မာလာလာကို အတုယူပါ

‘‘စာတစ်အုပ်၊ ဘောပင်တစ်ချောင်း၊ ဆရာတစ်ယောက်ဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်’’

ကမ္ဘာ့အသက်အငယ်ဆုံး နိုဗယ်ဆုရှင် ပါကစ္စတန်သူ မာလာလာ၏ သမိုင်းတွင်စကားဖြစ်သည်။ ထိုစကားကို သူပြောချိန်က သူ့အသက် (၁၅)နှစ်သာ ရှိသေးသည်။ ကမ္ဘာ့အကြမ်းဖက်ဒေသအဖြစ် ကျော်ကြားသော ပါကစ္စတန်နိုင်ငံတွင် ကလေးများ ပညာသင်ခွင့်တောင်းဆို လှုပ်ရှားမှုကြောင့် သူ၏ဦးခေါင်းတွင် တာလီဘန်သူပုန်တို့ပေးသော သေရာပါသေနတ်ဒဏ်ရာဖြင့် မာလာလာက ယခုအသက် (၁၇)နှစ်ဖြင့်   အငယ်ဆုံးနိုဗယ်ဆုရှင်ဖြစ်သွားခဲ့ပါပြီ။

ကမ္ဘာပေါ်တွင် ဘာသာရေးအစွန်းရောက်၍ ပညာသင်ခွင့်အပါအ၀င် အမျိုးသမီးအခွင့်အရေးကို ဖိနှိပ်ထားသည့်နိုင်ငံ။ အသေခံဗုံးဖောက် ခွဲ မှု များ၊ တာလီဘန်သူပုန်များ၏ ရန်ရှာတိုက်ခိုက်မှုများကြောင့် နိုင်ငံရေးမတည်ငြိမ်သည့်နိုင်ငံ။ မာလာလာက ထိုနာမည်ဆိုးဖြင့်   ကျော်ကြား သည့် ပါကစ္စတန်နိုင်ငံမှဖြစ်သည်။

မြန်မာနိုင်ငံသည်လည်း အာဏာသိမ်းအစိုးရအောက် နှစ်ငါးဆယ်ကျော်ကြာ နေထိုင်ခဲ့ရပြီး ခေတ်အဆက်ဆက် အာဏာရှင်များ၏ ဖိနှိပ်မှုအောက်က လွတ်မြောက်လာသည်မှာ မကြာသေး။ နိုင်ငံရေး၊ ပညာရေးစနစ် နိမ့်ကျခဲ့ခြင်း၏ အကျိုးဆက်ကို ယနေ့ မြန်မာလူငယ်မျိုးဆက်များ ရင်ဆိုင်နေရသည်။

သို့သော် မြန်မာနိုင်ငံသည် ပါကစ္စတန်လောက် အခြေအနေမဆိုးပါ။ မာလာလာကဲ့သို့ နိုဗယ်ဆုအိပ်မက်ကို မြန်မာလူငယ်များ မက်နိုင်ခွင့် အခွင့်အလမ်းရှိပါသည်။ မြန်မာလူငယ်များ ပညာမသင်ရဟု တားမြစ်ထားသည့် လက်နက်ကိုင်အဖွဲ့မရှိပါ။ ပညာသင် ဖို့ကြိုးစား ပါက သေနတ်ဖြင့် ပစ်ခတ်ရန်ရှာမည့် အစွန်းရောက်အဖွဲ့မရှိပါ။ ခေတ်ဆိုးခေတ်ကျပ်ထဲကနေ မာလာလာတောင် နိုဗယ်ဆုရ ခဲ့သေးလျှင် အတားအဆီးများ မရှိတော့သလောက် နည်းပါးသွားသည့် မြန်မာနိုင်ငံ၏ လက်ရှိအနေအထား တွင် မြန်မာလူငယ်များ ဘာကြောင့် မာလာလာလို မဖြစ်နိုင်ရပါသနည်း။

မြန်မာလူငယ်များ ကမ္ဘာ့မျက်နှာစာတွင် နေရာယူရန်အတွက် နိမ့်ကျဆိုးရွားခဲ့သော ပညာရေး၊ နိုင်ငံရေးစနစ်ကို အပြစ်တင်နေခြင်းထက် ရည်မှန်းချက်ပန်းတိုင်သို့ အရောက်သွားရန် မိမိဘာသာလေ့လာသင်ယူတတ်ခြင်း (Self-Study) စနစ်ကို ပြုစုပျိုးထောင်ပေးရန် လိုအပ်သည်။ ထိုအလေ့အကျင့်ကို မိဘများကလည်း အားပေးရန်လိုကြောင်း ယခုဆောင်းပါးအတွက် မေးမြန်းသူများက တိုက်တွန်း အကြံပြုသည်။

‘‘ပညာရေးစနစ်မကောင်းတာက တစ်ကဏ္ဍ။ ဒီပညာရေးစနစ်ကို အပြစ်မတင်ဘဲနဲ့ ကိုယ်ကကော အဲဒီမကောင်းတဲ့ ပညာရေးစနစ်ကနေ ဘယ်လောက်အထိ အကောင်းဆုံးယူနိုင်မလဲစဉ်းစားပါ။ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်ကြောင့် ခံခဲ့ရတဲ့ ကျောင်းသားတွေ မရှိဘူး မဟုတ်ဘူး။ ရှိပါတယ်။ အဓိကက ကိုယ့်ဝမ်းစာကိုယ်ဖြည့်ထားပါ။ အဲဒီပညာရေးစနစ်ကို အပြစ်တင်နေတာတောင် ကိုယ့်မှာ ဘွဲ့လေး တစ်ခုမှ မရနိုင်သေးရင်၊ ဆယ်တန်းတောင်မအောင်ထားရင် ကိုယ့်ဆီလာမယ့် အခွင့်အလမ်းတွေကို ဘယ်လိုယူနိုင်မလဲ’’ ဟု   ညောင်တုန်းမြို့ မှ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် မဟာဘွဲ့သင်တန်းကို နေ့ချင်းပြန်တက်ရောက်နေသည့် မစုပုံချစ်ကပြောသည်။

မစုပုံချစ်ဆိုလျှင် မွေးရာပါလက်နှစ်ဖက်မပါသည့် ကိုယ်အင်္ဂါမသန်စွမ်းသူဖြစ်သည်။ ခြေလက်အင်္ဂါပြည့်စုံသူများတောင် အင်တိုက် အားတိုက်   ကြိုးစားရသည့် နိုင်ငံခြားပညာတော်သင်ဆုကို သြစတြေးလျတက္ကသိုလ်တစ်ခုထံမှ ထိုက်တန်စွာ ချီးမြှင့်ခြင်းခံခဲ့ရသည်။ ယခု သူ့အသက်(၂၅)နှစ်တွင် မဟာဘွဲ့အတွက် ဧရာဝတီတိုင်း ညောင်တုန်းမြို့ကနေ ရန်ကုန်နည်းပညာတက္ကသိုလ်သို့ နေ့ချင်းပြန် တက်ရောက်နေသူဖြစ်သည်။

ဝေဖန်ခံရဆုံး အလွတ်ကျက်ပညာရေးစနစ်အောက်တွင် ယနေ့ခေတ်မိဘအများစု ရေလိုက်လွဲနေသည်က ကိုယ့်ကလေးအမှတ်အများ ဆုံးနှင့် အဆင့်တစ်၊ နှစ်ကို အမြဲရထားရေးဖြစ်သည်။ ကလေး၏ ပင်ကိုအရည်အချင်းနှင့်ဝါသနာ၊ စူးစမ်းလေ့လာတတ်မှုသဘာဝကို မလေ့လာဘဲ မိဘတို့၏ဖြစ်ချင်ဇောကလည်း ကလေး၏လမ်းကြောင်းကို ပြောင်းလဲသွားစေနိုင်ကြောင်း မစုပုံချစ်ကို ပြုစုပျိုးထောင်ခဲ့သည့် ဖခင်ဦးအုန်းကျော်ကပြောသည်။

မာလာလာသည် နဂိုတော်သူဖြစ်သည်။ သို့သော် မာလာလာ၏ နောက်ကွယ်တွင် ဖခင်ဖြစ်သူက သူ့ဘ၀ကို အကောင်း ဆုံးပြုစု ပျိုးထောင် ခဲ့ သည်။ မာလာလာ ဘယ်လိုစာအုပ်မျိုး ဖတ်သင့်သလဲဆိုတာကို ရွေးပေးသည်။ မာလာလာ၏အတွေးအခေါ်များ ထက်မြက်အောင်   အနီးကပ်သွန်သင်ဆုံးမသည်။ အသက်(၁၇)နှစ်နှင့် နိုဗယ်ဆုရှင်ဖြစ်လာခြင်းတွင် မာလာလာက ဖခင်ဖြစ်သူကို   ကျေးဇူး တင် ရမည်ဖြစ်သည်။

‘‘သမီးမှာ လက်လေးတွေမပါဘူး။ လောကဓမ္မတာအရ အဖေတို့က အရင် လူ့လောကက ထွက်သွားရမယ်။ ဒါကြောင့် သမီးက ပညာ အပေါ်မှာ မရပ်တည်ရင် အဆင်မပြေနိုင်ဘူးလို့ ပြောပြခဲ့တယ်။ သူ့ကို စာလည်းဖတ်ခိုင်းတယ်။ စာကရတဲ့ အသိအမြင်နဲ့ ကိုယ် တိုင်တွေ့ကြုံ ရမယ့် အတွေ့အကြုံတွေ နှစ်ခုကို သူ့ဘ၀မှာ ပြန်အသုံးချခိုင်းတယ်။ ခေတ်စနစ်မကောင်းခဲ့တာကို လက်သင့်ခံရမှာပဲ။ ဒါပေမဲ့ အဲဒါကြီးမကောင်းလို့တော့ ရေစုန်မျောမနေပါနဲ့။ မိမိဘ၀အနေအထားကို ပြန်သုံးသပ်ပါ။ စိတ်ဓာတ်ကြံ့ခိုင်ဖို့လည်း မှာချင်တယ်။ အဓိကက လူငယ်တွေ ကိုယ့်ရဲ့ပကတိဘ၀အမှန်ကို သုံးသပ်ပြီး ပညာပေါ်ရပ်တည်ကြပါ။ ကျွန်တော်တို့ကတော့ မိဘတစ်ယောက် လုပ်ရမယ့် အလုပ်ကို အကောင်းဆုံးလုပ်ခဲ့တယ်’’ဟု မစုပုံချစ်ကို ပြုစုပျိုးထောင်ခဲ့သည့် ဖခင်ဦးအုန်းကျော်ကပြောသည်။

မြန်မာနိုင်ငံတွင် လူငယ်အများစုမှာ ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်ရောက်လိုက်ပါက သင်ကြားမှု၊ သင်ယူမှုကို ရပ်ဆိုင်းလိုက်တတ်ကြသည်။ ထို့ပြင် တစ်ကြိမ်၊ နှစ်ကြိမ် ကြိုးစားကြည့်ပြီး မအောင်မြင်ခဲ့ပါက ဇွဲလျှော့ပြီး ကြိုးစားမှုကို အလွယ်တကူ ရပ်ဆိုင်းတတ်ကြသည် ကိုတွေ့ ရကြောင်း အမေရိကန်ပြည်ထောင်စုတွင် ဆူရှီဆိုင်ခွဲပေါင်း ၈၀၀ ကျော် ဖွင့်လှစ်အောင်မြင်နေသည့် မြန်မာပြည်ဖွား ကိုဖိလစ်မောင် က ကမာရွတ်မီဒီယာ၏ မေးမြန်းခန်းတွင် ဖြေကြားသွားခဲ့သည်။

ကိုဖိလစ်မောင်ဆိုလျှင် ၁၃ ဒေါ်လာတည်းဖြင့် အမေရိကန်ပြည်ထောင်စုကို ၁၉၈၉ ခုနှစ်ကရောက်ရှိခဲ့ပြီး ယခုအခါအောင်မြင်သည့် စီးပွားရေးလုပ်ငန်းကြောင့် အမေရိကန်သမ္မတအိုဘားမားက အိမ်ဖြူတော်သို့ ဖိတ်ကြားခံခဲ့ရသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်နေ သည်။

‘‘စွန့်ဦးတီထွင်ချင်တဲ့ လူငယ်တွေအတွက်က ဒီအချိန်ကတော့ အခွင့်အလမ်းကောင်းပါ။ နိုင်ငံကလည်း ပွင့်နေပါပြီ။ လုပ်မယ်ဆိုရင် ဘယ်တော့မှနောက်မဆုတ်ပါနဲ့။ တစ်ခေါက်တည်းနဲ့တော့ အခွင့်အရေးက အောင်မြင်ဖို့နည်းတယ်။ ဘယ်သူမဆို တစ်ခေါက်တည်း နဲ့တော့ မအောင်မြင်ဘူး။ ကျွန်တော်တွေ့ဖူးတဲ့ လူငယ်တော်တော်များများက တစ်ခေါက်၊ နှစ်ခေါက်လုပ်လိုက်မယ်။ မအောင်မြင်ရင် စိတ်ဓာတ်ကျသွားမယ်။ နောက်ကို ဆုတ်သွားတယ်။ ဒါကြောင့် နောက်ကိုမဆုတ်ပါနဲ့။ အခွင့်အရေးပေါ်လာပြီဆို ကိုယ်ကလုပ်ပြဖို့ပဲလို တယ်’’ ဟု ၄င်းက မြန်မာလူငယ်များကိုအကြံပြုခဲ့သည်။

မကြာမီက အသက်(၈၅)နှစ်ပြည့်သွားသည့် စာရေးဆရာမကြီးကြည်အေးကလည်း လူငယ်များအချင်းချင်းရန်ဖြစ်နေ၊ ပြိုင်ဆိုင်နေမည့် အစား ကိုယ့်အားကိုယ်ကိုး၍ တိုးတက်အောင်လုပ်သင့်ကြောင်း မွေးနေ့လက်ဆောင်မွန်အဖြစ် ပြောကြားခဲ့သည်ကို RFA သတင်းဌာန က ထုတ်လွှင့်ခဲ့သည်။

‘‘ကြိုးစားနေတဲ့ တစ်ချိန်လုံးက တိုးတက်ရုံတင်မကဘူး၊ လူလည်း စိတ်ချမ်းသာတယ်၊ အဲဒီတော့ အချင်းချင်းရန်ဖြစ်မယ့်အစား၊ အချင်းချင်းပြိုင်ဆိုင်မယ့်အစား၊ အချင်းချင်းအကျိုးမရှိဘဲနဲ့ အလကားနေရင်း မဟုတ်တဲ့နည်းလမ်းတွေနဲ့ ထောက်ပံ့ကူညီနေကြမယ့်အစား ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့ လူငယ်တွေလုပ်ဖို့ အများကြီးလိုပါတယ်’’ဟု ဆရာမကြီးကဆိုသည်။

ဖိလစ်ပိုင်တွင် သတင်းထောက်ဖြစ်ရန် ကြိုးစားခဲ့သည့် ဖိလစ်ပိုင်လူငယ် ရိုင်ယန်လူးဝစ်မက်ဒရစ်သည် ယမန်နှစ်က ဖိလစ်ပိုင်တွင် တိုက်ခတ်သွားသော တိုင်ဖွန်းမုန်တိုင်းကြီးအပြီး တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ကိုယ့်ဒူးကိုယ်ချွန်ပရဟိတအလုပ်ကို လုပ်ခဲ့ သည့်အတွက် ဟိုင်ယန်မုန်တိုင်းနှင့်အတူ ကမ္ဘာကျော်လူငယ်တစ်ဦး ဖြစ်လာခဲ့သည်။ အမေရိကန်သမ္မတအိုဘားမားပင် စိန်ရတုခန်းမ မိန့်ခွန်း၌ ရိုင်ယန်ကို အတုယူဖို့ မြန်မာလူငယ်များအား ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ယခင်က ပညာရေးအပါအ၀င် ကဏ္ဍအားလုံးတွင် တံခါးပိတ်ထားခြင်း ခံခဲ့ရသော်လည်း ထိုတံခါးများကို ကိုယ်တိုင် ဖွင့်ချင်စိတ် သာရှိပါက မည်သည့်အတားအဆီးရှိပါစေ၊ ဖွင့်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် တစ်ဦးဖြစ်သည့် ကိုနိုင်ငံလင်းက ၄င်း၏အတွေ့အကြုံနှင့် နှိုင်းယှဉ်ပြောကြားသည်။

‘‘ဘဘဦးဝင်းတင်စကားလို ပုံစံခွက်ထဲက ဖောက်ထွက်ဖို့ဆိုတာ ကိုယ်တိုင်လေ့လာသင်ယူချင်စိတ်ရှိရတယ်။ ဘာသာစကားဆိုတာ လည်း ပြတင်းပေါက်တစ်ခုပဲ။ ကျွန်တော်တို့ဆီမှာ အမေရိကန်စင်တာလို၊ ဗြိတိသျှကောင်စီ(BC)လို ဘာသာစကားလေ့လာနိုင် တဲ့နေရာတွေ ရှိတယ်။ ကိုယ်တိုင်တံခါးပိတ်ခံထားရစဉ်က BC မှာ တက်ခွင့်ရလိုက်တော့ ကမ္ဘာကြီးအကြောင်းကို သိလိုက်ရသလို သူများက တံခါးပိတ်ထားပေမယ့် ကိုယ်တိုင်ဖွင့်ထွက်လို့ရပါလား သိသွားတယ်။ လူငယ်တွေတင်မကဘူး။ ကျွန်တော်တို့ တစ်မျိုးသား လုံးဟာ စဉ်ဆက်မပြတ်တိုးတက်ဖို့ self-study ကို တစ်နေ့အချိန်နည်းနည်းပဲဖြစ်ဖြစ် ရအောင်လုပ်ဖို့ တိုက်တွန်းပါတယ်။ လူငယ်တွေစာ များများဖတ်ပါ။ ဘာသာစကားတစ်ခုမဟုတ်တစ်ခုကို ရအောင်သင်ပါ’’ဟု ၄င်းကပြောသည်။

ထို့ပြင် ဘ၀ဆိုသည်မှာ အသင့်ပြုလုပ်ထားသည့် စားသုံးစရာတစ်ခုမဟုတ်ဘဲ ကိုယ့်ဘ၀ပေးအနေအထားက မပြည့်စုံခဲ့လျှင်တောင် သုညကနေ စတင်ကြိုးစားသင့်ပြီး ဘ၀ကိုသင်ယူလေ့လာမှု၊ အလုပ်တို့နှင့် တည်ဆောက်သင့်ကြောင်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ် သန်းကျော် ရရှိထားသည့် ရိုးရာလေးဖေ့စ်ဘွတ်ခ်နှင့် ၀က်ဘ်ဆိုက်ကို ဦးစီးသူများအနက် တစ်ဦးဖြစ်သည့် အသက်(၂၃)နှစ်အရွယ် ကို အောင်ခမ်းကျော်ကပြောသည်။

‘‘ကိုယ့်ဘဝက အားလုံးရယ်ဒီမိတ်စားသုံးရဖို့ ဖြစ်လာတာမှ မဟုတ်တာ။ ငါ ဒီလောက်ပဲရရောလားဆိုပြီး ထိုင်ငိုနေရင် ကိုယ်လည်းဘဝ ပျက်မယ်။ ကိုယ့်အပေါ် မှီခိုနေသူတွေလည်း ဘဝပျက်မယ်။ ဘဝကို အလုပ်နဲ့၊ သင်ယူလေ့လာမှုနဲ့ တည်ဆောက်တယ်။ ရောက်လေ ရာ၊ ဖြစ်တည်လေရာ နေရာကနေ လုပ်နိုင်တာကိုလုပ်မယ်။ အကောင်းဆုံးကြိုးစားလုပ်မယ်။ တစ်စက္ကန့်လေးတောင် အလဟဿမကုန် ဆုံးစေရဘူး။ အဲဒီလိုခံယူချက်နဲ့ ကျွန်တော်ကြိုးစားပါတယ်။ လူငယ်တိုင်းလည်း ကျွန်တော့်လို၊ ကျွန်တော့်ထက် ပိုကြိုးစားစေချင်ပါတယ်’ ’ဟု ၄င်းကပြောကြားသည်။

တက္ကသိုလ်ဝင်တန်းကိုဂုဏ်ထူးလေးဘာသာဖြင့် အောင်မြင်ခဲ့ပြီး ရေကြောင်းကောလိပ်က ကျောင်းပြီးခဲ့သော်လည်း ငွေကြေးတောင့်တင်းမှသာ ၀င်ရောက်နိုင်သည့် သင်္ဘောသားအလုပ်ကိုမရွေးဘဲ ရရာအလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့သည့် ကိုအောင်ခမ်းကျော်က အင်တာနက် ဘာသာပြန် အလုပ်ကို စတင်လုပ်ကိုင်ခဲ့သူဖြစ်သည်။ နိုင်ငံတကာမှ ထူးဆန်းထွေလာနှင့် ရသဆန်သည့် သတင်းများကို ဘာသာပြန် မျှဝေဖော်ပြ သည့် ရိုးရာလေးဖေ့စ်ဘွတ်ခ်နှင့် ၀က်ဘ်ဆိုက်ကို ထူထောင်ခဲ့ရာ ယခုအခါဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်သန်းကျော်က like ရရှိထားပြီး စီးပွားရေးကြော်ငြာများစွာ လက်ခံရရှိနေသည့် အောင်မြင်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုလည်းဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့ အာဏာရှင်အစိုးရအစဉ်အဆက်အုပ်ချုပ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံတွင် လူငယ်များမှာ ပို၍ထူးချွန်လိုစိတ်ရှိရမည်ဖြစ်ပြီး အစိုးရကြောင့် တိုင်းပြည်ကို နိုင်ငံတကာက လက်ညှိုးထိုးပြောဆိုနေချိန်၌ အစိုးရမကောင်းသော်လည်း နိုင်ငံသူ၊ နိုင်ငံသားများက ထူးချွန်ထက်မြက်ကြောင်းပြသဖို့လိုသည်ဟု Zagar Communication မှ Account Director ကိုစိုးသူရကပြောသည်။ ကိုယ်တိုင် လည်း အလုပ်တစ်ဖက်နှင့် ဘာသာရပ်ပိုင်းဆိုင်ရာ လေ့လာသင်ကြားမှုများကို ကြိုးစားခဲ့ရသည့် ကိုစိုးသူရက အတိုင်းအတာ တစ်ခုတွင် ကျေနပ်သွားပြီး သင်ကြားမှုကိုလည်း မရပ်တန့်စေချင်ကြောင်း ၄င်းကအကြံပြုသည်။

‘‘တစ်ခါတလေ စနစ်တို့၊ မူဝါဒတို့၊ သင်ရိုးညွှန်းတမ်းတို့ဆိုတဲ့ ကိုယ်ပြောင်းလဲဖို့ မတတ်နိုင်တဲ့အရာတွေကို လက်ညှိုးထိုးအပြစ် တင်ပြီး ဝေဖန်နေမယ့်အစား ကိုယ်ကိုယ်တိုင်ကကော ကြိုးစားအားထုတ်မှု ဘယ်လောက်ရှိလဲ၊ ဘယ်လိုရည်မှန်းချက်တွေ ရှိလဲ၊ ကျောင်းတက်တာစာတတ်ဖို့ သက်သက်ပဲလား၊ ဘွဲ့တစ်ခုရဖို့လားဆိုတာ အများကြီးထည့်စဉ်းစားဖို့လိုတယ်။ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ပညာရေးဆိုင်ရာ မူဝါဒတွေကို အစိုးရကချမှတ်ပေမယ့် ကိုယ်တစ်ယောက်တည်းနဲ့ဆိုင်တဲ့ ပညာရေးမူဝါဒတွေကိုတော့ ကိုယ်ကိုယ်တိုင် က ချမှတ်ရတာပါ။ ဆိုလိုတာက လူတစ်ယောက် ပညာရေးမှာထူးချွန်တယ်၊ မထူးချွန်ဘူးဆိုတာ တစ်ဦးတစ်ယောက် ချင်းရဲ့ ခံယူချက်၊ အသိစိတ်နဲ့ သက်ဆိုင်ပါတယ်’’ဟု ၄င်းကပြောသည်။

မာလာလာက ပညာရေးဆိုတာဘ၀မှာ တန်ဖိုးအရှိဆုံး ဆုလာဘ်ပါဟု နိုဗယ်ဆုလက်ခံရယူသည့် စင်မြင့်ထက်ကနေ ကမ္ဘာသို့   ပြောကြားခဲ့သည်။ မြန်မာမျိုးဆက်သစ်လူငယ်များအတွက်လည်း အလွတ်ကျက်ပညာသင်စနစ်က မွေးထုတ်လိုက်သည့် အဆင့် တစ်၊ နှစ်၊ သုံးများကို ပုံမှန်ရယူနေဖို့ထက် စစ်မှန်သည့်ပညာရေးနှင့် ကိုယ့်ဒူးကိုယ်ချွန်သင်ယူလေ့လာခြင်း အလေ့အကျင့်ကို မိဘများ ကပါ ၀ိုင်းဝန်းပြုစုပျိုးထောင်ပေးဖို့ လိုနေပြီဖြစ်သည်။

လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင်၊ အွန်လိုင်းပေါ်မှာ အချိန်ကုန်နေသူများမှအစ နေ့စဉ်လုပ်ငန်းခွင်တွင်း ပိတ်မိနေသူများအဆုံး နာရီ ၀က်လောက်ဖြစ်ဖြစ် ဘာသာစကားတစ်ခုခု၊ ပညာရပ်တစ်ခုခုကို လေ့လာသင်ယူဖို့၊ အနည်းဆုံး အနာဂတ်ခေါင်းဆောင်များဖြစ်သည့် လူငယ်များ စာဖတ်ကြဖို့ ကိုနိုင်ငံလင်းက တိုက်တွန်းသည်။

‘‘မာလာလာက ဗြိတိန်ပညာရေးကို ကောင်းကောင်းရသွားတယ်။ ကျွန်တော်တို့ မြန်မာလူငယ်တွေလည်း သူ့လိုမဖြစ်ဘူးလို့ ပြော တာမဟုတ်ဘူး။ ဒါပေမဲ့ အနာဂတ်ခေါင်းဆောင်တွေဖြစ်လာမယ့် လူငယ်တွေ ကိုယ်တိုင်လေ့လာ သင်ယူခြင်းတွေကိုတော့ လုပ်ကြပါ။ အနည်းဆုံးစာတော့ ဖတ်ဖြစ်အောင်ဖတ်ပါ။ စာမဖတ်တဲ့သူက တစ်နေ့ခေါင်းဆောင်ဖြစ်လာတဲ့အခါ အရင်လို အာဏာရှင်တွေနဲ့ ဘာမှကွာခြားမှာမဟုတ်တော့ဘူး’’ဟု ဆိုသည်။

ခေတ်ကို၊ စနစ်ကို အပြစ်တင်နေခြင်းထက် ခေတ်သမိုင်းကပေးသောတာဝန်ကို မျိုးဆက်သစ်လူငယ်များ ကျေပွန်အောင်ထမ်းဆောင်ဖို့ ကွယ်လွန်သူ နိုင်ငံကျော်စာရေးဆရာကြီး ဗန်းမော်တင်အောင်က မှာတမ်းခြွေခဲ့သည်။

‘‘လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ’’

သူ့စကားသည် သူကွယ်လွန်ပြီး နှစ်ပေါင်းများစွာကြာသည့်တိုင် ထင်ကျန်အသက်ဝင်နေဆဲဖြစ်သည်။

မာလာလာကဲ့သို့၊ ရိုင်ယန်လူးဝစ်ကဲ့သို့ လူငယ်မျိုးဆက်သစ်များဖြစ်ဖို့ အခွင့်အရေးက မြန်မာလူငယ်မျိုးဆက်သစ်များ၏ လက်တစ် ကမ်းတွင် ရောက်ရှိနေပါပြီ။ အခွင့်အရေးကို အမိအရအသုံးချဖို့သာ လိုအပ်ပါသည်။

7Day News Journal

အတွဲ (၁၃)၊ အမှတ် (၄၁)၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၄

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: