IS အဖွဲ့ကို အမေရိကန် လျှော့တွက်မိခဲ့ဟု အိုဘားမား ဝန်ခံ

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့၏ အင်အားစုရုံး တည်ထောင်လာမှုကို အစောပိုင်းက အမေရိကန်အနေဖြင့် လျှော့တွက်ထားမိခဲ့ကြောင်း သမ္မတ ဘာရတ်အိုဘားမားက အသိအမှတ်ပြု ဝန်ခံခဲ့သည်။

ဆီးရီးယားတွင် သမ္မတ ဘာရှာအာဆက်ဒ်ကို တော်လှန်သည့် အဖွဲ့အစည်းတစ်ခုအဖြစ်မှ စတင်ကျယ်ပြန့်လာသည့် IS သည် ယခုအခါ ကမ္ဘာပေါ်တွင် အထင်ရှားဆုံး အကြမ်းဖက်တိုက်ခိုက်ရေး တပ်ဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။ အီရတ်တွင် အယ်လ်ကိုင်ဒါ အဖွဲ့ကို ချေမှုန်းရာတွင် အမေရိကန်သည် ဆွန်နီ အစ္စလာမ်မစ် မျိုးနွယ်စုများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သော်လည်း ထို့နောက်ပိုင်းတွင် ဆီးရီးယား၌ အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းကို အခွင့်ကောင်းယူကာ ဆွန်နီ အစွန်းရောက်များက ISIL ကို အသက်သွင်းခဲ့သည်။ ISIL သည် နောင်တစ်ချိန်တွင် IS ဖြစ်လာခဲ့သည်။

CBS နှင့် အင်တာဗျူးတွင် အိုဘားမားက ဆီးရီးယား၏ ပဋိပက္ခများကို အသုံးချကာ စစ်သွေးကြွများက ၎င်းတို့၏ အင်အားကို ချဲ့ထွင်တည်ဆောက်ရန် ခြေကုပ်နေရာ ရသွားခဲ့ကြောင်း မှတ်ချက်ပေးခဲ့သည်။ ISIL သည် ဆီးရီးယား အစိုးရထံမှ နယ်မြေ အများအပြားကို သိမ်းယူပြီး ထိုမှတစ်ဆင့် အီရတ်မြောက်ပိုင်း ဒေသများကို လျှပ်တပြက် စစ်ဆင် တိုက်ခိုက်သိမ်းသွင်းပြီး အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ထူထောင်ကြေညာကာ အဖွဲ့အစည်း အမည်ကိုလည်း IS အနေဖြင့် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

“ဆီးရီးယား ပြည်တွင်းစစ်ကြောင့် နိုင်ငံရဲ့ ဒေသအများစုက အစိုးရ အချုပ်အခြာ အာဏာကနေ ကင်းလွတ်သွားတယ်။ အဲဒီအချိန်မှာ စစ်သွေးကြွတွေက ကိုယ်ပိုင်အုပ်ချုပ်ပုံ ဥပဒေတွေ ရေးဆွဲခဲ့တယ်။ ပဋိပက္ခ အခြေအနေတွေကို အကြောင်းပြပြီး နိုင်ငံရပ်ခြားက တိုက်ခိုက်ရေးသမားတွေကို ဆွဲဆောင် သိမ်းသွင်းနိုင်ခဲ့တယ်”ဟု အိုဘားမားက ဆိုသည်။ ထို့အပြင် ဆာဒမ်ဟူစိန်လက်ထက် သစ္စာတော်ခံ အကြွင်းအကျန် သစ္စာခံ အချို့ကိုပါ စုဆောင်းပြီး IS အနေဖြင့် ၎င်းတို့၏ စစ်အင်အားကို တိုးချဲ့နိုင်ခဲ့ကြောင်းလည်း အမေရိကန် သမ္မတက မှတ်ချက်ပြုခဲ့သည်။

အမေရိကန် အနေဖြင့် ၎င်းတို့ လေ့ကျင့်ပေးထားသည့် အီရတ်တပ်ဖွဲ့များအပေါ် လိုသည်ထက် ပိုမို၍ အထင်တကြီး ရှိခဲ့ပြီး IS တပ်ဖွဲ့များအပေါ် လျှော့တွက်ခဲ့ကြောင်း စွပ်စွဲမှုများနှင့် ပတ်သက်ပြီး မေးမြန်းသည့်အခါ အိုဘားမားက “ဒါက အမှန်ပါ။ လုံးဝကို မှန်ကန်တဲ့ ကိစ္စပါပဲ”ဟု ဝန်ခံခဲ့သည်။

လတ်တလောတွင် အမေရိကန်သည် မဟာမိတ် နိုင်ငံအချို့နှင့်အတူ ပူးပေါင်းကာ အီရတ်နှင့် ဆီးရီးယားတို့ရှိ IS ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်လျက် ရှိသည်။ အထူးသဖြင့် IS အဖွဲ့၏ ဘဏ္ဍာရေးကို အဓိက အထောက်အပံ့ ဖြစ်စေသည့် ရေနံတွင်းများကို တိုက်လေယာဉ်များက ဗုံးကြဲ ဖျက်ဆီးခဲ့ပြီး ဆီးရီးယားရှိ IS ဗဟိုထိန်းချုပ်ရေး စခန်းတစ်ခုကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

အမေရိကန်သည် IS အဖွဲ့ကို တွန်းလှန် တိုက်ခိုက်နေသည့် အီရတ်စစ်တပ်နှင့် ကာ့ဒ်လူမျိုး တိုက်ခိုက်ရေးသမားများကိုလည်း လက်နက်တပ်ဆင် ထောက်ပံ့ပေးလျက်ရှိသည်။

_Ref: BBC

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: