Daily Archives: September 21st, 2014

မ.ဘ.သ တရားမွှန်နေသူ အဖျက်အင်အားစုများက မြစ်ခြေရွာရှိ မွတ်စလင်မ်ပိုင် ၀တ်ကျောင်းနှင့်အိမ်ခြေအချို့ကိုဖျက်ဆီး

ဘုန်းကြီးကျောင်းတွင်ပုန်းအောင်းနေသူများကို ဗလီတွင်ရှိဟု သတင်းမှားဖြန့်ကာ အကြမ်းဖက်မှုများကျူးလွန်

ဟိန်းအောင်
စက်တင်ဘာ ၂၁၊ ၂၀၁၄

မြစ်ချေမြို့တွင် လူစုလူဝေးဖြင့်အစ္စလာမ်ဘာသာဝင်များပိုင် ဗလီဝတ်ကျောင်းတော်နှင့်အခြားသောနေအိမ်ပိုင်ဆိုင်မှုများကို မ.ဘ.သ အဖျက်အင်အားစုများက ယခုလ ၂၀ရက်နေ့ညပိုင်းတွင် ဖျက်ဆီးခဲ့ကြောင်းဒေသခံများထံမှသိရသည်။

“ဗလီရယ် အိမ်တစ်လုံးရယ် ဆိုင်တစ်ဆိုင်ရယ် အဖျက်ခံရတယ်”ဟု မြစ်ချေရွာမှ အမည်မဖေါ်လိုသူတစ်ဦးက Myanmar Muslim Media သို့ပြောသည်။

အစ္စလာမ်ဘာသာဝင်အိမ်ခြေ ၁၃ လုံးသာရှိသည်ဟုသိရသည့် မြစ်ချေမြို့ခံအစ္စလာမ်ဘာသာဝင်များအနေဖြင့် ဗလီဝတ်ကျောင်းတော်၏ဖျက်ဆီးခံရမှုပမာဏကို ယနေ့ညနေ ၅ နာရီအထိ “အတိအကျမသိရသေးဘူး”ဟု ဗလီဝတ်ကျောင်းတော်တာဝန်ရှိသူများကပြောသည်။

အစ္စလာမ်ဘာသာအားစွန့်လွတ်သွားသူတစ်ဦးဟု ဒေသခံများကသတ်မှတ်ထားသည့် ဦးမိုးဝင်းနှင့်ဌင်း၏ ဗုဒ္ဓဘာသာဝင်ဇနီး မိသင်း(အရပ်အခေါ်အမည်)တို့သည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားမှုကိုအကြောင်းပြုပြီးလူစုလူဝေးဖြစ်ပေါ်ခဲ့ကာ အဆိုပါလူအုပ်စုက“ဦးမိုးဝင်း”သည်ဗလီဝတ်ကျောင်းတော်အတွင်းပုန်းအောင်းနေသည်ဟူသောဝါဒဖြန့်လှုံ့ဆော်မှုမှတဆင့် အစ္စလာမ်ဘာသာဝင်များ၏ပိုင်ဆိုင်မှုများဖျက်ဆီးခံရခြင်းဖြစ်ကြောင်းသိရသည်။

“ဗလီထဲကိုမိုးဝင်းလာပုန်းပါတယ်လို့အော်ကြတယ်။အရင်ဆုံးဗလီဥက္ကဌ ဦးမိုးကောင်းပိုင်တဲ့ အိမ်တစ်လုံးကိုစဖျက်တယ်။ပြီးတော့ အဲဒီ့အိမ်ဘက်ကနေ ဗလီထဲကိုဝင်ဖျက်တာ။ဘုန်းကြီးတွေလည်းပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

မြစ်ချေရွာမှ မ.ဘ.သ တရားမွှန်နေသူ ဗုဒ္ဓဘာသာဝင်အင်အား နှစ်ရာဝန်းကျင်က မြစ်ချေဗလီဝတ်ကျောင်းတော်အား ယခုလ ၂၀ရက်နေ့ည ၁၁ နာရီဝန်းကျင်အချိန်တွင်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

“မိုးဝင်းမိန်းမ မိသန်းရဲ့ ဇာတိရွာ စဘေက ဘုန်းကြီးကသူတို့လင်မယားကိုဖွက်ထားပေးတာ။အဲဒါကို ဗလီထဲမှာရှိတယ်လို့ သတင်းဖြန့်ပြီး ဗလီကိုတက်ဖျက်တာပါ။တကယ်စဖြစ်တဲ့လင်မယားရဲ့ အိမ်ကိုတော့ဘာမှမဖျက်ဘူးလို့ကြားတယ်”ဟု အမည်မဖေါ်လိုသည့် ဒေသခံ အမျိုးသမီးတစ်ဦးက Myanmar Muslim Media သို့ပြောသည်။

အမဲလိုင်စင်စီ လုပ်ငန်းလုပ်ကိုင်သည့် ဦးမိုးဝင်းသည် အစ္စလာမ်ဘာသာဝင်အဖြစ်မှ ဌင်း၏ဇနီးသည်ကိုးကွယ်သည့် ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲကိုးကွယ်နေသူအဖြစ်ဒေသခံမွတ်စလင်များကအတည်ပြုထားပြီး ယခုဖျက်ဆီးခံရသည့်ဗလီဝတ်ကျောင်းတော်သို့ ဦးမိုးဝင်လာရောက်ခြင်းမရှိသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်ကြောင်းလည်းသိရသည်။

“ဗလီကိုမလာတော့တာတောင်နှစ်ချီနေပါပြီ။မှတ်မှတ်ရရဆိုရင် အရင်နှစ်အီးဒ်ပြီးကတည်းကပဲ”ဟုအမည်မဖေါ်လိုသည့်ဒေသခံတစ်ဦးကပြောသည်။

မြစ်ချေရွာဗလီဝတ်ကျောင်းတော်အားဖျက်ဆီးမှုအား မြို့နယ်မှူးနှင့်လုံခြုံရေးရဲတပ်ဖွဲ့ဝင်များရှေ့တွင်ဖျက်ဆီးခြင်းဖြစ်သည်ဟုလည်း ဒေသခံများကအတည်ပြုသည်။

“ညပိုင်းလူအုပ်များလာတော့ ပခုက္ကူဘက်က ရဲအယောက် ၂၀ လောက်ဆင်းလာတယ်။ရဲတွေရောက်လာတော့ ရဲတွေကအိမ်တွေကိုဝင်ရှာတယ်။ရှာနေရင်းနဲ့ ဗလီထဲမှာရှိတယ်လို့ မ.ဘ.သတွေကအော်ပြီးဖျက်တာ။မြို့နယ်မှူးနဲ့ လုံခြုံရေးတွေရောက်လာပြီးမှ သူတို့ရှေ့မှာတင်ဖျက်ခံရတာပိုပြီးရင်နာဖို့ကောင်းတယ်”ဟုဒေသခံတစ်ဦးကပြောပါသည်။

မ.ဘ.သ(ယခင် ၉၆၉ ဂိုဏ်း)တရားမွှန်နေသူများက မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ မြစ်ချေရွာမှ ဗလီဝတ်ကျောင်းတော်၊ဗလီဥက္ကဌပိုင်နေအိမ်တစ်လုံးနှင့် ဟာဂျီမိုးထွန်းပိုင် ရွှေလမင်း ကုန်မာဆိုင် တစ်လုံးတို့မင်းမဲ့စရိုက်ဆန်စွာဖြင့် အကြမ်းဖက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
မြစ်ခြေရွာတွင် အစ္စလာမ်ဘာသာဝင်အိမ်ခြေ ၁၃ လုံးသာရှိပြီး လက်ရှိနေထိုင်သည့်မွတ်စလင်မ်ဦးရေးမှာ ၂၀ ၀န်းကျင်သာရှိကြောင်းလည်းသိရသည်။

မြစ်ခြေရွာရှိအစ္စလာမ်ဘာသာဝင်များအားအကြမ်းဖက်ဖျက်ဆီးမှုကို တာဝန်ရှိသူများက ဟန့်တားပေးခြင်းမရှိသဖြင့် ဒေသခံမွတ်စလင်မ်အချို့သည်ယာယီရွေ့ပြောင်းနေထိုင်မှုများပြုလုပ်နေကြကြောင်း

လည်းဒေသခံတစ်ဦး၏ပြောကြားချက်အရသိရသည်။

အိမ်ဖြူတော် လုံခြုံရေး တိုးမြှင့်

ယူနီဖောင်းဝှက် လျှို့ဝှက်လုံခြုံရေးအရာရှိတွေ အိမ်ဖြူတောင် မြောက်ဘက်မှာ စောင့်ကြပ်နေစဉ်။ (၀၉-၂၀-၁၄)

ယူနီဖောင်းဝှက် လျှို့ဝှက်လုံခြုံရေးအရာရှိတွေ အိမ်ဖြူတောင် မြောက်ဘက်မှာ စောင့်ကြပ်နေစဉ်။ (၀၉-၂၀-၁၄)

ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ ခြံစည်းရိုးကိုကျော်ပြီး အိမ်ဖြူတော်ထဲအထိ လူတစ်ဦး ၀င်ရောက်သွားနိုင်ခဲ့တဲ့အတွက် Secret Service သမ္မတရဲ့ လုံခြုံရေးအဖွဲ့က အိမ်ဖြူတော်ပြင်ပမှာ လုံခြုံရေးကို တိုးမြှင့်လိုက်ပါတယ်။

သောကြာနေ့က အဲဒီလို အိမ်ဖြူတော်ထဲ အမျိုးသားတဦး ၀င်ရောက်မှု ဖြစ်သွားပြီးတဲ့နောက် အိမ်ဖြူပတ်လည်မှာ အစောင့်အရေအတွက် တိုးမြှင့် ချထားတာအပြင် စောင့်ကြည့်တဲ့ အစီအစဉ်တွေ လည်း တိုးမြှင့်လုပ်ဆောင်ဖို့ လုံခြုံရေးအဖွဲ့ ညွန်ကြားရေးမှူး Julia Pierson က အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ လုံခြုံရေးအစောင့်တပ်ဖွဲ့တွေက သူ့ကို မဖမ်းနိုင်ခင်မှာ အသက် ၄၂ နှစ် အရွယ်   လက်နက် ကိုင်ဆောင် ထားခြင်း မရှိတဲ့ အဲဒီ အမျိုးသားအနေနဲ့ သမ္မတရဲ့အိမ်ထဲကို ဘယ်လိုလုပ် ၀င်သွားနိုင်ခဲ့တယ်ဆိုတာကို အသေးစိတ် ပြန်လည် ဆန်းစစ်ဖို့ အတွက်လည်း သမ္မတ လုံခြုံရေး အဖွဲ့ ညွန်ကြားရေးမှူးက အမိန့် ထုတ်ပြန်လိုက်ပါတယ်။

သောကြာနေ့ညဦးပိုင်းက သမ္မတ Barack Obama နဲ့ သမီး ၂ ဦး အိမ်ဖြူတော်ကနေ ရဟတ်ယာဉ် ထွက်ခွာသွားပြီး မကြာခင်မှာပဲ အဲဒီ အမျိုးသားက အိမ်ဖြူတော် ခြံစည်းရိုးကိုကျော်၊ မြက် ခင်းပြင် ကို ဖြတ်ပြေးပြီး အိမ်ဖြူတော်ထဲကို တံခါးဖွင့် ၀င်သွားနိုင်ခဲ့တဲ့အတွက် ဖြစ်တောင့်ဖြစ်ခဲ သမ္မတအိမ်ဖြူတော် လုံခြုံရေးတွေကို ပြန်လည် သုံးသပ်ဖို့ ဖြစ်လာခဲ့ပါတယ်။

အခုလို လုံခြုံရေးချိုးဖောက်မှုဖြစ်သွားတဲ့ကိစ္စဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ အောက်လွှတ်တော် အမျိုးသားလုံခြုံရေးဆိုင်ရာ ကော်မီတီဥက္ကဋ္ဌလည်းဖြစ်၊ ရီပတ်ဘလီကန် လွှတ်တော် အမတ် လည်းဖြစ်တဲ့ Jason Chaffetz က ပြောပါတယ်။

စနေနေ့တုန်းကလည်း အိမ်ဖြူတော်ထဲကိုဝင်ဖို့ ကြိုးစားသူတဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီး ထိန်းသိမ်းရလိုက်ပါတယ်။ အမျိုးသားတဦးက အိမ်ဖြူတော် ၀င်ပေါက်နားအထိ ကပ်လာတဲ့ အ တွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သူ့ကို မောင်းထုတ်လိုက်ပေမယ့် ခနကြာတဲ့အခါ အဲဒီလူဟာ သူ့ကားနဲ့ အိမ်ဖြူတော်နားအထိ မောင်းလာခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း မှတော့ သူ့ကို လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်

အယ်လ်ကိုင်ဒါအဖွဲ့ ခြိမ်းခြောက်မှုသည် စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း ကာချုပ်ပြော

မြန်မာနိုင်ငံသည် ဗုဒ္ဓ ဘာသာကို မိရိုးဖလာကိုးကွယ် သည့်နိုင်ငံဖြစ်သော်လည်း အခြား ဘာသာကိုးကွယ်မှုများအား လွတ် လပ်စွာကိုးကွယ်ခွင့်ပြုထားပြီး ဘာသာရေးကို အကြောင်းပြု၍ အယ်လ်ကိုင်ဒါအဖွဲ့၏ မြန်မာ အပေါ် ဘာသာရေးစစ်ပွဲဆင်နွှဲ မည့် ခြိမ်းခြောက်မှုမှာ စိန်ခေါ်မှု တစ်ရပ်ဖြစ်လာကြောင်း တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

အယ်လ်ကိုင်ဒါ၏ စိန်ခေါ်မှု ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့်အခွင့်အာဏာ အရ တပ်မတော်က ဦးဆောင် ကာကွယ်သွားမည်ဖြစ်ကြောင်း ကာချုပ်က အခြေခံဥပဒေပုဒ်မ ၃၃၉ နှင့် ၃၄၁ တို့ကိုကိုးကား၍ ဆက်လက်ပြောကြားသည်။

ပြည်သူများ၏ အခြားဘာ သာကိုးကွယ်မှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၄၊ ၃၆၂ နှင့် ၃၆၃ အရ လွတ် လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး အသိအမှတ်လည်း ပြုထား ကြောင်း ကာချုပ်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၌ စက် တင်ဘာ ၁၉ ရက်က ပြောကြား သည့်မိန့်ခွန်းတွင် ထည့်သွင်းပြော ကြားခဲ့သည်။

ဘာသာရေးကို အကြောင်း ပြ၍ မည်သူမျှအခက်အခဲအကျပ် အတည်းဖြစ်အောင် မလုပ်သင့်ဘဲ တိုင်းရင်းသားများနှင့် နိုင်ငံတော် အပေါ် ထိခိုက်စေမည့် ပြောဆို ဟန့်တား လုပ်ဆောင်မှုများကို မည်သူမျှ ပြုလုပ်ကြမည်မဟုတ် ကြောင်း၊ နိုင်ငံတော်နှင့် တိုင်းရင်း သားများ ဒုက္ခအကျပ်အတည်း မဖြစ်ရအောင် ဝိုင်းဝန်းကာကွယ် ရမည်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

ပုဒ်မ ၃၃၉ မှာ ပြည်တွင်း၊ ပြည်ပဘေးအန္တရာယ်ကျရောက် ပါက တပ်မတော်က ကာကွယ် ရေးတွင် ဦးဆောင်ရမည်ဖြစ်ပြီး ပုဒ်မ ၃၄၁ မှာ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့ အတွက် ဘေးအန္တရာယ်ကျရောက်ပါက တပ်မတော်က ကူညီဆောင်ရွက် ရမည်ဟု ပြဋ္ဌာန်းထားသည်။

အယ်လ်ကိုင်ဒါ ခေါင်း ဆောင်၏ ခြိမ်းခြောက်မှုမှာ ဝါဒ ဖြန့်ဖြူးခြင်းနှင့် ၎င်းတို့အဖွဲ့ကို ကမ္ဘာက အာရုံပြန်စိုက်လာစေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း နိုင်ငံတကာသတင်းများက သုံး သပ်ဖော်ပြကြသည်။ သို့သော် ပြည်တွင်းသတင်းထောက်လှမ်း မှုများနှင့် မြေပြင်အခြေအနေများ အရ မြန်မာနိုင်ငံ၏ လက်ရှိလုံခြုံ ရေးကို သာမန်အဆင့်မှ တစ်ဆင့် မြှင့်လုံခြုံရေးသို့ တိုးမြှင့်ထား ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦး က ပြောကြားသည်။

‘‘အခုက သတိထားတဲ့ အဆင့်ပေါ့။ အကြမ်းဖက်ဖို့ သတင်းရတယ်ဆိုရင် လုံခြုံရေးကို အဝါရောင် သတ်မှတ်တယ်။ နောက်တစ်ဆင့် တိုက်ခိုက်ဖို့ အစ ပျိုးတာသိရရင် လိမ္မော်ရောင်၊ လုံးဝတိုက်ခိုက်ပြီဆို အနီရောင် ပေါ့။ အခုက ပုံမှန်နဲ့အဝါရောင် ကြားအဆင့်ပေါ့။ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ပြောတာလည်း မှန်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာလည်း ပြဋ္ဌာန်းထားတယ်။ တကယ်တမ်းဖြစ်လာရင် တပ် အကူအညီက ပိုလိုတယ်’’ဟု ၎င်း က ပြောသည်။

နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာတည်ရှိမှုကို ကာကွယ်ရန်၊ ပိုင်နက်နယ်မြေနှင့် နိုင်ငံ၏ ရှင်သန်ရပ်တည်မှုခိုင်မြဲ စေရန်နှင့် တိုင်းရင်းသားပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုကို ကာကွယ်ရန် လို ကြောင်း ကာကွယ်ရေးဦးစီးချုပ်က ၎င်း၏မိန့်ခွန်းတွင် အထူးအလေးထား ပြောကြားသွားခဲ့သည်။

အယ်လ်ကိုင်ဒါ၏ ခြိမ်း ခြောက်မှုကို ပြည်တွင်းနေ မွတ် စလင်အသိုင်းအဝိုင်းတို့က ဆန့် ကျင်ရှုတ်ချခဲ့ပြီး မည်သည့်အကြမ်းဖက်မှုမျိုးကိုမှ လက်ခံမည် မဟုတ်ကြောင်း မွတ်စလင် အစည်းအရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။