အမေရိကန်နိုင်ငံ အလာစကာပြည်နယ်ရဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော် ဖွင့်လှစ်
အမေရိကန်နိုင်ငံအနောက်မြောက်ပိုင်း ရေခဲပြင်များ ဖုံးလွှမ်းလေ့ရှိသော အလာစကာပြည်နယ်မှာ ပထမဆုံး ဗလီဝတ်ကျောင်းတော်ကို အလာစကာမွတ်စလင်တွေက ဆောက်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
“ဗလီက နှစ်ထပ်အဆောက်အအုံပါ။ အမျိုးသားတွေက ပထမထပ်မှာ ၀တ်ပြုမှာဖြစ်သလို အမျိုးသမီးတွေက ဒုတိယထပ်မှာ ၀တ်ပြုမှာဖြစ်ပါတယ်။”လို့ အန်းကရေ့ခ်ျမှာနေထိုင်သူ မွတ်စလင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဟီသာရောဘတ်ဆန်ဘာဘာက သြဂုတ် ၂၆ ရက်နေ့မှာ ပြောပါတယ်။
တရားဟောမယ့် အီမာမ်ကို အမျိုးသမီးတွေ မြင်တွေ့နိုင်ဖို့လည်း လသာဆောင်တစ်ခုကို မင်န်ဘရ်ပြုလုပ်ထားပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာကတည်းက အလာစကာပြည်နယ် အန်းကရေ့ခ်ျမြို့က မွတ်စလင်အသိုင်းအ၀ိုင်းတွေကြားမှာ ၀တ်ပြုစုတောင်းဖို့နဲ့ အပတ်စဉ်နဲ့ နှစ်စဉ်အခမ်းအနားတွေကျင်းပဖို့ကို ရှော့ပင်းစင်တာတွေက အခန်းကို ငှားရမ်းပြီး အသုံးပြုရပါတယ်။
နှစ်တွေကြာလာတဲ့အခါ အလာစကာမှာ မွတ်စလင်အသိုင်းအ၀ိုင်းရဲ့ လူဦးရေး များပြားလာတဲ့အတွက် သူတို့ ငှားရမ်းထားတဲ့ နေရာတွေက အရမ်းကို ကျဉ်းကြပ်လာပါတယ်။
မွတ်စလင်ဦးရေး တိုးပွားလာတဲ့အတွက် ပိုမိုကျယ်ပြန့်တဲ့ ၀တ်ပြုဆောင်ကို စီစဉ်ဖို့ တောင်းဆိုလာကြပါတယ်။
ဒါကြောင့်ပဲ နှစ်အနည်းငယ် ရန်ပုံငွေစုဆောင်းပြီးတဲ့နောက်၂၀၁၀ ခုနှစ်မှာ ပထမဆုံးစတင်ဆောက်လုပ်ခဲ့တာပါ။
၎ နှစ်ကြာတည်ဆောက်ပြီးတဲ့အခါ အလာစကာမွတ်စလင်တွေအတွက် သူတို့ရဲ့ ဘာသာရေးဆိုင်ရာ ၀တ်ပြုဖို့အတွက် ပထမဆုံး ဗလီဝတ်ကျောင်းတော်တစ်ခု ပေါ်ထွက်လာပါတယ်။
ဗလီဝတ်ပြုဆောင်အပိုင်းက အချောသတ်ပြီးစီးသွားသလို ဒုတိယပိုင်းဖြစ်တဲ့ စာသင်ဆောင်၊ ရုံးနဲ့ စာကြည့်တိုက်တွေကို လည်း ဆက်လက်တည် ဆောက်နေပါတယ်။
ကြမ်းတမ်းတဲ့ ဆောင်းရာသီကို ပိုင်ဆိုင်တဲ့ အလာစကာမှာ နှင်းထူထပ်စွာကျ တဲ့အတွက် ဗလီအဆောက်အဦမှာ လိပ်ခုံးပုံသဏ္ဍာန်အမိုးတော့ မပါဝင်ပါဘူး။
အရမ်းအေးတဲ့ ရာသီဥတုက အလာစကာကို ရွှေ့ပြောင်း အခြေချလာသူတွေကိုတော့ မဟန့်တားနိုင်တဲ့အတွက် လူမျိုးအသီးသီးက မတူကွဲပြားတဲ့ မွတ်စလင်တွေပါဝင်တဲ့ အသိုင်းအ၀ိုင်းတစ်ခုကို ဖန်တီးပေးပါတယ်။
“ကျမတို့ဆီမှာ နေရာအနှံ့ တကမ္ဘာလုံးက လူတွေရှိနေပါတယ်၊ အထူးသဖြင့် မွတ်စလင်တွေထဲမှာ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အိန္ဒိယ၊ ပါကစ္စတန်၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပက လူတွေ များပါတယ်”လို့ ဘာဘာက ဆိုပါတယ်။
မတူညီကွဲပြားသူတွေ စုဖွဲ့ထားတဲ့ အသိုင်းအ၀ိုင်းကို အန်းကရေ့ခ်ျက ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားပါတယ်။
“တကယ်လို့ အာရဗ်တစ်ဦးက သူတို့ရဲ့ ယဉ်ကျေးမှုကို သွတ်သွင်းဖို့ ကြိုးစားလာမယ်ဆိုရင် ပါကစ္စတန်က ဒါ အစ္စလာမ့်ယဉ်ကျေးမှုမဟုတ်ဘူးဆိုပြီး ငြင်းပါမယ်၊ ဒါတွေကို ဖြေရှင်းဖို့ ကျမ်းစာဆီပဲ သွားရပါမယ်၊ သုတေသနလုပ်ရပါမယ်” လို့ ဘာဘာက ပြောပါတယ်။
ဗလီဝတ်ကျောင်းတော်သစ် ဖွင့်လှစ်လိုက်တာနဲ့အမျှ မွတ်စလင်တွေဟာ ပိုပြီး စုစည်းမှုရှိမယ်၊ အမှတ်သညာတစ်ခုအောက်မှာ ပိုမိုစုဖွဲ့နိုင်မယ်လို့ ဘာဘာက မျှော်လင့်နေပါတယ်။
“ကျမတို့မှာ ပံ့ပိုးမှုတွေရှိနေပါတယ်၊ အချင်းချင်း ညှိမရထိန်းမရတဲ့ပုံစံမျိုးတော့ မဖြစ်နိုင်ပါဘူး”လို့ ဘာဘာက ဆိုပါတယ်။
Myanmar Muslim Media