Daily Archives: December 25th, 2014

The Interview ရုပ်ရှင် ရုံတင်ပြ သရန် ပြန် လည် ဆုံးဖြတ် ခဲ့ခြင်း ကို အိုဘားမား ကြို ဆို

Sony Pictures ရုပ်ရှင်ကုမ္ပဏီက The Interview ဇာတ်ကားကို ရုံတင်ပြသရန် ပြန်လည် ဆုံးဖြတ်လိုက်သည့်အပေါ် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက ကြိုဆိုခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းကို ဇာတ်ရုပ်တစ်ခုအဖြစ် ဖန်တီးထည့်သွင်း ရိုက်ကူးထားသည့် The Interview ဇာတ် ကားကို အစောပိုင်းက ရုံတင်ပြသခြင်း မပြုတော့ရန် Sony Pictures က ဆုံးဖြတ်ခဲ့သည်။ ဇာတ်ကား ရုံတင်မည့် နေ့ရက် မတိုင်မီ   မြောက် ကိုရီးယား Hacker များ၏ လက်ချက်ဟု ယူဆရသော ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ကြုံရပြီးနောက် Sony Pictures က ယင်းကဲ့သို့ ဆုံးဖြတ်ရန် အကြောင်းဖန်လာခြင်း ဖြစ်သည်။

ထိုစဉ်က Sony Pictures ၏ ဆုံးဖြတ်ချက်ကို အိုဘားမားက အမှားတစ်ရပ်ဟု ဝေဖန်ခဲ့သည်။ ယခုအခါတွင်မူ Sony Pictures က ခရစ္စမတ် ကာလအတွင်း Independent Theatres ၏ ရုပ်ရှင်ရုံ (၂၀၀)ခန့်တွင် The Interview ကို ပြသသွားရန် ဆုံးဖြတ် ချက် ပြောင်း လဲလိုက်သည်။ ထိုကြေညာချက် ထွက်ပေါ်လာပြီးနောက် Sony Pictures အနေဖြင့် နောက်ထပ်တိုက်ခိုက်မှုများနှင့် ကြုံလာ ရနိုင်ကြောင်း Hacker များက ခြိမ်းခြောက်လျက်ရှိသည်။

အမေရိကန်သမ္မတ အိုဘားမား၏ ပြောရေးဆိုခွင့်ရ အရာရှိ အဲရစ်ရှုဇ်ကမူ သမ္မတ အနေဖြင့် Sony Pictures ၏ ဆုံးဖြတ်ချက် အပြောင်း အလဲကို ကြိုဆို အားပေးကြောင်း ဆိုသည်။
“သမ္မတရဲ့ ရပ်တည်မှုက ရှင်းပါတယ်။ အမေရိကန်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် ယုံကြည်တဲ့ နိုင်ငံတစ်ခုပါ။ အနုပညာရှင်တွေ ဟာ လွတ်လွတ်လပ်လပ် ဖန်တီးပြသခွင့် ရှိပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ Sony Pictures နဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သူ အားလုံး အ တွက် ကိုယ်ပိုင် ရွေးချယ်မှုအဖြစ် ယူဆနိုင်ပါတယ်။ ထွက်ပေါ်လာတဲ့ ရလဒ်ကို ကျွန်တော်တို့ ကြိုဆိုပါတယ်”ဟု ရှုဇ်က   ပြောကြား ခဲ့သည်။

မြောက်ကိုရီးယားကမူ Sony Pictures ကို ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည် ဆိုခြင်းကို ငြင်းဆန်ထားသော်လည်း ယင်း တိုက် ခိုက် မှုအတွက် ချီးကျူးအားပေးကြောင်း ကြေညာခဲ့သည်။

The Interview ဇာတ်ကားသည် မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်မ်ကို CIA အေးဂျင့်များက လုပ်ကြံရန် ကြံစည်မှုကို ဟာသ သဘောမျိုး ရိုက်ကူးထားခြင်း ဖြစ်သည်။

Sony Pictures ကို Hacker များ တိုက်ခိုက်မှု ဖြစ်ပေါ်ပြီးနောက် မြောက်ကိုရီးယားတွင်လည်း အင်တာ နက်ကွန်ရက်   ပြတ်တောက် မှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းအခြေအနေနှင့် ပတ်သက်၍ အမေရိကန်က တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့ကြောင်း လည်း သိရသည်။

_Ref: BBC