Daily Archives: September 10th, 2014

ISIS အစွန်းရောက်အန္တရာယ်ကြီးမားမှု နိုင်ငံ ကို အိုဘားမား ချပြ မည်

 

Islamic State အစ္စလာမ်အစွန်းရောက် စစ်သွေးကြွတွေကို အမေရိကန်က ဘယ်လိုနှိမ်နင်းမယ်ဆိုတဲ့ မဟာဗျူဟာကို သမ္မတ Barack Obama က ဗုဒ္ဓဟူးနေ့ညကျရင် ရုပ်မြင်သံကြားပေါ် ကနေ မိန့်ခွန်းပြောကြား ရှင်းပြမှာဖြစ်ပါတယ်။

နိုင်ငံရဲ့ လုံခြုံရေးအတွက် အင်မတန် အရေးတကြီး ဦးစားပေးရမယ့် ကိစ္စတခုဖြစ်တယ်လို့ သမ္မတအိုဘားမားက ယုံကြည်တဲ့အကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest က ပြော ပါတယ်။

စစ်သွေးကြွတွေရဲ့ အန္တရာယ်နဲ့ Islamic State အစ္စလာမ်အစွန်းရောက်တွေ အင်အား လျော့နည်းသွားစေဖို့နဲ့ သူတို့ကို ဖြိုခွင်းနှိမ်နင်းသွားဖို့ သူ့ရဲ့အစီအစဉ်တွေကို သမ္မတက ပြောပြမှာဖြစ် တယ်လို့ ပြောခွင့်ရသူက ပြော ပါတယ်။

သမ္မတရဲ့ အစီအစဉ် အသေးစိတ်ကို  အိမ်ဖြူတော်ပြောခွင့်ရသူ Earnest က မပြောပေမဲ့ အီရတ်ကို အမေရိကန်တပ်တွေကို စေလွှတ်မှာ မဟုတ်ဘူးလို့ သမ္မတအိုဘားမားက ပြော ထားပြီး   ဖြစ်ပါ တယ်။ အင်္ဂါနေ့တုန်းကတော့ သမ္မတအိုဘားမားက သူ့ရဲ့ အစီအစဉ်တွေကို  အထက်လွှတ်တော်နဲ့ အောက် လွှတ်တော်က Democratic နဲ့ Republican ခေါင်းဆောင်တွေကို တွေ့ဆုံ ရှင်းပြခဲ့ပါတယ်။

ဆီးရီးယားအပေါ် လေကြောင်းက တိုက်ခိုက်တာ အပါအဝင် Islamic State အစွန်းရောက် စစ်သွေးကြွတွေအပေါ် စစ်ရေး ဆောင်ရွက်မှုမှန်သမျှ မလုပ်ခင်မှာ သမ္မတအနေနဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရယူရမယ်လို့ လွှတ်တော်အမတ်တချို့က အလေးထား ပြောနေကြပါတယ်။ ဒါပေမဲ့ သမ္မတကတော့ သူ့မှာ လုပ်ပိုင်ခွင့်အာဏာ ရှိတယ်လို့ လွှတ်တော်ခေါင်းဆောင်တွေ ကို   ပြောခဲ့တဲ့အကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

ဦးဥတ္တမနှစ်ပတ်လည်ကို မွတ်ဆလင်ဆန့်ကျင်ရေးအဖြစ် ဦးဝီရသူ အသုံးချ

အာဏာနိုင်ငံရေးသမားတွေမှာသာ လောကဓံ အတက်အကျဆိုတာရှိပြီး အမျိုးသားနိုင်ငံရေးသမားတွေ အတွက်တော့ အတက်ပဲရှိတယ်လို့ အမျိုးသားရေးဝါဒီ ဦးဝီရသူက ဦးဥတ္တမ ကွယ်လွန်ခြင်း ၇၅နှစ်ပြည့် စိန်ရတုအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။ အမျိုးသားရေးဝါဒီတွေအတွက် လောကဓံဆိုတာ တကယ်ပဲ မရှိဘူးလား။

ရန်ကုန်မြို့ MCC ခမ်းမမှာကျင်းပတဲ့ လူပေါင်းထောင်နဲ့ချီတက်ရောက်တဲ့ ဦးဥတ္တမ ကွယ်လွန်ခြင်း စိန်ရတု အခမ်းအနားဟာ အမျိုးသားနိုင်ငံရေးသမားတွေမှာ လောကဓံရဲ့ အကျဆိုတာ မရှိခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ ဦးဝီရသူက ဆိုပါတယ်။

မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဥတ္တမနှစ်ယောက်ပဲ နိက္ခမပါရမီရင့်သန်သူတွေအဖြစ် သူ့အနေနဲ့ လက်ခံထားပြီး အမျိုးသားရေးလုပ်ရင် အစွန်းရောက်သူ၊ အကြမ်းဖက်သူလို့ စွပ်စွဲခံရပြီး ဗြိတိသျှခေတ်တုန်းက အမျိုးချစ်တဲ့သူဟာ သူရဲကောင်းလို့ သူကရှုမြင်တယ်လို့ ဆိုပါတယ်။ ဒီအခမ်းအနားကို သံဃာတွေ ရာနဲ့ချီတက်ရောက်သလို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ရခိုင်တိုင်းရင်းသားတွေ အများအပြား တက်ရောက်ခဲ့ပါတယ်။

၂၁ရာစုမှာ လွတ်လပ်ရေးဆုံးရှုံးနိုင်တဲ့နည်းလမ်းတွေ ပိုကျယ်ပြန့်လာတာကြောင့် လွတ်လပ်ရေး မဆုံးရှုံးဖို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီအခမ်းအနားကို ကျင်းပတာဖြစ်ပြီး အုပ်ချုပ်သူတွေအနေနဲ့ လက်တွေ့ကျတဲ့ ပြည်ထောင်စုစိတ်ဓာတ်ရှိဖို့၊ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေးပေးဖို့ ဦးဇော်အေးမောင်က တိုက်တွန်းခဲ့ပါတယ်။ ကန်တော်မင်္ဂလာပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် နာမည်ပြောင်းဖို့ကိုလည်း သူကတောင်းဆိုခဲ့ပါတယ်။

လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးကွဲပြားခြားနားမှုကို အခြေခံပြီး အမုန်းတရားတွေ ဖြန့်ဖြူးနေတဲ့ ဦးဝီရသူက ဦးဥတ္တမဟာ အမျိုးဘာသာကို ချစ်မြတ်နိုးသူမို့ ဘူးသီးတောင်၊ မောင်တောကိုတွေ့ရင် ဘယ်လိုနေမလဲမသိဘူးလို့ အစချီပြီး ရခိုင်တိုင်းရင်းသားတွေက သူ့ကို ဦးဥတ္တမ ဝင်စားသလားလို့ ပြောပေမယ့် သူက အားကျစိတ်ရှိတာသာဖြစ်တယ်လို့ ဝါဒဖြန့်ပြောဆိုခဲ့ပါတယ်။ စစ်တွေဟာ မွတ်တွေဖြစ်နေပြီလို့ တိုက်ခိုက်စွပ်စွဲခဲ့ပြီး ဦးဥတ္တမရင်ဆိုင်ခဲ့ရတာက ကုလားဖြူတွေဖြစ်ပေမယ့် သူရင်ဆိုင်နေရတာ ကုလားမည်းတွေဖြစ်သလို ဒီလူတွေဟာ ဦးနှောက်မရှိဘူးလို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာမျက်နှာစာမှာ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ သိက္ခာကျခဲ့ရတယ်လို့ သမ္မတဦးသိန်းစိန်က သူ့ရဲ့ ဥရောပသုံးနိုင်ငံခရီးစဉ်မှာ ဝန်ခံပြောခဲ့ပြီး တစ်ရက်အကြာမှာ မွတ်ဆလင်ဆန့်ကျင်ရေး၊ အသားအရောင်ကွဲပြားမှုကို ခွဲခြားတဲ့ ဦးဝီရသူဟာ အမုန်းတရားတွေကို ပြင်းပြင်းထန်ထန်ပြောဆိုပြီး သွေးထိုးလှုံ့ဆော်ခဲ့ပါတယ်။

http://kamayutmedia.com/video/politics/1239

 

ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ဝင်ပူးခြင်းများ ရှိခဲ့သော်လည်းသိပ္ပံနည်းဖြင့်သာရှာဖွေသင့်ကြောင်း ဒေါက်တာ ချစ်စံဝင်း ပြော

ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ဝင်ပူးခြင်းများ ရှိခဲ့ သော်လည်း ခေါင်းလောင်းဆယ်ယူရန် သိပ္ပံ နည်းပညာများကို အသုံးပြုရှာဖွေသင့်ကြောင်း မြန်မာသမိုင်းအဖွဲ့ဝင်၊   ရှေးဟောင်း သုတေသီ ဒေါက်တာချစ်စံဝင်းက ပြောသည်။

အဆိုပါ ခေါင်းလောင်းဆယ်ယူ ရာတွင် ခေါင်းလောင်းကိုစိတ်စွဲပြီး သေဆုံး သူများမှာ မကျွတ်မလွတ်ဘဲ ပူးကပ်ခြင်း များရှိခဲ့ကြောင်း သိရသည်။
”ပူးတာတွေတော့ ဖြစ်ခဲ့ဖူးတယ်။ ဓမ္မစေတီခေါင်းလောင်း ရှာဖွေခွင့်ရခဲ့တဲ့ ဒေါ်ခင်အေးသိန်းကတော့ သူ့ကိုယ်တွေ့ အဖြစ်အပျက်ကို ပြောပြဖူးတယ်။ အမျိုးသမီး တစ်ယောက်က   ညောင်လေး ပင် မှာ ပူးပြီး ပြောတယ်။ ပြင်သစ်လိုလဲ မဟုတ်၊ စပိန်လို လဲမဟုတ်ဘူး။ ပေါ်တူဂီစကားနဲ့ ပြောတာ။ ဝင်ပူးတာက ငဇင်ကာဖြစ်တယ်လို့ ပြော တယ်။ ခေါင်းလောင်းကြီးကိုစွဲပြီး မကျွတ် ဘူးလို့ပြောတယ်။ အဲဒီလို အဖြစ်အပျက်တွေ ကတော့ အများကြီးပဲ၊ ယုံကြည်လို့တော့ မရပါဘူး။ ဆရာကတော့ နဂါးမေးပြီး ဗေ ဒင်မေးပြီးတော့ ရှာလို့မရဘူး။ ရိုးရာနည်း တွေနဲ့အတူ သိပ္ပံနည်းကျ ရှာဖွေဖို့လိုတယ်” ဟု ဒေါက်ချစ်စံဝင်းက ပြောသည်။

သိပ္ပံနည်းပညာများဖြစ်သော ရူပ ဗေဒနည်းပညာဖြင့် အသံလှိုင်းအား ထုတ် လွှင့်ရှာဖွေခြင်းနှင့် ဓာတုဗေဒနည်းပညာ များဖြစ်သော ကြေးဓာတ်များသော ရေပြင် နေရာတွင် ရှာဖွေခြင်းများ   ဆောင် ရွက်ရန် လိုအပ်ကြောင်းနှင့် လက်ရှိဆယ်ယူရေးအ ဖွဲ့အား လေးစားအသိအမှတ်ပြုကြောင်း ပြောသည်။
”ဦးစံလင်းတို့ ရှာဖွေနေတယ်။သူတို့ရှာဖွေတာကို လေးစားတယ်။ ရှာတွေ့ ရင်ကောင်းမယ်။ နဂါးတွေနဲ့ရှာရင်တော့ မရနိုင်ဘူး။ သံတုံးက ရေထဲကျသွားတာကို ခေတ်မီ ရူပဗေဒ၊ ဓာတုဗေဒ နည်းပညာ မပါဘဲ ဒီခေါင်းလောင်းကြီး ဘယ်လိုမှမရ နိုင်ဘူး”ဟု ယင်းက ဆက်ပြောသည်။

ခေါင်းလောင်းဆယ်ယူရေးအ တွက် သတင်းများထုတ်ပြန်ရာတွင် နဂါး များ ပါလာသောကြောင့် ဝေဖန်မှုများခံရ ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက် ၍ ဓမ္မစေတီခေါင်းလောင်း ဆယ် ယူရေး အ ထောက်အကူပြု ပြန်ကြားရေးတာဝန်ခံ ဦးကြည်ဝင်းက ”အန်ကယ့်ကို အချို့တွေ က နဂါးပြန်ကြားရေး ဦးကြည်ဝင်းလို့တောင် ပြောကြတယ်။ အန်ကယ် သည်းခံပါတယ်။ အန်ကယ်တို့က ဝိပဿနာသမားတွေဆို တော့ သည်းခံပါတယ်”ဟု ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ် ယူရေးကို ယခင်ယဉ်ကျေးမှုဝန်ကြီးဦးကျော် ဆန်းလက်ထက်တွင် စာတမ်းဖတ်ပွဲများပြု လုပ်ကာ စင်ကာပူမှပညာရှင်များ၊ ရေကြောင်း ကျွမ်းကျင်ပညာရှင်များ၊ အလှူရှင်များနှင့် ဆွေးနွေးခဲ့ဖူးကြောင်းနှင့် ယဉ်ကျေးမှုဝန်ကြီး အပြောင်းအလဲဖြစ်သွားပြီးနောက် ယဉ် ကျေးမှုဝန်ကြီးဌာနမှ နှုတ်ဆိတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

==========================================
‪#‎YangonMediaGroup‬ ™ | ‪#‎MZK‬ | www.yangonmedia.com