ဗလီဝတ်ကျောင်းတော်တွေထဲမှာဘာတွေရှိသလဲ။ ဗလီထဲမှာ မွတ်ဆလင်တွေ ဘာလုပ် ကြသလဲ။

မွတ်ဆလင်မဟုတ်တဲ့ မြန်မာပြည်သူပြည်သားမိတ်ဆွေတွေ ခဏခဏမေးမြန်းကာ သိလိုကြတဲ့ မေးခွန်းတစ်ခုရဲ့အဖြေကို ဒီနေ့ အကျဉ်းချုပ်ပြီး တင်ပြပါမယ်။

ဗလီဝတ်ကျောင်းတော်ကို အရဗီဘာသာစကားအသံထွက်နဲ့ မစဂျစ်ဒ် masjid လို့ခေါ်ပါတယ်။ ဗလီတွေထဲမှာ အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်ကြသူတွေဖြစ်တဲ့ မွတ်ဆလင်တွေဟာ သူတို့ရဲ့ ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ်ကို ၀တ်ပြုမှုပြုလုပ်ကြပါတယ်။ ဗလီတွေကို မွတ်ဆလင်တွေက မြင့်မြတ်တဲ့နေရာ၊ သန့်စင်တဲ့နေရာ၊ မကောင်း မှုအားလုံးက ကင်းလွတ်ရာနေရာ၊ ၀တ်ပြု ဦးချရာနေရာ၊ အလ္လာဟ်အရှင်မြတ်ရဲ့ အိမ်တော်အဖြစ် သတ်မှတ် လက်ခံကြကာ မိမိရဲ့ ကိုယ်ပိုင်အိမ်ထက်တောင် တန်ဖိုးထား မြတ်နိုးတတ်ကြပါတယ်။

ဗလီတစ်ခုရဲ့ အထင်ရှားဆုံးအစိတ်အပိုင်းဟာ မင်နရတ်လို့ခေါ်တဲ့ မျှော်စင်ဖြစ်လေ့ရှိပါတယ်။ ဒီ မင်နရတ်မျှော်စင်ကနေ တစ်နေ့ကို ငါးကြိမ်ဝတ်ပြုနိုင်အောင် မု့အ်ဇင် လို့ခေါ်တဲ့ နိဗ္ဗာန်ဆော်က နှိုးဆော်ကြရပါတယ်။ ဗလီတွေရဲ့ နောက်ထပ်အထင်ရှားဆုံး အစိတ်အပိုင်းဟာ အမိုးခုံးတွေဖြစ်လေ့ရှိပါတယ်။ ဗလီဝတ်ကျောင်းတော်တွေ ဟာ အပြင်အဆင်ဒီဇိုင်းဘယ်လိုပဲကွာခြားနေပါစေ၊ အတွင်းပိုင်းမှာတော့ ဟောခန်းမအဖြစ်ရှိနေတတ်ပါတယ်။ ဗလီရဲ့ဝင်ပေါက်ကနေ၀င်သွားရင် အဆုံးမှာတွေ့ရမယ့် နံရံဟာ ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကာရွှေမြို့တော်ကို မျက်နှာမူထားနိုင်မယ့် ဗလီမျက်နှာစာဖြစ်ပါတယ်။ ကမ္ဘာတစ်ခုလုံးက ဗလီတွေရဲ့ မျက်နှာမူရာအရပ်ဟာ အရှေ့၊   အနောက်၊ တောင်၊ မြောက် ကွဲပြားနေတယ်လို့ ထင်ရပေမယ့် အမှန်မှာတော့ အစ္စလာမ့်ဝတ်ကျောင်းတော်တွေအားလုံးဟာ မွတ်ဆလင်တွေအတွက် အထွဋ်မြတ် ဆုံး ဗလီဖြစ်တဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကာရွှေမြို့တော်ရှိ ကအ်ဗာဝတ်ကျောင်းတော်ကိုမျက်နှာမူထားကြတာဖြစ်ပါတယ်။ ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကာရွှေမြို့တော်ရှိ ကအ်ဗာဝတ်ကျောင်းတော်ဟာ မြန်မာနိုင်ငံဖက်က မျက်နှာမူရင် အနောက်ဖက်အရပ်မှာ ရှိနေတဲ့အတွက် မြန်မာနိုင်ငံက ဗလီဝတ်ကျောင်းတော်တွေ ဟာ အနောက်ဖက်အရပ်ကို မျက်နှာလှည့်ကာ ၀တ်ပြုနိုင်အောင် တည်ဆောက်ထားကြရပါတယ်။ အင်္ဂလန်နိုင်ငံက ဗလီတွေကတော့ တောင်ဖက်လောက်ကို မျက်နှာမူ ထားကြမှာဖြစ်သလို ဘရာဇီးလ်လို တောင်အမေရိကတိုက်ရှိ ဗလီတွေကတော့ အရှေ့ဖက်ကို မျက်နှာမူကြမှာဖြစ်ပါတယ်။ ကအ်ဗာဝတ်ကျောင်းတော်ရှိရာ မျက်နှာမူရာ အရပ်ကို ကိဗ်လဟ်လို့ ခေါ်ကြပါတယ်။

ဗလီရဲ့ ကိဗ်လဟ်ဖက်ကို မျက်နှာမူရာ မျက်နှာစာကိုတော့ အလှအပ ခြူးပန်းခြူးနွယ် စုလစ်ချွန်မွန်တွေနဲ့ တန်ဆာဆင်ထားကာ ကျမ်းတော်မြတ်ကုရ်အာန်မှ စာသားတွေ ကို ရေးထွင်းထားလေ့ရှိပါတယ်။ မျက်နှာစာမှာ အဓိက အပိုင်းနှစ်ခုပဲ ရှိတတ်ပါတယ်။ အီမာမ်ရှေ့ဆောင်ဝတ်ပြုဆရာ နေရာယူမယ့် အလယ်တည့်တည့်က စက်ဝိုင်းခြမ်း ပုံ နံရံအတွင်းဖက်ကို ထွင်းကာပြုလုပ်ထားတဲ့နေရာကို မိဟ်ရာဗ်လို့ ခေါ်ဆိုနိုင်ပြီး မိဟ်ရာဗ်ရဲ့ လက်ယာဖက်မှာတော့ မင်မ်ဗာလို့ခေါ်တဲ့ တရားဟော စင်မြင့် ငယ် ရှိပါတယ်။ မင်မ်ဗာစင်မြင့်ငယ်ဟာ အများအားဖြင့် လှေကားထစ် ၃ ထစ်လောက်သာ ရှိတတ်ကြပြီး တစ်ချို့ဗလီကြီးတွေမှာ ၃ ထစ်ထက် ပိုများတာကို လည်း   တွေ့နိုင် ကြ ပါတယ်။ မင်မ်ဗာစင်မြင့်ကို အများအားဖြင့် သောကြာနေ့ စုပေါင်းဝတ်ပြုပွဲကျင်းပချိန်မှာ ရှေ့ဆောင်တရားဟောဆရာက တက်ရောက်ဟောပြောချိန်မှာပဲ အသုံးပြု  ပါတယ်။ ကျန်တဲ့ရက်တွေမှာ အသုံးပြုတာ နည်းပါးလှပါတယ်။ ဗလီဝတ်ကျောင်းတော်တွေထဲမှာ ဘုရားရုပ်တု၊ မယ်တော်ရုပ်တု စတာတွေ ဘာတစ်ခု မှ တွေ့ရ မှာ မဟုတ်ပါဘူး။ ဘုရားဝတ်ပြုဖို့ ဘာပစ္စည်းကိရိယာမှ ဘယ်လို တေးဂီတတွေမှ မလိုအပ်ပါဘူး။ မွတ်ဆလင်တွေအားလုံးဟာ သူတို့ကိုးကွယ်ရာ အလ္လာဟ် အရှင်မြတ် ကို သူတို့စိတ်နှလုံးရင်ဘတ်ထဲကို အပြီးထည့်ထားပြီးဖြစ်တဲ့အတွက် ဘာရုပ်တုမှ မလိုအပ်တာ ဖြစ်ပါတယ်။ အစ္စလာမ်ကလည်း ဘယ်လို ရုပ်တုမျိုးကိုမှ ကိုးကွယ်ဦးချခွင့် မပြုထား ပါဘူး။ ပြီးတော့ ဗလီထဲမှာ မင်္ဂလာရှိစေတဲ့ ရေစင် ရေမန်း၊ မင်္ဂလာရှိစေတဲ့ ပြာ၊ မီး၊ မီးငွေ့၊ ပန်း၊ ဆီမီး၊အမွှေးတိုင်ထွန်းပူဇော်ထားတာတွေကို တွေ့ရမှာ မဟုတ်ပါဘူး၊ ၀တ်ပြုခြင်းကို မိမိဘာသာဝတ်ပြု သို့မဟုတ် စုပေါင်းဝတ်ပြု၊ ပြီးရင် ပြန်၊ အင်မတန်ကို ရိုးရှင်းပါတယ်။ ဗလီရှေ့ဆောင်အီမာမ်ကိုလည်း သွားရောက်နှုတ် ဆက် တကူးတက ဂါရ၀ပြု ကန်တော့ဖို့လည်း မလိုအပ်ပါဘူး။ ဗလီက ဘာပစ္စည်းမှ ပြန်မပေးသလို ဗလီဝတ်ကျောင်းတော်တစ်ခုမှာ ၀တ်ပြုဖို့ ဘာကြေးမှ ဗလီကို မပေးရပါဘူး။ မိမိသဘောဆန္ဒအလျောက် ဗလီဝေယျာဝိစ္စအတွက် လှူဒါန်းချင်ရင် အလှူခံပုံး Donation Box တွေ ရှိတတ်ပါတယ်။ ဆန္ဒရှိရင် လှူတန်းသွားနိုင်ပါတယ်။ စာရင်းဘောင်ချာနဲ့ လှူဒါန်းချင်ရင်လည်း ရနိုင်ပါတယ်။

ဗလီဝတ်ကျောင်းတော်ရဲ့ အတွင်းပိုင်းနေရာအပြည့်ကို ဖယောင်းပုဆိုး၊ ကော်ဇောတွေခင်းထားတာကို တွေ့ရမှာဖြစ်ပြီး ၀တ်ပြုသူတွေ တန်းစီနိုင်ဖို့ သိသာထင်ရှားတဲ့ မျဉ်းလိုင်းတွေ ရေးဆွဲထားတာကိုလည်း တွေ့ရမှာပါ။ ရှေ့ဆောင်အီမာမ်ဆရာရော ၀တ်ပြုသူပါ အနိမ့်အမြင့်မရှိတဲ့ အတန်းတွေမှာ တစ်ညီတစ်ညာတည်း တန်းစီရ ပါ တယ်။ တန်းစီရာမှာလည်း ရှေ့ဆောင်အီမာမ်ဆရာ၊ ၀တ်ပြုသူ၊ ဂေါပက၊ ပညာတတ်၊ သူဌေး၊ ဆင်းရဲ ချမ်းသာ လုံးဝခွဲခြားခြင်းမရှိဘဲ လူကြီးတွေက ရှေ့ဆုံးတန်း၊ သူ့နောက်  မှာ ကလေးတွေ နေရာယူပေးကြရပါတယ်။ အမျိုးသမီးတွေဟာလည်း ဗလီဝတ်ကျောင်းတွေမှာ ၀တ်ပြုခွင့်ရှိပါတယ်။ အစ္စလာမ်မှာ အမျိုးသမီး ဗလီမလာရလို့ တားမြစ် ချက် မရှိပါဘူး။ အစ္စလာမ်ရဲ့ အထွဋ်မြတ်ဆုံးဗလီတွေဖြစ်တဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကာရွှေမြို့တော် နဲ့ မဒီနာမြို့တော်က ဗလီကြီးတွေမှာ အမျိုးသမီးတွေ ကို သီးသန့် အပိုင်းအခြား အကာအရံတွေနဲ့ ၀တ်ပြုခွင့် ပြုထားပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်အပါအ၀င် နိုင်ငံတကာမြို့တော်တွေမှာလည်း အမျိုးသမီးတွေ ၀င်ရောက် ၀တ်ပြုနိုင်တဲ့ ဗလီဝတ်ကျောင်းတော်တွေ အများကြီးရှိပါတယ်။ အစ္စလာမ်မှာ အမျိုးသား၊ အမျိုးသမီး၊ ကလေး တန်းစီတဲ့စနစ်ကအစ အရာအားလုံး ပြဌာန်းပြီးသား ရှိပါတယ်။

မွတ်ဆလင်တွေ ဗလီကိုလာရောက်ကာ စုပေါင်းဝတ်ပြုကြတဲ့အချိန် ၅ ချိန် ရှိပါတယ်။ မနက်စောစော ဖဂျရ်လို့ ခေါ်တဲ့ နေမထွက်မီ ၅ နာရီ ခွဲလောက်မှာ တစ်ချိန်၊ မွန်း လွဲပြီး နေ့လည် ၁ နာရီလောက်မှာ ဇုဟိုရ်ဝတ်ပြုချိန် တစ်ချိန်၊ ညနေ ၄ နာရီခွဲလောက်မှာ အဆွရ်ဝတ်ပြုချိန် တစ်ချိန်၊ နေ၀င်ပြီး ၆ နာရီခွဲလောက်မှာ မဂ်ရိဗ်ဝတ်ပြုချိန် တစ်ချိန်၊ ညဦးပိုင်း ၈ နာရီလောက်မှာ အိရှာဝတ်ပြုချိန် တစ်ချိန်၊ အားလုံးပေါင်း ၅ ချိန် ၀တ်ပြုကြရပါတယ်။ ပုံမှန်အားဖြင့် ၀တ်ပြုချိန်မတိုင်မီ ၁၅ မိနစ်လောက်၊ နာရီ ၀က်လောက် အလိုမှာ မင်နရတ်ဗလီမျှော်စင်ပေါ်သို့ မု့အ်ဇင်လို့ခေါ်တဲ့ နိဗ္ဗာန်ဆော်က ကိဗ်လဟ်ဖက်ကို မျက်နှာမူပြီး ဟစ်ခေါ်နှိုးဆော်ကြရပါတယ်။ ၀တ်ပြုဖို့   နှိုးဆော် သံကို အဇာန်ပေးတယ်လို့ ခေါ်ကြပါတယ်။ အဇာန်ဖိတ်ခေါ်သံဟာ တစ်ကမ္ဘာလုံးမှာ အရဗီဘာသာတစ်မျိုးတည်းကို အသုံးပြုဖိတ်ခေါ်တဲ့အတွက် အတူတူပဲဖြစ် ပါတယ်။

တစ်နေ့မှာ ၅ ကြိမ် ၀တ်ပြုဖို့ ဖိတ်ခေါ်တဲ့ အဇာန်ဖိတ်ခေါ်သံရဲ့ အနီးစပ်ဆုံး မြန်မာအသံထွက်နဲ့အဓိပ္ပာယ်ကတော့

အလ္လာဟုအတ်က်ဗရ် (၄ ကြိမ်) { အလ္လာဟ်အရှင်သည် အကြီးကျယ်ဆုံး ဖြစ်တော်မူပါတယ်။ }

အရှ်ဟဒု အန်လာအိလာဟ အိလ္လလ္လားဟ် (၂ ကြိမ်)
{ အလ္လာဟ်အရှင်မှအပ ကိုးကွယ်ရာမရှိကြောင်း ကျွန်တော်မျိုး သက်သေခံပါတယ်။ }

အရှ်ဟဒု အန္န မုဟမ္မဒန် ရစူလွလ္လာဟ် (၂ ကြိမ်) { တမန်တော် မုဟမ္မဒ် (s a w) ဟာ အလ္လာဟ်အရှင်ရဲ့ စေတမန်တော်တစ်ဦးဖြစ်ကြောင်း သက်သေခံပါတယ်။ }

ဟိုင်ယ်ယာအလက် ဆွလားဟ် (၂ ကြိမ်) { ၀တ်ပြုဖို့ လာရောက်ကြပါ။ }

ဟိုင်ယ်ယာအလိုင် ဖလာဟ် (၂ ကြိမ်) { အောင်မြင်မှုဖက်ကို လာရောက်ကြပါ။ }

အလ္လာဟုအတ်က်ဗရ် (၂ ကြိမ်) { အလ္လာဟ်အရှင်သည် အကြီးကျယ်ဆုံး ဖြစ်တော်မူပါတယ်။ }

လာဟိလာဟ အိလ္လလ္လားဟ် (၁ ကြိမ်)
{ အလ္လာဟ်အရှင်မှအပ အခြားကိုးကွယ်ရာမရှိပါ။ }

ဒီလို အဇာန်ဖိတ်ခေါ်သံကို ကြားရတဲ့ မွတ်ဆလင်တွေဟာ ဗလီဝတ်ကျောင်းတော်ကို ၀တ်ပြုဖို့ ရောက်လာရပါပြီ။ ဗလီဝတ်ကျောင်းတော်ရဲ့ အ၀င်တစ်နေရာမှာ မိမိရဲ့ ထီး၊ ဖိနပ်စတဲ့ အသုံးအဆောင်တွေကို စနစ်တကျ တိုကင်ပေးကာ လက်ခံသိမ်းဆည်းပေးတဲ့ ကောင်တာတွေ ဗလီတိုင်းလိုလိုမှာ ရှိတတ်ပါတယ်။ ဖိနပ်တွေ၊ ထီးတွေ အပ်နှံပြီးရင် ဗလီရဲ့ အ၀င်နား ဘေးဖက်လောက်မှာပဲ ရှိတတ်ပြီး ထိုင်စရာတွေ အများအပြား စီတန်းကာရှိကြတဲ့ ရေကန်ငယ် ဒါမှမဟုတ် ရေဘုံဘိုင်ခေါင်းလေးတွေမှာ ထိုင်ကာ ၀ိုသွူ ခေါ် လက်၊ ပါးစပ်၊ နှာခေါင်း၊ မျက်နှာ၊ တံတောင်ဆစ်၊ ဦးခေါင်း၊ ခြေ စတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ၃ ကြိမ်စီ ပွတ်သပ် သုတ်သင်   ဆေးကြော ကာ   ရေသန့်စင်ခြင်းအမှုကို ပြုလုပ်ရပါတယ်။
ဝိုသွူရေမသန့်စင်ဘဲ ၀တ်ပြုခွင့်၊ ဗလီထဲကို ၀င်ရောက်ခွင့် မပြုထားပါဘူး။ မွတ်ဆလင်တစ်ဦး ၀တ်ပြုဖို့အတွက် လိုအပ်တဲ့ သန့်စင်ခြင်းအမှုတွေထဲမှာ ၀တ်ပြုတဲ့နေရာ သန့်ရမယ်၊ ကိုယ်ခန္ဓာသန့်ရမယ်၊ အ၀တ်အစားသန့်ရမယ်၊ ကိုယ်ခန္ဓာရဲ့ ဘယ်အပိုင်းတွေကို ဖုံးအုပ်ကာ ၀တ်ပြုရမယ်၊ စသည်ဖြင့် အသေးစိတ် သတ်မှတ်ချက် ကလေးတွေ ရှိပါတယ်။ ဒီအချက်တွေကို မွတ်ဆလင်တိုင်း လိုက်နာကျင့်သုံးကာ ၀တ်ပြုကြရပါတယ်။ ဗလီဝတ်ကျောင်းတော်တွေထဲကို ညစ်ပတ်နေတဲ့ အနေအထားမှာ ၀င်ချင်သလို ၀င်လာပြီး ၀တ်ပြုခွင့် မရှိပါဘူး။ မွတ်ဆလင်အားလုံးဟာ သူတို့ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ်ကို အတွင်းပိုင်း အပြင်ပိုင်းသန့်စင်မှုအပြည့် ရိုကျိုးစိတ် အပြည့် ချစ်ခင်အားကိုးစိတ်အပြည့်နဲ့ ၀တ်ပြုဦးချကြရပါတယ်။

မွတ်ဆလင်တွေဟာ ဗလီတွေထဲမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် သတ်မှတ်ထားတာတွေကို ၀တ်ပြုဆုတောင်းနိုင်ကြသလို ရှေ့ဆောင်အီမာမ်ဆရာရဲ့ ဦးဆောင်မှုနောက်မှာ အားလုံးစုပေါင်းဝတ်ပြုကြရတာလည်း ရှိပါတယ်။ ၀တ်ပြုချိန် ၅ ချိန်မှာ ၀တ်ပြုရတဲ့ပုံစံတွေဟာ တူနေပေမယ့် ၀တ်ပြုဦးချရတဲ့ အကြိမ်အရေအတွက်ဟာ မတူညီကြပါဘူး။ မွတ်ဆလင်တွေ ဘယ်လို ၀တ်ပြုကြသလဲ၊ ဘာတွေ ရွတ်ဆိုရသလဲ၊ ဘာကြောင့်ရွတ်ဆိုရသလဲ၊ ဘာအကျိုးကျေးဇူးတွေရမလဲ စတာတွေကို အခါအခွင့်သင့်ရင်   ရေးပါ ဦးမယ်။

စုပေါင်းဝတ်ပြုမှု အပြီးမှာ စုပေါင်းဆုတောင်းမှုတွေ ရှိတတ်ပါတယ်။ ဆုတောင်းမှုတွေထဲမှာ ကမ္ဘာသူကမ္ဘာသားတွေ ငြိမ်းချမ်းစေဖို့၊ လူသားအားလုံးကိုယ်စီမှာ ရှိတတ်တဲ့ အခက်အခဲတွေကို ပြေလည်နိုင်စေဖို့၊ ကျန်းမာရေးမကောင်းသူတွေကို ကျန်းမာရေးကောင်းလာစေဖို့၊ ငွေကြေးအခက်အခဲရှိသူတွေကို ပြေလည်နိုင်စေဖို့၊ အပြစ်တွေ ကနေ ရှောင်ကြဉ်နိုင်စေဖို့၊ ဂျဟန္နမ်လို့ခေါ်တဲ့ ငရဲဘုံကနေ လွတ်မြောက်ဖို့၊ ဂျန္နသ်သုခဘုံမှာ စံစားခွင့်ရနိုင်စေဖို့ စတာတွေကို အများ အားဖြင့် တောင်းကြပါတယ်။ မသိတဲ့ လူအများ စွပ်စွဲနေကြသလို ဘာသာခြားတွေပျက်စီးပါစေ စသည်ဖြင့် ကျိန်ဆဲခြင်းအမှုဟာ ဗလီဝတ်ကျောင်းတွေ ထဲမှာ ပြုလုပ်ခွင့်တောင် မရှိပါဘူး။ လူသား အချင်းချင်း မေတ္တာထား လေးစား ကြင်နာ တန်ဖိုးထားဖို့ပဲ အစ္စလာမ်က သင်ကြားပါတယ်။ စုပေါင်းတောင်းဆုပြုခြင်းအပြီးမှာ မိမိလိုအပ်ရာ ၀တ်ပြုမှုတွေ ကို ပြုလုပ်ကြပြီး   နေရပ်အသီးသီး လုပ်ငန်းအသီးစီးကို ပြန်ကြရပါတယ်။ ဗလီတွေထဲမှာ လောကုတ္တရာအကြောင်းကလွဲရင် အရောင်းအ၀ယ် အပါအ၀င်   ပြင်ပလောကီ စကားတစ်လုံး မှ တိုးတိုးကလေးတောင် ပြောခွင့်မရှိဘူးလို့ အစ္စလာမ်က သတ်မှတ်ပြဌာန်းထားတဲ့အတွက် မွတ်ဆလင်တွေဟာ တစ်နေ့မှာ ၅ ကြိမ် စုရုံးကာ ဘာသာခြားတွေကို တိုက်ခိုက် ဆန့်ကျင်ဖို့ စည်းဝေးကြတယ်ဆိုတဲ့ မသိနားမလည်သူတွေရဲ့ စွပ်စွဲချက်ဟာ အလွန်ရယ်မောစရာ ဖြစ်လို့နေပါတယ်။

သောကြာစုပေါင်းဝတ်ပြုမှုကို ဂျုမ္မာလို့ ခေါ်လေ့ရှိပြီးတော့ ဗလီတွေရဲ့ အစည်ကားဆုံးနေ့ ဖြစ်လေ့ရှိပါတယ်။ အကြမ်းဖျင်းသတ်မှတ်ချက်က သောကြာဂျုမ္မာဝတ်ပြုမှု မပြု လုပ် ခင်အရင် ရေချိုးရတယ်၊ အမွေးအကြိုင်သုံးရတယ်၊ သန့်ပြန့်လှပတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ရတယ်စတဲ့ ဓလေ့တွေ ရှိပါတယ်။ သောကြာဂျုမ္မာဝတ်ပြုမှုမှာ ဗလီဝတ်ပြုရာနေရာကို မ၀င်ခင် ၀ိုသွူ ခေါ် ရေသန့်စင်ခြင်းအမှုကို ပြုလုပ်ရပါတယ်။ ဗလီကို ယာဖက်ခြေထောက်နဲ့ စ၀င်ရတယ်။ မေတ္တာပို့ရပါတယ်။ မိမိအစီအစဉ်နဲ့ ၀တ်ပြုရတဲ့ ၀တ်ပြုမှု အနည်းငယ်ပြုလုပ်ပြီးချိန်မှာ ရှေ့ဆောင်အီမာမ်ဆရာရဲ့ မြန်မာဘာသာနဲ့ ဟောကြားမှု စတင်ပါတယ်။ အများအားဖြင့် အစ္စလာမ်ဘာသာတရားက သတ်မှတ်ပြဌာန်းထားတဲ့ ဆောင်ရန် ရှောင်ရန်အကြောင်းလေးတွေ၊
အစ္စလာမ့်သမိုင်းကြောင်းတွေ၊ တမန်တော်တွေရဲ့ အတုယူစံထားစရာ အဖြစ်အပျက်တွေကို နာရီဝက်လောက်ကြာအောင် ဟောကြားလေ့ရှိပါတယ်။ ဒီနောက်မှာ မင်မ် ဗာ လို့ခေါ်တဲ့ တရားဟောစင်မြင့်ငယ်ပေါ်သို့တက်ကာ အရဗီဘာသာစကားနဲ့ ရွတ်ဖတ်ဟောကြားပါတယ်။ ဒီဟောကြားမှုကို ခွသ်ဗာဟ်ဖတ်တယ်လို့ ခေါ်ပြီး ၁၀ မိနစ်လောက်သာ ကြာတတ်ကာ ဆုတောင်းတွေ၊ ရာသီအချိန်အခါအလိုက် ဆောင်ရှောင်လိုက်နာရမယ့် အဖြစ်အပျက်တွေ၊ ဘာသာရေးအကြောင်းအရာတွေ၊ တမန်တော်တွေကို မေတ္တာပို့မှုတွေ ပါဝင်တတ်ပါတယ်။ ခွသ်ဗာဟ်ဖတ်ခြင်းကို ရှေ့ဆောင်အီမာမ်ဆရာက ခေတ္တထိုင်ပြီး အပိုင်းနှစ်ပိုင်းခွဲကာ ဖတ်ရွတ်လေ့ရှိပါတယ်။ ခွသ်ဗာဟ် ဖတ်ပြီးနောက်မှာ စုပေါင်းဝတ်ပြုမှုအစီအစဉ် စတင်ပါတယ်။ ၀တ်ပြုမှုဟာ ၅ မိနစ်သာသာလောက်ပဲ ကြာမြင့်တတ်ပါတယ်။ ဒီနောက်မှာ စုပေါင်းတောင်း ဆုပြုမှု ပြုလုပ်ပါတယ်။ စုပေါင်းတောင်းဆုပြုမှုအပြီးမှာ မိမိဝတ်ပြုစရာအနည်းငယ်ကို ၀တ်ပြုပြီး အလိုရှိရာအရပ်ကို ပြန်နိုင်ကြပါပြီ။ တစ်ချို့ဗလီဝတ်ကျောင်းတော်တွေမှာ အကျွေးအမွေး အသီးအနှံဝေတာတွေ ရှိတတ်ပါတယ်။ တစ်ချို့ လူကြီး လူငယ်တွေဟာ ဗလီဝတ်ကျောင်းတော်ထဲမှာ ကျမ်းမြတ်ကုရ်အာန် ရွတ်ဖတ်တာ၊ ဇိကိရ်လို့ခေါ်တဲ့ ပုတီးစိတ်ပွားများတာတွေ ရှိတတ်ပါတယ်။ တစ်ချို့ဗလီတွေမှာ ညနေပိုင်း ၅ နာရီလောက်မှာ ကလေးတွေကို ဘာသာရေးအခြေခံပညာသင်ပေးတဲ့ အစီအစဉ်တွေရှိ တတ်ပါတယ်။ ဗလီတစ်လုံးနဲ့ တစ်လုံး ကွာခြားမှု ရှိကောင်းရှိနိုင်ပါတယ်။

ဗလီဝတ်ကျောင်းတော်တစ်ခုမှာ အကြောင်းမဲ့ အမြဲတမ်းနေထိုင်လို့ မရပါဘူး။ ရှေ့ဆောင်အီမာမ်တစ်ဦးနဲ့ မုအ်ဇင်န် နိဗ္ဗာန်ဆော်တစ်ဦး ပေါင်းနှစ်ဦးသာ ဗလီအဆောက် အဦးရဲ့ ပြင်ပမှာ နေကြတာများပါတယ်။ ဗလီခန်းမထဲမှာ ဘယ်သူမှ အမြဲတမ်း ညအိပ်နေထိုင်ခြင်း မရှိရပါဘူး။ ရံဖန်ရံခါလာရောက်တတ်တဲ့ ဘာသာရေး အဖွဲ့တွေ စားဝတ်နေရေးအဆင်ပြေစေဖို့၊ အခါကြီးရက်ကြီး ရမသွာန်ဥပုသ်ကာလတွေမှာ ချက်ပြုတ်စားသောက်နိုင်စေဖို့ အိုးခွက်ပန်းကန်တွေ၊ ထင်းခွဲကြက်သွန်လှီးတဲ့ ဒါးအချို့ (အချို့) ကလွဲရင် တိုက်ခိုက်လို့ရတဲ့ လက်နက်တစ်စုံတစ်ရာ ဗလီဝတ်ကျောင်းတော်တွေမှာ ထားခွင့် သိုမှီးခွင့် အလျင်းမရှိပါဘူး။ ကြိုက်တဲ့ဗလီကို ကြိုက်တဲ့အချိန် မီဒီယာ သမားတွေ ခေါ်လာပြီး အများရှေ့မှာ ၀င်ကြည့်လေ့လာနိုင်ပါတယ်။ ဘယ်သူမှ မပါဘဲ ရဲအနည်းငယ်နဲ့ ဗလီကို ၀ိုင်း၊ အထဲဝင်လာပြီး လက်နက်တွေ့တယ်ဆိုတဲ့ ဘိန်း ထုတ် ချပြီး တမင်အကွက်ဆင် ဖမ်းပြတာကတော့ အစ္စလာမ်နဲ့ ဗလီဝတ်ကျောင်းတော်တွေကို စစ်စခန်းလို့ သမုတ်ချင်သူတွေရဲ့ ညစ်ပတ်အောက်တန်းကျတဲ့ လှည့် ကွက် သာဖြစ်ပါတယ်။ အခုထပ်ပြောပါမယ်။ ကြိုတင်စီစဉ်မထားဘဲ ကြိုက်တဲ့ဗလီကို ကြိုက်တဲ့အချိန်သာ ၀င်လာခဲ့ပါ။ ဗလီတိုင်းက ကြိုဆိုလျှက်ပါ။ ၀တ်ပြုတဲ့ ၀တ်ကျောင်းတော်တွေကို စစ်စခန်း၊ ခံတပ်လို့ မိုက်မဲစွာ သမုတ်လိုသူတွေ ဘာမှားနေသလဲဆိုတာ မြင်ရပါမယ်လို့ပဲ ရှင်းရှင်းလင်းလင်း ပြောပါမယ်။ (Seeing is believing) ဖြစ်ပါတယ်။ ကြက်သွန်လှီး ထင်းခုတ်တဲ့ အိမ်တိုင်း ဘုန်းကြီးကျောင်းတိုင်းမှာ ရှိနိုင်တဲ့ တိုက်ခိုက်တဲ့ ဒါးရှည်မဟုတ်တဲ့ လူ့အသုံးအဆောင်ဒါး တစ်ချောင်း   နှစ်ချောင်း ရှိတာကို လက်နက်မိတယ်ဆိုရင်တော့ မတတ်နိုင်ပါ။ ကိုယ်နဲ့ မတဲ့သူတိုင်း၊ မကျေနပ်သူတိုင်း၊ လူတိုင်းကို ဘိန်းထုတ်ချပြီး တမင်အကွက်ဆင် ဖမ်းပြနိုင်ပါတယ်။

ဒီလောက်ဖတ်မိရင် စာရှုသူမိတ်ဆွေအနေနဲ့ ဗလီဝတ်ကျောင်းတော်တွေထဲမှာ ဘာတွေရှိသလဲ၊ ဗလီတွေမှာ မွတ်ဆလင်တွေ ဘာလုပ်ကြသလဲ ဆိုတဲ့ အကြောင်း အရာ ကို  အကြမ်းဖျင်း သိလောက်ပြီ တီးမိခေါက်မိပြီလို့ ယူဆမိပါတယ်။ ဗလီတွေကို အလည်အပတ်သဘောမျိုး ၀င်ရောက်လေ့လာချင်တယ်၊ ကြည့်ချင်တယ်ဆိုရင် တစ်ကိုယ်လုံး သန့်ပြန့်အောင် ရေချိုးခဲ့ပါ။ ဗလီကို ခြေထောက်လောက် ဆေးပြီး ၀င်ပါ။ ဂေါပကတာဝန်ရှိသူတွေကို ပြောပြပါ။ အခန်းစေ့   ထောင့်စေ့ကြည့်ချင်သေး တယ်ဆိုလည်း မိတ်ဆွေကို ပြုံးစိစိနဲ့ တစ်ဗလီလုံး နေရာမကျန်အောင် လိုက်ပြပါလိမ့်မယ်။ လျှို့ဝှက်ခန်း ရှိ မရှိလည်း အားနာပြီး မမေးဘဲ မနေပါနဲ့။ နံရံတွေကို စိတ်တိုင်းကျ အားမနာတမ်း ခေါက်ကြည့်ပါဦး။ အပေါက်တွေ၊ လှိုဏ်ခေါင်းတွေ ရှိ မရှိ သိရအောင်ပါ။ ဘယ်လိုဝတ်ပြုသလဲ၊ ဘာတွေဟောကြားသလဲ သိချင် လို့    စောင့်ကြည့် ချင်ရင်လည်း ရနိုင်ပါတယ်။ ထိုင်ခုံတစ်လုံးတောင်းပြီး ၀တ်ပြုဆောင် နောက်နားလေးမှာ စိမ်ပြေနပြေ ထိုင်ကြည့်ခွင့်မပေးစရာ အကြောင်း မရှိပါဘူး။   ဂေါပကကို မေးမြန်းပြီးသာ ခွင့်ပြုချက်ကလေးတောင်းပြီး လုပ်ပါ။ အဆင်မပြေစရာ မရှိပါဘူး။ လေ့လာဖြစ်အောင် လေ့လာစေချင် ပါတယ်။ မ၀င်ရဲ၊ မ၀င်ချင်တဲ့စိတ် ကို ဖျောက်ကာ ရဲရဲဝံ့ဝံ့ဝင်ရောက်လေ့လာကြဖို့သာ ဖိတ်ခေါ်ပါရစေ။ ဒါမှ တစ်ဦးနဲ့ တစ်ဦး သံသယတွေပျောက်ကာ အမှန်ဘ၀တွေ ရောက်လာမှာပါ။

ဗလီဝတ်ကျောင်းတော်တွေနဲ့ ပတ်သက်ပြီး တီးတိုးသံသယတွေပျောက်ပါစေကြောင်း၊ မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာ ဝေးကွာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

ဆွေမွန်
၁၄ သြဂုတ် ၂၀၁၄

Ref: https://www.facebook.com/photo.php?fbid=1514224502122986&set=pcb.1514227672122669&type=1&theater

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: