အမျိုးဘာသာ သာသနာအတွက် လူသတ်ခဲ့တဲ့ သီရိလင်္ကာဘုန်းကြီး

(စောလှဖြူ (Myanmar Muslim Media) စုစည်းတင်ပြသည်။)

ဗုဒ္ဓဘာသာကြီးစိုးတဲ့ သီရိလင်္ကာနိုင်ငံသမိုင်းမှာ အမည်းစက်ကြီးတစ်ခုလို ဖြစ်ခဲ့တာကတော့ သီဟိုဠ်နိုင်ငံ(Ceylon)ရဲ့ စတုတ္ထမြောက် ၀န်ကြီးချုပ်လည်းဖြစ် သီဟိုဠ်နိုင်ငံကို သီရိလင်္ကာ(Sri Lanka) လို့ အမည်ပြောင်းလဲစေသူလည်းဖြစ်၊ စင်ဟာလီအမျိုးသားဝါဒနဲ့ ဗုဒ္ဓဘာသာကို ချီးမြှောက်ခဲ့သူလည်းဖြစ်တဲ့ S. W. R. D. Bandaranaike ကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးက လုပ်ကြံ သတ်ဖြတ်မှုပဲဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကို သတ်ဖြတ်ရတာဟာ “အမျိုး၊ ဘာသာ၊ သာသနာနဲ့ နိုင်ငံတော်ကောင်းကျိုးအတွက် ဖြစ်တယ်လို့ ” လုပ်ကြံသတ်ဖြတ်တဲ့ ဘုန်းတော်ကြီးက အကြောင်းပြပါတယ်။ ဒါကြောင့် ၀န်ကြီးချုပ်ရဲ့ အကြောင်း အနည်းငယ် အကျဉ်းချုပ်ပြောပြချင်ပါတယ်။

ဝန်ကြီးချုပ် ဘန်ဒါရာနိုက်ဆိုတာ ရှေ့နေတစ်ဦးဖြစ်ပြီး စင်ဟာလာအမျိုးသားအကျိုးစီးပွားနဲ့ ယဉ်ကျေးမှုကို တိုးတက်စည်ပင်အောင် ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။ သူက ၁၉၃၆ ခုနှစ်မှာ စင်ဟာလီအမျိုးသားရေးအဖွဲ့ကို ဖွဲ့စည်းတယ်၊ ၁၉၄၆ ခုနှစ်မှာ ညီညွတ်သော အမျိုးသားပါတီ(UNP)ကို ကျောထောက်နောက်ခံပြုပေးတယ်။ ၁၉၅၁ ခုနှစ်မှာတော့ သီရိလင်္ကာလွတ်မြောက်ရေး ပါတီ (SLFP) ဖွဲ့စည်းထူထောင်ပါတယ်။ အဲဒီပါတီတွေကနေ ၀န်ကြီးရာထူး အဆင့်ဆင့်ကို ထမ်းဆောင်တယ်။

အစက တမီလ်နဲ့ စင်ဟာလာ ဘာသာစကားကို ရုံးသုံးအဖြစ် သတ်မှတ်ခဲ့ပေမယ့် သူ့ရဲ့ပါတီက ၁၉၅၀ ၀န်းကျင်လောက်မှာ “စင်ဟာလာ”တစ်မျိုးတည်းကိုသာ ပြောင်းလဲကျင့်သုံးပါတယ်။ ဒါ့အပြင် ကိုလိုနီခေတ်က ဒေသခံ ခရစ်ယာန်နဲ့ တမီလ်တို့ တိုက်ခိုက်တာကို ခံခဲ့ရတဲ့အတွက် သူ့ပါတီကို ဗုဒ္ဓဘာသာကိုယ်စားပြုပါတီအဖြစ် ရပ်တည်ခဲ့တယ်။ ဒါတင်မကသေးဘဲ သူ့ပါတီက ဗုဒ္ဓဘာသာ သံဃာတော်တွေရဲ့ လူမှုရေး၊ နိုင်ငံရေး သြဇာကလည်း အတော့်ကို ကြီးမားတယ်။

၁၉၅၆ ခုနှစ်မှာ ၀န်ကြီးချုပ်အဖြစ် အနိုင်ရပြီးနောက်ပိုင်း ဆိုရှယ်လစ်နဲ့ အနောက်မမျှော်ဝါဒကို ပြောင်းလဲကျင့်သုံးတယ်။ ၀န်ကြီးချုပ်သက်တမ်း ၃ နှစ်အကြာ ၁၉၅၉ ခုနှစ် စက်တင်ဘာ ၂၆ ရက် မှာတော့ ဗုဒ္ဓဘာသာ ဘုန်းကြီး Talduwe Somarama ရဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကွယ်လွန်ပါတယ်။

(၁) အမျိုးဘာသာအတွက် သတ်ရပါတယ်ဆိုတဲ့ ဘုန်းကြီး သတ္ထုဝီ ဆိုမာရာမာ(Talduwe Somarama)

စက်တင်ဘာ ၂၅ ရက်နေ့မှာ ဘုန်းကြီးဆိုမာရာမာက ၀န်ကြီးချုပ်ရဲ့ သီးသန့်အခန်းကို သွားရောက်လည်ပတ်ပါတယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို ချီးမြှင့်မြှောက်စားတဲ့ ပါတီဖြစ်တာနဲ့အညီ ဘုန်းကြီး ဆိုမာရာမာလည်း တံခါးမရှိ ဓါးမရှိ ၀င်ထွက်ခွင့်ရပါတယ်။ ဘုန်းကြီးဆိုမာရာမာ ရောက်ရှိလာတဲ့ပုံစံက သူနဲ့တရင်းတနှီး သဘောဆောင်နေတဲ့အတွက် ၀န်ကြီးချုပ်ကလည်း လက်အုပ် ချီပြီး အရိုအသေပေးပါတယ်။ အဲဒီနောက်မှာတော့ ဘုန်းကြီးဆိုမာရာမာဟာ အသင့်ပါလာတဲ့ ခြောက်လုံးပြူးသေနတ်ကို သင်္ဃန်းခြုံကြားထဲက ထုတ်ပြီး ၀န်ကြီးချုပ်ကို တည့်တည့်ပစ်ချ လိုက် ပါတော့ တယ်။

ဝန်ကြီးချုပ်ဟာ ၆ နာရီကြာ ခွဲစိတ်ကုသပေမယ့် နောက်တစ်ရက်မှာ ဘုန်းကြီးရဲ့ သေနတ်ဒဏ်ရာနဲ့ပဲ ကွယ်လွန်ခဲ့ပါတယ်။ ဘုန်းကြီးလည်း ၀န်ကြီးချုပ်ရဲ့ သက်တော်စောင့်တွေ ပစ်ခတ်မှုကြောင့် ဒဏ်ရာရပြီး အဖမ်းခံလိုက်ရတယ်။

ဘုန်းကြီး ဆိုမာရာမာဟာ “အမျိုး၊ ဘာသာ၊ သာသနာ”အတွက် ၀န်ကြီးချုပ်ကို သတ်ဖြတ်ရတယ်လို့ဆိုပေမယ့် တကယ့်ဇာတ်လမ်းရဲ့ နောက်ကွယ်က အကြောင်းတရားက ပုဂ္ဂိုလ်ရေး အကျိုးစီးပွားအတွက်ပဲ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး အကျိုးစီးပွားအတွက် “အမျိုး၊ ဘာသာ၊ သာသနာ”ခေါင်းစဉ်တပ်ပြီး အမြတ်ထုတ်လေ့ရှိတဲ့ သာဓကတစ်ရပ်လည်း ဖြစ်ပါတယ်။

(၂) ပူးပေါင်းကြံစည်မှု

အာယုဗေဒဆေးဆရာလည်းဖြစ်သူ ဘုန်းကြီး ဆိုမာရာမာနဲ့အတူ ကီလာဏိယ ရာဇာ မဟာဝိဟာရကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဗုဒ္ဓရက္ခိတအပါအ၀င် ပူးပေါင်းကြံစည်သူ ၄ ဦးကို ဖမ်းဆီးတရားစွဲပါတယ်။

ဝန်ကြီးချုပ်ဟာ သူ့ကို ရာထူးကဖယ်ရှားနိုင်တဲ့ အမျိုးသားရေးပြုပြင်ပြောင်းလဲမှုကို ဆက်လက်လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာရယ်၊ ဘုန်းကြီးဗုဒ္ဓရက္ခိတ တည်ထောင်ထားတဲ့ သင်္ဘောကုမ္ပဏီရဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ကနေ ဆန်စပါး ကူးသန်းရောင်းဝယ်ခွင့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ငြင်းပယ်ခဲ့တာတွေအတွက်ကြောင့် ဘုန်းတော်ကြီး ဗုဒ္ဓရက္ခိတက ၀န်ကြီးချုပ်ကိုသတ်ဖြတ်ဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။ ဘုန်းကြီး ဆိုမာရာမာကိုပါ စည်းရုံးခဲ့တာပါ။

ကျောင်းထိုင်ဆရာတော်က ၀န်ကြီးချုပ်သာ ဆက်ရှိနေမယ်ဆိုရင် “စင်ဟာလီ တွေရဲ့ လူမျိုးနဲ့ ဘာသာစကားရဲ့ အနာဂတ်ပျောက်သွားလိမ့်မယ်၊ ဒါကို ဖြေရှင်းဖို့ တစ်လမ်းတည်းပဲရှိတယ်”ဆိုပြီး လုပ်ကြံသတ်ဖြတ်ဖို့ ဘုန်းကြီး ဆိုမာရာမာကို သိမ်းသွင်းပါတယ်။

ဒါကြောင့် တရားရုံးက ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ ဘုန်းကြီးဆိုမာရာမာကို ကြိုးမိန့်ပေးခဲ့ပြီး ရာဇာမဟာဝိဟာရ ကျောင်းထိုင်ဆရာတော် ဗုဒ္ဓရက္ခိတနဲ့ တခြား စီးပွားရေးလုပ်ဖော်ကိုင်ဖက် ကြံရာပါတစ်ဦးကိုတော့ တသက်တကျွန်းဒဏ် ချမှတ်လိုက်ပါတယ်။ ကြံရာပါနောက်တစ်ဦးဖြစ်လည်းဖြစ် ကျန်းမာရေးဝန်ကြီးလည်းဖြစ်တဲ့ ကျောင်းထိုင်ဆရာတော်နဲ့ အရှုတ်အရှင်းမကင်းတဲ့ အမျိုးသမီးဝန်ကြီး ၀ီမလ ၀ိဇိဝဒန္နီကိုတော့ စစ်ဆေးပြီး တရားသေလွှတ်လိုက်ပါတယ်။ နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်ကတော့ ၁၉၆၇ခုနှစ် အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်ပါတယ်။

အာယုဗေဒတိုင်းရင်းဆေးဆရာလည်းဖြစ် မကြာခဏဆိုသလို ဆေးခြောက်သုံးစွဲသူလည်းဖြစ်တဲ့ ဘုန်းကြီးဆိုမာရာမက သူ ကြိုးပေးမခံရမီ တိုင်းရင်းဆေးတစ်မျိုးကို ရဲဆေးတင်ဖို့ တောင်းယူ သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ သီရိလင်္ကာသမိုင်းမှာ ပထမဆုံး ကြိုးပေးခံရတဲ့ ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါးအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

(၃) ၀န်ကြီးချုပ်နဲ့ လူသတ်သမားရဲ့ ထူးခြားချက်

သီရီလင်္ကာနိုင်ငံအဖြစ် ပြောင်းလဲပြီးနောက် ပထမဆုံးဝန်ကြီးချုပ်လို့ ဆိုနိုင်တဲ့ ဘန်ဒါရာနိုက်ဟာ ငယ်စဉ်က ခရစ်ယာန်ဘာသာဝင်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီး ဗုဒ္ဓဘာသာဝင်များ ကြီးစိုးရာတိုင်းပြည်မှာ နိုင်ငံရေးလှုပ်ရှားနိုင် ဖို့အတွက် ဗုဒ္ဓဘာသာကို ကူးပြောင်းလာခဲ့ပါတယ်။ တိုင်းပြည်ရဲ့ ထိပ်တန်းရာထူးရလာပြီးနောက် စင်ဟာလီနဲ့ ဗုဒ္ဓဘာသာကို မြှောက်စားပါတယ်။

ငယ်စဉ်ကတည်း ဗုဒ္ဓဘာသာအဖြစ် မွေးဖွားလာပြီး အသက် ၁၄ နှစ်အရွယ်မှာ သာသနာ့ဘောင်ဝင်ခဲ့တဲ့ ဘုန်းကြီး ဆိုမာရာမာကတော့ ၀န်ကြီးချုပ်လုပ်ကြံမှု ပြစ်ဒဏ်အနေနဲ့ ကြိုးပေးခံရမယ့် ၁၉၇၂ ဇူလိုင် ၇ ရက်နေ့မတိုင်မီ ၁ရက် အလိုမှာ သူ့ရဲ့ အပြစ်တွေကို ဆေးကြောဖို့ ဗုဒ္ဓဘာသာမှာ ရှာမတဲ့အဆုံး ခရစ်ယာန်ဘာသာကို ကူးပြောင်းသွားခဲ့ပါတယ်။

(စောလှဖြူ (Myanmar Muslim Media) စုစည်းတင်ပြသည်။)

ကိုးကားချက် – တိုင်းမ်၊ ၀ီကီပီးဒီးယားနှင့် အင်တာနက်စာမျက်နှာများ
ဓါတ်ပုံအညွှန်း –
(၁) ၀န်ကြီးချုပ်အား သတ်ဖြတ်ပုံကို သရုပ်ဖော်ထားစဉ်
(၂) ၀န်ကြီးချုပ် ဘန်ဒါရာနိုက်(၀ဲ-ကြီး)၊ ဘုန်းကြီး ဆိုမာရာမာ(ယာ-ပေါ်)၊ ဘုန်းကြီး ဗုဒ္ဓရက္ခိတ(ယာ-အောက်)
(၃) လူသတ်ဘုန်းကြီး ဆိုမာရာမာအား တရားရုံးမှ စစ်ဆေးပြီး ပြန်ခေါ်လာစဉ်
(၄) နောက်ကွယ်က ကြိုးကိုင်ခဲ့သူ ဘုန်းကြီး ဗုဒ္ဓရက္ခိတအား တရားရုံးမှ စစ်ဆေးပြီး ပြန်ခေါ်လာစဉ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: