Daily Archives: September 27th, 2014

ရခိုင်၌ ပြန်လည် နေရာချထားရေး စတင်တော့မည်

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် နေရာချထားရေး လုပ်ငန်းများကို ပွင့်လင်းရာသီ အ၀င်မှသာ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

“ပြန်လည်ထူထောင်ရေးနဲ့ နေရာချထားရေးကိုတော့ ကျွန်တော်တို့ ရေးဆွဲထားတဲ့ Action Plan (အကောင်အထည်ဖော်မှု စီမံကိန်း)တွေ အတိုင်း ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ လာမယ့် ပွင့်လင်းရာသီ အ၀င်မှာ စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလကုန် သို့မဟုတ် အောက်တိုဘာလ အတွင်းမှာ ဖြစ်ပါလိမ့်မယ်”ဟု အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမိုးဟိန်း က မြန်မာတိုင်း(မ်) ကို ပြောသည်။

“ပြန်လည်ထူထောင်ရေးနှင့် နေရာချထားရေး လုပ်ငန်းတွေလုပ်ဖို့အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ NGO တွေ၊ INGO တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ဦးမိုးဟိန်း က ပြောသည်။

၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ယင်းနှစ် ဇွန်လတွင် ညမထွက်ရအမိန့် ကို ရခိုင်ပြည်နယ်တစ်ဝန်းတွင် ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့က ပြန်လည် ရုပ်သိမ်းခဲ့သည်။

“လက်ရှိအခြေအနေမှာတော့ ‘အမြဲတမ်း ပြန်လည်နေရာချထားရေး’ စီမံချက်ကို လုပ်ဆောင်နေပါ တယ်။ ဒုက္ခသည်စခန်းမှာ ရှိနေတဲ့သူတွေကို သူတို့လာခဲ့တဲ့နေရာ၊ ဥပမာ ကျောက်ဖြူ တို့၊ မြောက်ဦးတို့က လာတဲ့သူတွေကို အဲဒီဘက်မှာ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေလုပ်မယ်။
ပြန်လည်နေရာ ချထားရေးနဲ့ ပတ်သက်တဲ့ စီမံချက်တွေကို နှစ်ဖက် လူ့အဖွဲ့အစည်းတွေကို လိုက်လံရှင်းပြနေပါတယ်။ ရှင်းပြလို့ လက်ခံရင် ဆက်လုပ်မယ်။ လက်မခံရင်တော့ ဆက်လုပ်လို့ မရဘူး။ လက်ခံတဲ့အထိ နားဝင်အောင် ရှင်းပြရမှာဖြစ်တယ်” ဟု နယ်စပ်ရေးရာဝန်ကြီးဌာနရုံးအဖွဲ့မှူး ဦးရဲနိုင်က ပြောသည်။

ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များအတွက် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကူညီဆောင်ရွက်ပေးရေးရုံး (UNOCHA) က ရေးဆွဲထားသည့် 2014 Response Plan (ပြန်လည်ထူထောင်ရေးစီမံကိန်း) အရ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၁၂၆ သန်းခန့်လိုအပ်မည်ဖြစ်သည်။

ဝန်ကြီးဌာများ ပါဝင်ဖွဲ့စည်းထားသော ‘လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကော်မတီ’ က ရခိုင်ပြည်နယ် အတွင်း ပြန်လည်ထူထောင်ရေးနှင့် နေရာချထားရေးအတွက် ပြည်ထောင်စုအစိုးရထံ ကျပ် ၁ ဒသမ ၁ ဘီလျံ တောင်းခံထားသည်။

ယမန်နှစ်ကမူ ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများ အတွက် ဘတ်ဂျက် ကျပ် ၁ ဒသမ ၆ ဘီလျံ အထိ တောင်းခံသုံးစွဲခဲ့သည်။

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၅ ခုနှစ် မတ်လအထိ အခြေခံ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးအတွက် လုပ်ဆောင် သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဧပြီလ နှင့် မေလတို့တွင် ဒုက္ခသည်များအတွက် အပြီးသတ်ပြောင်းရွှေ့မှုများကို လုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။

http://myanmar.mmtimes.com/index.php/national-news/12041-2014-09-25-12-20-40.html