Daily Archives: September 6th, 2014

တမန်တော် မုဟမ္မဒ် ရဲ့ အုတ်ဂူအား ဖယ်ရှားမည့် သတင်း မမှန်ကြောင်း ဆော်ဒီ အာဏာပိုင်များ သတင်းထုတ်


M-Media

– တမန်တော်မြတ် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ) ၏ အုတ်ဂူအား ဖြိုချပစ်မည်ဟူသော သတင်းမှာ မဟုတ်မှန်ဟု မြင့်မြတ်သော ၀တ်ကျောင်းတော်နှစ်ခုအား စောင့်ရှောက်ရေးအဖွဲ့ The General Presidency of the Two Holy mosques က ငြင်းချက်ထုတ်ခဲ့သည်ဟု အလ်-ဂျာဇီးရား သတင်းဌာနက ကြာသာပတေးနေ့တွင် ဖော်ပြခဲ့သည်။

မုဟမ္မဒ်သခင်၏ အုတ်ဂူအား ဖြိုချပြီး ရုပ်ကလပ်တော်ကိုလည်း ဖယ်ရှားသွားမည်ဆိုသည့် အဆိုပါသတင်းကို ဆော်ဒီပညာရှင်တစ်ဦးမှ မဂ္ဂဇင်တစ်စောင်တွင် အဆိုပြုထားခြင်းကို ကိုးကား၍ ပြီးခဲ့သည့်တနင်္လာနေ့တွင် ဗြိတိန် သတင်းစာတစ်စောင်ဖြစ်သည့် The Independent က ဖော်ပြခဲ့သည်။

သို့သော် မြင့်မြတ်သော ဗလီဝတ်ကျောင်းတော်နှစ်ခုအား စောင့်ရှောက်ရေး အဖွဲ့ကမူ အဆိုပါ ပညာရှင်၏ အဆိုပါပြုချက်မှာ မြင့်မြတ်သောဗလီ ၀တ်ကျောင်းတော်ကို တစိုက်မတ်မတ် စောင့်ရှောက်မည့် ဆော်ဒီအစိုးရနှင့် ပတ်သက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

ထို့ပြင် စောင့်ရှောက်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အဟ်မဒ် မိုဟာမက် အလ်-မန်စူရီကလည်း အဆိုပါသတင်းမှာ ထိုပညာရှင်၏ သဘောထားသည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျရှိ Makkah သတင်းစာမှ လက်ထောက်အယ်ဒီတာချုပ် မိုဝါဖက် အလ်-နိုဝေစာကမူ The Independent သတင်းစာမှာ သြဂုတ်လ ၂၅ ရက်နေ့က Saudi Daily သတင်းစာတွင် ဖော်ပြခဲ့သော အာရဗီ ဆောင်းပါးတစ်ခုကို ခိုးယူ၍ တလွဲဘာသာပြန်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

The Independent သတင်းစာမှ လက်ထောက် အယ်ဒီတာ ၀ီလ် ဂိုရီကမူ ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက Makkah သတင်းစာတွင် ဖော်ပြခဲ့သည့် သတင်းအား သိရှိခြင်းမရှိဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ ထို့ပြင် ၎င်းတို့ဖော်ပြခဲ့သည်သတင်းမှာ မှန်ကန်သည်ဟု ပြောကြားခဲ့ပြီး အခြားသာ ဗြိတိန်ဝဘ်ဆိုက်များကလည်း ထိုသတင်းကို ထပ်ဆင့် မျှဝေခဲ့ကြသည်။

The Independent မှ ဖော်ပြသည့် အဆိုပါသတင်းတွင် ဆော်ဒီ အာဏာပိုင်များ၏ အတည်ပြုချက် သို့မဟုတ် မှတ်ချက်များ ပါဝင်ခဲ့ခြင်းမရှိပေ။ Al Arabiya သတင်းဌာနက စုံစမ်းရာ ထိုကိစ္စမှာ မဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့် ပညာရှင်တစ်ဦး၏ အဆိုပြုချက်ထက် မပိုဘဲ အစိုးရ၏ ဆုံးဖြတ်ချက် မဟုတ်ကြောင်း ဆော်ဒီအစိုးရက ပြန်လည်ဖြေကြားခဲ့သည်။

ref_Al Arabiya English

အယ်လ်ကိုင်းဒါး ကြေညာချက်ကို ပြင်းထန်စွာ ရှုံ့ချခြင်း

၁။ အယ်လ်ကိုင်းဒါးခေါင်းဆောင် အေမန် အယ်လ် ဇဝါဟီရီ (Al-Qaeda leader Ayman al-Zawahiri)က အိန္ဒိယတွင် အယ်လ်ကိုင်းဒါးဌာနခွဲတစ်ခု ဖွင့်လှစ်ပြီး အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကက်ရှမီးယားတို့တွင် အကြမ်းဖက်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း မနေ့က ကြောညာလိုက်သည်ကို စိုးရိမ်ဖွယ်ရာ ကြားသိရသည်။

၂။ အိုင်ဆစ် (ISIS – Islamic State of Iraq and Syria) အကြမ်းဖက်အဖွဲ့သည်လည်း အစ္စလာမ်ဘုရင့်နိုင်ငံ တည်ထောင်မည်ဆိုကာ အရှေ့အလယ်ပိုင်းရှိ မွတ်စလင်များအပါအဝင် လူမျိုး   ပေါင်း   စုံ၊ ဘာသာပေါင်းစုံတို့အပေါ် အစ္စလာမ်တရားတော်နှင့်ဆန့်ကျင်သော အကြမ်းဖက်လုပ်ရပ်များကို လူမဆန်စွာ ကျူးလွန်လျှက်ရှိသည်။

၃။ မြန်မာပြည် တည်ငြိမ်တိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့ကို မလိုလားသော အဖျက်အမှောင့် အင်အား စုများ ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ယခုအခိုက်အတန့်ကာလတွင် ပြည်ထောင်စုသားမွတ်စလင်များအပေါ် အထင်လွဲ မုန်းတီးမှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေသော်လည်း မိမိတို့ ၏ ပြည် တွင်းရေး၊ မိသားစုရေး ပြသနာများကို မိမိတို့နိုင်ငံသားချင်း ချည်ကြည်ရင်းနှီးစွာ ညှိနှိုင်းအဖြေရှာခြင်းနည်းလမ်း တစ်ခုတည်းသာရှိသည်ဟု မြန်မာမွတ်စလင်အစည်းအရုံးက လေးနက်စွာ ယုံကြည် သည်။

၎။ မုန်းတီးမှု၊ နှိမ့်ချစော်ကားမှု၊ အကြမ်းဖက်တိုက်ခိုက်မှုများသည် မြန်မာ့သမိုင်းတွင် မကြုံဖူးလောက်အောင် ပြင်းထန်ရှည်ကြာနေသော်လည်း မြန်မာမွတ်စလင် လူ့အဖွဲ့အစည်း အထူးသဖြင့်   မြန်မာ မွတ်စလင် လူငယ်များသည် အကြမ်းဖက်လက်တုန့်ပြန်ခြင်း နည်းလမ်းများကို ရှောင်ရှားလျှက် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အထင်အမြင်လွဲမှားမှုများ ပြေပျောက်လာသည်အထိ စိတ် ရှည် သည်းခံစွာ ကြိုးပမ်းနေကြသည်ကိုလည်း သမိုင်းမော်ကွန်း တင်အပ်သည်။

၅။ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများ၏ ပြည်တွင်းရေး စွက်ဖက်မှု၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးမှု၊ အကြမ်းဖက်မှုများနှင့် အကြမ်းဖက်အတွေး အခေါ် မှန်သမျှ ကို   ပြည်ထောင် စုသား မွတ်စလင်များသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မြန်မာတိုင်းရင်းသားပြည်သူများနှင့် ခိုင်မြဲစွာလက်တွဲ၍ ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဖြစ်၏။

၆။ လူမျိုးရေး၊ ဘာသာရေး မတူကွဲပြားမှုကို အကြောင်းခံပြီး မုန်းတီးရေး၊ အကြမ်းဖက်ရေးတို့အတွက် သွေးထိုးလှုံ့ဆော်နေသော အယ်လ်ကိုင်းဒါး၊ အိုင်ဆစ်အပါအဝင် ပြည်ပ၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် ဦးဆောင်သူများကို မြန်မာမွတ်စလင်အစည်းအရုံးကြီးက ပြင်းထန်စွာ ရှုံ့ချလိုက်သည်။

မြန်မာမွတ်စလင်အစည်းအရုံး
စက်တင်္ဘာ (၄) ၂၀၁၄