲ့ အောင်သေအောင်သားစား အောင်ပွဲခံနေကြပုံနဲ့တူသေးတော့။ ဒါလည်း တစ်မြို့လုံး မျက်စေ့ရှေ့တင်ဖြစ်ယုံမက အွန်လိုင်း၊ အော့ဖ်လိုင်း မီဒီယာစာမျက်နှာတွေပေါ် ဓာတ်ပုံမှတ်တမ်းတွေ မမြင်ချင့်အဆုံး ငြင်း မရနိုင်တဲ့သက်သေ အထောက်အထားအဖြစ် ပလူပျံနေခဲ့တယ် မဟုတ်လား။ မျက်စေ့နှစ်လုံးရှိပါလျက် တစ်လုံးပဲ အသုံးပြုတတ်သူမို့လည်း အောင်ဇေယျတု ဂျာနယ် အယ်ဒီတာချုပ်အဖြစ် ယုံပုံခန့်အပ်ခံရတာပေါ့လေ။ (တော်ရုံအရည်အချင်းကြီး မဟုတ်ဘူးဆိုတာ … ပေါက် !)

ဆက်ဖတ်ကြည့်တော့ လားလား။ သူတို့မုန်းနေတဲ့ ကုလား(အိန္ဒိယ)နိုင်ငံက နိုင်ငံရေးကို သွားရည် တမြားမြားနဲ့ ဖော်ပြ ထားတာ တွေ့ရပြန်ရော။ ဘာတဲ့ … အမျိုးသားရေးဝါဒီ မိုဒီတို့ အပြတ်အသတ် အောင်ပွဲခံခဲ့ခြင်းဟာ ကမ္ဘာကြီးကိုမျက်လှည့်ပြလိုက်တာ မဟုတ်ပါ။ အမျိုးသားရေးကို မေ့လျော့နေသူတွေ အတွက် နားရွက်ကို တံတွေးဆွတ်ပြလိုက်တာ တဲ့လေ။ ပြီးတော့ မိုဒီဟာ မွတ်ဆလင် ရာနဲ့ချီ  အသတ်ခံရတဲ့ကိစ္စမှာ တာဝန်ရှိပါတယ်လို့ စွပ်စွဲခဲ့ကြပေမယ့်လည်း အမေရိကန်သမ္မတ အိုဘားမား ကိုယ်တိုင် အိမ်ဖြူတော်ကို ဖိတ်ခေါ်ရတဲ့ အမျိုးသားရေးခေါင်းဆောင် ဖြစ်နေပါပြီ တဲ့လေ။ မိုက်ပါ့ မောင်တွန်းချွန်ရယ်။ အမျိုးသားရေးဝါဒီမို့လို့၊ မွတ်ဆလင်ရာချီသတ်လို့ အိုဘားမားက လေးစားစွာနဲ့ ဂုဏ်ပြုပြီးဖိတ်ခေါ်သလိုမျိုး အများပြည်သူကို ယုန်ထင်ကြောင်ထင်ဖြစ်အောင် ရေးတတ် လိုက်တဲ့လက်။ အမေရိကန်ရဲ့ ပြည်ပ ဆက်ဆံရေးမူဝါဒတွေကို နကန်းတစ်လုံးမှ မသိကြောင်း ကိုယ့်ပေါင်ကိုယ်လှန် ထောင်းတတ်လေခြင်း။ အတွင်းခံမပါပဲ မဏ္ဍပ်တိုင်တက်ပြတဲ့အခါ ခွေးတစီစီဖြစ်ပါလေရော။ (ပေါက်စီ မကြည့်ရက်ပါ၊ ဘဘတွန်းချွန်ရယ်)။

ပုဆိုးလေဟပ် (အဲ့လေ) ထင်တစ်လုံးနဲ့ဘ၀င်လေဟပ်ပြီး ထပ်ရေးလိုက်ပုံလေး – ကောင်းချက်ကတော့ ၉ ပဲဗျာ။ “ကျွန်တော်တို့ မွတ်ဆလင်တွေကို ရာတောင်ချီပြီး ဘယ်တုန်းကမှ မသတ်ဖြတ်ခဲ့ပါဘူး”တဲ့။ ရာဂဏန်းတောင် မသတ်ဘူးဆိုတော့ ဆယ်ဂဏန်းလောက် သတ်ပြီးကြောင်း ရိုက်မစစ်ဘဲ ဖြောင့်ချက်ပေးလိုက်တာပေါ့နော်။ “မွတ်ဆလင်တွေကသာ ဗုဒ္ဓဘာသာဝင် သုံးသောင်းခန့်ကို ရခိုင်မှာ ၁၉၄၂ က သတ်ဖြတ်ပစ်ခဲ့တာ ဖြစ်ပါတယ် ” တဲ့။ အောင်မလေးဗျာ။ ကြည့်လဲလုပ်ဦး ဘဘတွန်းချွန်ရဲ့။ ဘယ်သမိုင်းမှတ်တမ်းမှာမှ မရှိခဲ့တဲ့ အချက်တွေကို ဘယ်ဂျောင်ဂလောင်က ဆွဲထုတ်ရေးပြနေပါလိမ့်။ အဲ့ – ပေါက်စီ မှတ်မိသမျှတော့ အဲ့ဒီခုနှစ်သက္ကရာဇ်ကြီးက ဖက်ဆစ်ဂျပန်တွေ ၀င်ရောက် စိုးမိုးနေတဲ့ ခေတ်ကြီးလေဗျာ။ ခင်ဗျားကလောင်နဲ့ ဂျပန်တွေကို မွတ်ဆလင်ဇာတ်သွင်းပေးလိုက်တာ တယ်ပိရိသကိုး။ ဘဘ တွန်းချွန်တစ်ယောက် ထောက်လှမ်းရေး အကြီးအကဲသာဖြစ်ခဲ့ရင်ဖြင့် ကျုပ်တို့ရဲ့ အမိမြန်မာနိုင်ငံကြီး တွေးရဲစရာ မရှိအောင် ဗြောင်းဆန်ကုန်တာ ကြာလှပေါ့လေ။

မျက်မှောက်ကမ္ဘာ့ရေးရာနဲ့လည်း ကျွမ်းဝင်တဲ့ဗဟုသုတဟင်းလေးအိုးယောင်ယောင်လုပ်ပြီး မဆီမဆိုင် ပါလက်စတိုင်း-အစ္စရေးကိစ္စကိုလည်း ဆွဲခင်းပြလိုက်သေး။ သူတို့ဖာသာ ဟိုဖက်မှာဖြစ်ပျက်တဲ့ကိစ္စက မြန်မာ့ပြည်တွင်းရေးနဲ့ ဘယ်လိုပတ်သက်လို့ ဆွဲချိတ်နေရ ပါလိမ့်လို့ တွေးမိပါရဲ့။ ပလေးဘွိုင်း မဂ္ဂဇင်းကို ကြည့်ရင်း ပုတီးစိပ်ပြနေသလိုမျိုး ဖြစ်မနေဘူးလား ဘဘအယ်ဒီတာကြီးခင်ဗျား။ ဘဘရဲ့ပထွေးအစ္စရေးက ပါလက်စတိုင်းကို နင်းနေတဲ့ ဥပမာယူပြချင်လို့ အဓမ္မဆွဲခေါ်နေတာကို ဆက်ရေးလိုက်တာက “ဗုဒ္ဓဘာသာဝင်တွေရဲ့ တုံ့ပြန်မှုဟာ အစ္စရေးလောက် မပြင်းထန်သေးပါဘူး” ဆိုတော့ကာ “အစ္စရေးနီးပါးလောက် အနည်းငယ်လျှော့ပြီးပြင်းထန်မယ်” လို့ ဆိုလိုလိုက်တာပေါ့နော်။ ဘယ်သူဟာ “စစ်သွေးကြွ” ဆိုတာ စကားထဲက ဇာတိပြနေပါပြီ။

အဆုံးသတ်မှာတော့ သူခိုးလူဟစ်လိုက်ပုံများ ရိုးရိုးမဟစ်ဘူး၊ လော်စပီကာကြီး တပ်လိုက်သေးရဲ့။ “ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေ အတူယှဉ်တွဲပြီး ငြိမ်းချမ်းစွာနေနိုင်ဖို့ ကျွန်တော်တို့ အမျိုးဘာသာ သာသနာကို ဘယ်တော့မှ မထိပါး မစော်ကားပါနဲ့” တဲ့လေ။ ဘဘတွန်းချွန်(သေကာနီး အရွယ်မို့လို့ ဘဘလို့ ခေါ်တာ စိတ်မဆိုးပါနဲ့ခင်ဗျာ) ပုဆိုးကွင်းသိုင်းအရွယ်တုန်းကတည်းက ခုထက်ထိ မြန်မာပြည်မှာ ဘာသာစုံလူမျိုးစုံ အတူယှဉ်တွဲ ငြိမ်းချမ်းစွာ နေတဲ့မြင်ကွင်းမျိုး မမြင်ခဲ့ဖူးလို့လား၊ ဒီလိုမြင်ကွင်းမျိုး ခုချိန်မှာရော မရှိလို့လား၊ ဒါမှမဟုတ် ခင်ဗျားတို့ လက်တစ်ဆုပ်စာလူစုက မမြင်တွေ့ချင်တာနဲ့ ကျန်သူတွေအားလုံးကို ကန်းခိုင်းနေတာလား လို့ မေးမြန်းလိုက်ပါရစေ။ တစ်ခါ – ထိပါးခြင်း၊ စော်ကားခြင်း ဆိုတဲ့ဝေါဟာရရဲ့ အဓိပ္ပာယ်ကို အယ်ဒီတာကြီး သိရောသိရှိပါသလား။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ် ပဲပေါက်စီဟာ ဒီနေ့ ဒီအရွယ်အထိ မူဆလင်ထဲကဖြစ်စေ၊ ခရစ်ယာန်ထဲကဖြစ်စေ၊ ဟိန္ဒူထဲကဖြစ်စေ (ခင်ဗျားတို့စကားအရ အခြားဘာသာဝင် တစ်ခုခုကဖြစ်စေ) ဗုဒ္ဓဘာသာကို မိုက်ရိုင်း ရုန့်ရင်းကြမ်းတမ်းသော အသုံးအနှုန်းစာသားတွေနဲ့ အများပြည်သူရှေ့မှောက်မှာ ဆိုင်းဘုတ်ထောင်ပြ၊ ဟစ်အော်ပြတာမျိုး တစ်သက်တစ်ကိုယ် မကြုံဖူးသေးလို့ပါ။

ဗုဒ္ဓဘုရား သားတော် အမည်ခံထားတဲ့ လူစုလူဖွဲ့များကသာလျှင် “သားဖောက်နှုန်းမြန် အစ္စလာမ်၊ တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဆိုတဲ့ စာသားကို မျောက် အုန်းသီးရသလို ဗီနိုင်းတကိုင်ကိုင်နဲ့ မြိန်ရည်ယှက်ရည် စားသုံးမှီဝဲပြလိုက်တာကတော့ ၂၁ ရာစုအတွင်း ကမ္ဘာအကျော်ဆုံး လုပ်ရပ်တစ်ခုထဲ အပါအ၀င် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါ ဘဘတွန်းချွန် ရည်ညွှန်းရေးသားတဲ့ ထိပါး၊ စော်ကားမှုပဲ မဟုတ်ပေဘူးလား။ သို့မဟုတ် ခင်ဗျားတို့ ခံယူထားတဲ့ ယဉ်ကျေးမှုပဲလားဆိုတာ ဖြေကြားလိုက်ပါဦးလေ။

မသာတစ်ခုအရင်းပြုပြီး အမုန်းတရားအခြေတည်သွေးထိုးလှုံ့ဆော်စာတွေရေးရင်း အသက်ကြီးသော်လည်း အချိန်မစီးစွာနဲ့ ဘုံဘ၀ မပြောင်းသွားပါစေနဲ့လို့သာ ပြောကြားလိုက်ပါရစေတော့။

အလင်္ကာ အကြော်ဆရာ ပဲပေါက်စီ  Dh.P ( Satire )

မှတ်ချက်။   ။ M-Media သို့ စာရေးသူမှ ပေးပို့လာသောဆောင်းပါးဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: