Category Archives: ဆောင်းပါး

PR စနစ် အကြောင်း သိထားရအောင်

PR စနစ်ခေါ် အချိုးကျ ကိုယ်စားလှယ် စနစ် (Proportional Representative) အကြောင်းကို တင်ပေးဖို့ပြောတဲ့အတွက် အောက်ပါအတိုင်း တင်ပေးလိုက်ပါတယ်

ယခု ပြောလိုသည့် အချိုးကျ ကိုယ်စားလှယ် စနစ်သည် အချိုးကျ ကိုယ်စားလှယ် စနစ် – မူရင်း (Pure PR) အကြောင်း ဖြစ်ပါသည်။

“အချိုးကျ ကိုယ်စားလှယ်စနစ် – မူရင်း (Pure Proportional Representative)” ၏ တွေးခေါ်ပုံမှာ ရိုးရှင်း လွယ်ကူပြီး ပြည်သူလူထုအား တိကျစွာကိုယ်စားပြုသည့် စနစ် ဖြစ်သော်လည်း အားနည်းချက်များရှိသဖြင့် အဆိုပါ စနစ်အား နိုင်ငံမျိုးစုံက မိမိတို့ နိုင်ငံနှင့် ကိုက်ညီမည့် ပုံစံကို ပြုပြင် တီထွင် အသုံးပြုလာကြသဖြင့် လက်ရှိကျင့်သုံးနေသော “အချိုးကျ ကိုယ်စားလှယ်စနစ် (PR)” မှာ နိုင်ငံအလိုက် ပုံစံကွဲ၊ မူကွဲမျိုးစုံ ရှိနေ၏။

“အချိုးကျ ကိုယ်စားလှယ်စနစ် – မူရင်း (Pure PR)” ၏ အခြေခံ သဘောတရားမှာ ရှင်းလင်း၏။ လူပုဂ္ဂိုလ်များကို မဲပေးရခြင်း မဟုတ်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ပါတီများအားလုံးအား တနိုင်ငံလုံးရှိ ပြည်သူလူထုက မိမိ ကြိုက်သည့် ပါတီအား မဲပေး ရွေးချယ်ရခြင်း ဖြစ်သည်။ ထိုမှ တဆင့် မဲရရှိသော အရေအတွက်အလိုက် ပါတီများက ကိုယ်စားလှယ် အရေအတွက် ခွဲဝေယူ၍ ကိုယ်စားပြုရသော စနစ်ဖြစ်သည်။ ဥပမာ ပါတီ ၁၀ ခု ရှိပြီး လူ တသိန်းရှိသော နိုင်ငံတွင် ပါလီမာန်ကိုယ်စားလှယ် ၁၀၀ ရှိလျှင် ပါတီတစ်ခုလျှင် မဲအရေအတွက် ၁၀၀၀ ရရှိလျှင် ကိုယ်စားလှယ် ၁ ယောက်နှုန်းဖြင့် ရွေးကောက်ခံရခြင်း ဖြစ်သည်။ ရှင်းလင်းရလျှင် ..

လူဦးရေ ………………………….. ၁၀၀ ၀၀၀။ (တစ်သိန်း)
ပါတီ အရေအတွက် ……………. ၁၀။
ရွေးချယ်မည့် ကိုယ်စားလှယ် …… ၁၀၀။

၁၀၀ ၀၀၀ ÷ ၁၀၀ = ၁၀၀၀

အထက်ပါ စာရင်းအရ ကိုယ်စားလှယ် တစ်ယောက်တိုင်းသည်လူ အယောက် ၁၀၀၀ အား ကိုယ်စားပြုသူ ဖြစ်သည်။ ထိုကြောင့် ပါတီ တစ်ခု အနေဖြင့် မဲ ၅၀၀၀ ရလျှင် ကိုယ်စားလှယ် ၅ ယောက်   ပါလီမာန်သို့ ကိုယ်စားပြု တတ်ရောက်ရသော စနစ် ဖြစ်သည်။ ၄င်းကဲ့သို့ အချိုးကျ ကိုယ်စားလှယ်များကို ပါတီအလိုက် ရွေးကောက် တင်မြှောက်ခြင်း ဖြစ်သဖြင့် “အချိုးကျ ကိုယ်စား လှယ် စနစ် (RP)” ဟု သတ်မှတ် ခေါ်ဝေါ်ခြင်း ဖြစ်သည်။

“မဲအများဆုံးရသူ နိုင်တဲ့ စနစ် FPTP (သို့) SMDP” တွင် ပြည်သူတစ်ယောက်မှ ပေးလိုက်သော ကိုယ်စားလှယ်မှာ ရှုံးနိမ့်သွားလျှင်အဆိုပါ ပြည်သူ၏ ကိုယ်စားလှယ်မှာ ပါလီမာန်တွင်း သို့ ရောက်ရှိခြင်း မရှိတော့ပေ။ အကျိုးဆက်အဖြစ် အဆိုပါ ပြည်သူ၏ အသံကို ကိုယ်စားပြုနိုင်သူသည် ပါလီမာန်တွင်း ရှိမနေတော့ပေ။ သို့သော် အချိုးကျ ကိုယ်စားလှယ်စနစ် (PR) ၏ အား သာချက် မှာ ပြည်သူလူထု တစ်ဦးခြင်းဆီမှ ပေးလိုက်သော မဲတိုင်းအတွက် ကိုယ်စားလှယ်ရှိနေခြင်း ဖြစ်သည်။ လူတိုင်း၏ ဆန္ဒများဖြင့် ကိုယ်စားလှယ်များ အား ရွေးခြယ်ခြင်း ဖြစ် သည်။   ပြည် သူများက ပေးလိုက်သော မဲများ အလကားဖြစ်သွားခြင်း မရှိပေ။ ထိုကြောင့် ဒီမိုကရေစီ၏ တန်ဖိုးများနှင့် ကိုက်ညီနေသည်။

အချိုးကျ ကိုယ်စားလှယ် စနစ် – မူရင်း (Pure PR) ကို အစောပိုင်း လက်တွေ့ ကျင့်သုံးသော နိုင်ငံများထဲတွင် ဒုတိယ ကမ္ဘာစစ် မဖြစ်မီကာလ ဂျာမနီနိုင်ငံ (Weimar Republic) လည်း ပါဝင်ခဲ့ သည်။

အချိုးကျ ကိုယ်စားလှယ်စနစ် – မူရင်း (Pure PR) သည် ဒီမိုကရေစီ တန်ဖိုးအရ အင်မတန် အားသာသော်လည်း လက်တွေ့အရ အားနည်းချက် များစွာ ရှိနေ၏။ သူ၏ အားနည်းချက်များမှာ ..

၁။ ပါတီကို မဲပေးရခြင်း ဖြစ်ပြီး ကိုယ်စားလှယ်ကို မဲပေးရခြင်း မဟုတ်
၂။ ပါလီမန် စနစ်တွင် ပါတီများပြီး ကိုယ်စားလှယ်များပေါင်းစုံ ပါဝင်သဖြင့် အစိုးရဖွဲ့ရန် ခက်ခဲခြင်း

တို့ ဖြစ်သည်။

၁။ ပါတီကို မဲပေးရခြင်း ဖြစ်ပြီး ကိုယ်စားလှယ်ကို မဲပေးရခြင်း မဟုတ်။

အချိုးကျ ကိုယ်စားလှယ်စနစ်အရ ပါတီကို မဲပေးရခြင်းဖြစ်ပြီး ပါတီမှ ရရှိသော မဲအလိုက် အချိုးကျ ကိုယ်စားလှယ် စေလွှတ်ရသဖြင့် ပြည်သူလူထုသည် ပါတီမှ ရွေးချယ်သူကို မိမိ၏ ကိုယ်စား လှယ်အဖြစ် လက်ခံရခြင်း ဖြစ်သည်။

အချိုးကျ ကိုယ်စားလှယ် စနစ်တွင် ပါတီခေါင်းဆောင်ကို တာဝန်ခံရသလို ဖြစ်နေသဖြင့် လက်တွေ့သဘောတွင် ပြည်သူကို ကိုယ်စားပြုခြင်း မဖြစ်တော့ဘဲပါတီခေါင်းဆောင်ကိုသာ ကိုယ်စားပြုသလို ဖြစ်နေသဖြင့် အာဏာရှင် လက်သစ်ကို မွေးထုတ်ပေးသလို ဖြစ်နိုင်၏။

၂။ ပါလီမန် စနစ်တွင် ပါတီများပြီး ကိုယ်စားလှယ်များပေါင်းစုံ ပါဝင်သဖြင့် အစိုးရဖွဲ့ရန် ခက်ခဲခြင်း

ဒီနေရာတွင် ပါလီမာန်စနစ် နှင့် သမ္မတစနစ် ကွဲပြားဖို့ လို၏။

သမ္မတ စနစ်တွင် ပါလီမာန် ကိုယ်စားလှယ်ဆိုသည်မှာ ဥပဒေပြုသူများ၊ ဥပဒေရေဆွဲသူ (Legislature) များသာဖြစ်သည်။ အစိုးရ မဟုတ်ချေ။ အစိုးရအဖွဲ့ကို သမ္မတမှ ဖွဲ့ပြီး သမ္မတကို သီသန့်   ရွေးကောက် တင်မြှောက်သည်။

ပါလီမာန်စနစ်တွင် ပါလီမာန် ကိုယ်စားလှယ်အများဆုံးရသည့် ပါတီက စုစုပေါင်း ကိုယ်စားလှယ် ၅၀ % ကျော်ဖြင့် အစိုးရဖွဲ့ပြီး အများဆုံးရသည့် ပါတီခေါင်းဆောင်က ဝန်ကြီးချုပ် ဖြစ်လာသည်။ အဆိုပါ ဝန်ကြီးချုပ်အား “တန်းတူများထဲမှ ထိပ်ဆုံး (First Among Equals)” အဖြစ် ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။

ပါလီမာန် စနစ်ဖြစ်ပါက ပါလီမာန်တွင် ပါတီတိုင်းမှ ကိုယ်စားလှယ်များပါနေပြီး  အစိုးရဖွဲ့ရန် ကြီးမားသည့် အင်အားဖြင့် ပါတီကြီး တစ်ခုတည်း ရှိရန် အင်မတန် ခဲယဉ်း၏။ ထိုအခါ ညွန့်ပေါင်း အစိုးရ ဖွဲ့ရပြီး .. ပါတီအချင်းချင်း သဘောထား၊ မတူလျှင် အစိုးရက ကွဲပြီး  နောက်အစိုးရ တစ်ခု ထပ်ဖွဲ့ ထပ်ညှိဖို့ ကြိုးစား ဤသို့ဖြင့် တည်ငြိမ်သော အစိုးရကို ဖွဲ့စည်းရန် ခက်ခဲသလို .. ဥပဒေတစ်ခု ပြုရာတွင်လည်း တူညီသော သဘောထားရနိုင်ရန် အင်မတန် ခက်ခဲ၏။ တိုင်းပြည် ရှေ့သွားဖို့ရာ အင်မတန် ခက်ခဲ၏။

အဆိုပါ အားနည်းချက်များသည် ဒုတိယ ကမ္ဘာစစ်မတိုင်မီ ဂျာမနီနိုင်ငံ၏ ပြဿနာ များထဲမှ  ပြဿနာ ဖန်တီးခဲ့သော အရာ တစ်ခု အဖြစ် သုံးသပ်လို့ရပြီး  ပါတီပေါင်းစုံမှ ကိုယ်စားလှယ်ပေါင်းစုံဖြင့် သဘောထား တစ်ခုထဲရနိုင်ရန် အင်မတန်ခက်ခဲသလို အစိုးရ အမျိုးမျိုး ပြောင်းပြီး နောက်ဆုံးတွင် နာဇီပါတီခေါင်းဆောင် ဟစ်တလာ အာဏာရခဲ့ပြီး နာဇီ အာဏာရှင်ခေတ် ဖြစ်လာခဲ့သည့် အကြောင်းအရင်းထဲတွေထဲက တစ်ခု ဖြစ်သွားခဲ့ရသည်။

ထိုသို့ ပြဿနာပေါင်းစုံ တတ်ခဲ့ရသော ဂျာမနီနိုင်ငံကိုယ်တိုင် ဒုတိယ ကမ္ဘာစစ်ပြီးနောက် မိမိတို့ကိုယ်တိုင် ကျင့်သုံးခဲ့သော အချိုးကျ ကိုယ်စားလှယ်စနစ် – မူရင်း (Pure PR) ကို ဒုတိယ ကမ္ဘာစစ်အပြီး အနောက်ဂျာမနီနိုင်ငံအဖြစ် ပြန်လည် တည်ထောင်သောအခါ ၄င်းစနစ်ကို ပြုပြင်ပြီး “ရောနှောထားသော အချိုးကျ ကိုယ်စားလှယ်စနစ် Mixed-Member proportional representation – MMP ဖြင့် ယနေ့အထိ အသုံးပြုလျက်ရှိသည်။

Credit ကိုထိုက်

Advertisements

ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှု၏နောက်ကွယ်မှ ပဟေဠိ ကွင်း ဆက်များ (အပိုင်း – ၁)

ဗိုလ်ချုပ်အောင်ဆန်း, နိုင်ငံတော်လုပ်ကြံမှု, အတွင်းဝန်ရုံး, အာဇာနည်,

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်ဝန်းကျင်မှာ ရန်ကုန်မြို့ အတွင်းဝန်များရုံး အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရစဉ်အချိန်က ဤစာရေးသူ သည် လသားခန့်အရွယ်သာ ရှိခဲ့ပါသည်။ ဆရာသမား လူကြီးများ၏ တဆင့်ပြောကြားချက်၊ စာနယ်ဇင်းနှင့် သတင်းစာဆောင်းပါးများကို ဖတ်ရှုလေ့လာချက်အရသာ ဤနိုင်ငံတော်လုပ်ကြံမှုကြီးအကြောင်းကို သိရှိခွင့်ရခဲ့ပါသည်။ လုပ်ကြံမှုနှင့် ပတ်သက်၍ စိတ်ကူးယဉ်ဇာတ်လမ်းများလည်း ငယ်စဉ်ကလေးဘ၀က ကြားခဲ့ဘူးသည်များလည်း ရှိခဲ့ပါ၏။ ဗိုလ်ချုပ်သည် ယနေ့တိုင်မသေသေးဟုပင် အလွန် နားထောင်   ကောင်း လှသော ပါးစပ်ရာဇ၀င်များဖြင့်

လူကြီးသူမများက စာရေးသူတို့ငယ်စဉ်တွင် ပုံပြင်သဖွယ် ပြောဆိုသည်ကိုလည်း ကြုံခဲ့ဘူးပါ၏။

စာရေးသူတို့ မြန်မာ့လူ့အဖွဲ့အစည်းသည် အကြောင်းအကျိုးကို ဝေဖန်ဆန်းစစ်မှု အားနည်း၏။ အတိတ်ကိုလည်း လွယ်လွယ်နှင့်မေ့၍ ပစ္စုပ္ပန်တွင် သာသာယာယာ နေတတ်ကြ၏။ လူတယောက်ကို ချစ်လျှင် ချစ်သလို တခမ်းတနား စာဖွဲ့ပြောဆိုတတ်သလို မုန်းလျှင်လည်း မုန်းသလို လူတယောက်၏ ဘ၀တလျှောက်လုံး၊ ထိုသူ၏ မျိုးနွယ်စဉ်ဆက်တခုလုံး ခေါင်းမဖော်နိုင်အောင် ဟုတ်တာရော မဟုတ်တာရော သိမ်းကြုံးပြောဆိုတတ်သည့် အကျင့်စရိုက်များကို ဘ၀တွင် ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ဘူးပါ၏။ အထက်ပါ အကျင့်စရိုက်များသည် အဆိုပါ လူ့အဖွဲ့အစည်း၏ ဖြတ်သန်းရသော မှတ်တမ်းမဲ့ အတိတ်သမိုင်း   ကြောင်းနှင့် သမိုင်းမှတ်တမ်းကို တန်ဖိုးထားရကောင်းမှန်း မသိမှုက အဆိုပါလူမျိုး၏ ဗီဇတွင် အမြစ်တွယ်နေသော အချောင်သမားစိတ်ဓာတ်၊  မင်းလောင်းမျှော်ဝါဒတို့ကို မွေးထုတ် ခဲ့လေရော့သလားဟု စာရေးသူတွေးမိပါသည်။ စာရေးသူတို့သည် မိမိကိုယ်တိုင်နှင့် မိမိနေထိုင်ရာ လူ့အဖွဲ့အစည်း၏ စရိုက်သဘောကို မညှာမတာ ဝေဖန်ဆန်းစစ်ဖို့တော့ လိုအပ်နေပြီဟု အလျင်းသင့်၍ တင်ပြလိုပါသည်။

DSC_4609

စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။

ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်များ၏ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ယနေ့တိုင် ပြည့်စုံသော သမိုင်းမှတ်တမ်း ကို   နိုင်ငံတော်အဆင့်မှ ပြုစုထုတ်ပြန်ခြင်းမရှိဘဲ၊ လူပုဂ္ဂိုလ်တဦးချင်းက နိုင်ငံတော် လုပ်ကြံမှု အမှုတွဲမှတ်တမ်း၊ သတင်းစာပါ မှတ်တမ်းများကို ကိုးကား ရေးသားထားချက်များသာ ရှိပါသည်။ ထိုစဉ်က ခေတ်ပြိုင်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိအစိုးရသည် အဘယ်ကြောင့် နိုင်ငံတော် လုပ်ကြံ မှုကြီး ၏ နောက်ကွယ်မှ ဖြစ်ရပ်မှန်များကို ကော်မရှင်ဖြင့် စုံစမ်းဖော်ထုတ်၍ လူထုထံ ရှင်းလင်းတင်ပြရန် ပျက်ကွက်ခဲ့ရ သလဲ။ မြန်မာလူထု က လည်း မိမိတို့၏ အာဇာနည်သူရဲကောင်းများ လုပ်ကြံခဲ့ရသည့် အမှုဖြစ်စဉ်မှန်ကို ဂဃနဏ သိရှိရအောင် ဖော်ထုတ်ပေး ခဲ့ဖို့ တောင်း ဆိုရကောင်းမှန်း ဘာကြောင့် မသိခဲ့ရသလဲ။ အစိုးရအဆက်ဆက်ကလည်း ယင်းတာဝန်ကိုဘာကြောင့် ပျက်ကွက်ခဲ့သလဲ။ အတိတ် သမိုင်း မှန် ကို ဖော်ထုတ်မှတ်တမ်းတင် သင်ခန်းစာယူရန် မကြိုးစားဘဲ အခြားသူပါးစပ်ဖျားမှ ပြောစကားတွင် လမ်းဆုံးနေကြလျှင် စာရေးသူတို့ လူမျိုးသည် ကမ္ဘာ့အလယ်တွင် မျက်စေ့သူငယ်၊ နားသူငယ်ဖြင့် အရာမ၀င် ဟိုလူလာ မျက်နှာချိုသွေးရ၊ ဒီလူလာ မျက်နှာချိုသွေး ရနှင့် ဗိုလ်ချုပ်ပြော သည့် ဖာနိုင်ငံဖြစ်မှန်းမသိ ဖြစ်တော့မည်ကို သတိပြုကြပါဟု အသိပေးလိုပါသည်။

၁၉၈၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အင်းစိန်ထောင် ၆ တိုက် ၆ ခန်းတွင် ပြည်သူ့ရဲဘော် ဗိုလ်စက်ရောင်ခေါ် ဗိုလ်ခင်မောင်က ၎င်းမသေမှီရက်ပိုင်း လပိုင်းအလို တွင် ထူးထူးခြားခြား မြန်မာနိုင်ငံနှင့်ပတ်သက်သော တာဝန် တခုစာရေးသူအား ပေးပါသည်။ ဒီတာဝန်ကို မင်းပဲ ထမ်း   ဆောင်နိုင် လိမ့်မည်ဟု ယုံကြည်၍ ပေးရခြင်းဖြစ်သည်ဟု ပြောပါသည်။ သူပေးသောတာဝန်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရမှုတွင် တရားခံဦးစော နောက်ကွယ်၌ နယ်ချဲ့သမားများ ရှိနေကြသည်ဟု ခပ်လွယ်လွယ် ကောက်ချက်ဆွဲမှုကိုသာ မြန်မာ့ သမိုင်းတွင် ပေါ်ပေါက်နေသည်၊ အမှန်တကယ် အဓိက ဇစ်မြစ် လက်သည်တရားခံမှာ ဖဆပလ အစိုးရအတွင်းက အာဏာရ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်ပိုင်း ကိုယ်တိုင်ပါဝင်နေခြင်းနှင့် စပ်ဆိုင်သည့် သမိုင်း၏ အတွင်းရေးအချို့ကို ဗိုလ်စက်ရောင်က စာရေးသူအား ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

စာရေးသူက စာရေးသူ မွေးကာစ ကလေးဘ၀တွင် ဖြစ်ပွားခဲ့သော နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ်သက်၍ ထောင်ထဲ၌ ၁၄ နှစ်နေရဦးမည့် အသက် ၄၀ ကျော် စာရေးသူအား ဖော်ထုတ်ပေးရန် တာဝန်   ပေးသော ဗိုလ်စက်ရောင်ကို အန်ကယ်တို့ ခေတ်က ဖြစ်ခဲ့တဲ့ဇာတ်လမ်း၊ အန်ကယ်ကိုယ်တိုင်လည်း တစိတ် တပိုင်း ပါဝင်ပတ်သက်ပါလျက် အန်ကယ်မဖော်ထုတ်ခဲ့ဘဲ ဘာကြောင့် ကျနော့်ကို အခါနှောင်းမှ လူမိုက်ငှားသလို ခိုင်းရတာလဲဟု မကျေမချမ်း ပြန်ပြောခဲ့ပါသည်။ ဗိုက်စက်ရောင်က မင်းက ဥပဒေပညာရော ရှေ့နေပညာပါတတ်ရုံမက သတင်းသမားလည်း ဖြစ်လို့ သမိုင်းတာဝန်ကို လက်ဆင့် ကမ်းပေး လိုက်တာပါ။ ငါက ကျောင်းဆရာနဲ့ စစ်သားပဲ လုပ်ခဲ့ဘူးတယ်။ အမှန်ကိုသိရုံနဲ့ အမှန်တရားကို ပေါ်အောင်ဖော်တာ မတူဘူး။ ဒီအလုပ်က မင်းလုပ်တတ်ပါတယ်၊ လုပ်နိုင်ပါတယ် ဟုပြောပြီး နိုင်ငံတော် လုပ်ကြံ မှုကြီးနှင့် ဆက်စပ်သော အရေးကြီး အချက်အလက်ဆိုသည်များကို စာရေးသူအား ပြောပြခဲ့ပါသည်။ စာရေးသူကလည်း သေခါနီး လူတယောက် စိတ်ချမ်းသာလျှင် ပြီးရောသဘောဖြင့်သာ နားထောင်ခဲ့ပါ သည်။   ဤသို့ဖြင့် ၁၉၄၆/၄၇ ၀န်းကျင် ဗိုလ်စက်ရောင် ကိုယ်တိုင်တွေ့ကြုံရသည့် နိုင်ငံရေးဘ၀နှင့် နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ်သက်စပ်ဆိုင်သော အချက်အလက်များကို စာရေးသူ သိရှိ နားထောင်ခွင့်ကြုံခဲ့ပါသည်။

နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ အဓိကတရားခံမှာ ဦးစောဖြစ်သော်လည်း ၎င်း၏ နောက်ကွယ်တွင် နယ်ချဲ့သမား၏ အကွက်ဆင် ထောက်ပံ့ကူညီခဲ့မှု ရှိခဲ့သည်ဟူသော သမိုင်းအမြင်သည် နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားပြီးခါစကပင် စတင်ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါသည်။ ပြည်တွင်းရှိ ကွန်မြူနစ်ဂိုဏ်းရော ဆိုရှယ်လစ်ကပါ ယင်းအမြင်ကို ခပ်လွယ်လွယ် ဖော်ထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ဦးနေ၀င်းမြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က ဆင်းသွားချိန်မှစ၍ နိုင်ငံတော်လုပ်ကြံမှုကြီး၏ နောက်ကွယ်တွင် အဓိကတရားခံဦးစောသည် နိုင်ငံရေးဆင် ကွက်အတွင်းကျရောက်သွား သူသာဖြစ်သည်။ အဆိုပါ နိုင်ငံရေးထောက်ချောက်အတွင်းသို့ ဦးစောရောက်ရှိရန်ဖန်တီးသူမှာ ပြည်ပနယ်ချဲ့သမားသာမဟုတ်ဘဲ ပြည်တွင်းနိုင်ငံရေးပြိုင်ဘက်များပါဝင်ခဲ့ပြီး ယင်းပြိုင်ဘက်များထဲတွင် ဦးနေ၀င်းသည် အဓိကဇာတ်ကောင်ဖြစ် သည်ဟူသောသမိုင်းအမြင်တခုထပ်မံပေါ်ထွက်လာပါသည်။ အဆိုပါအမြင်ကိုနိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ပွားစဉ် က နိုင်ငံတော်၏ ရဲဗိုလ်ချုပ်တာဝန်ယူထား သူဦး ထွန်း လှအောင် ၏ သားလည်းဖြစ်၍ ထိုစဉ်က နိုင်ငံတော်တရားရုံးချုပ်တရားရေးဌာနအတွင်းဝန်အဖြစ်လည်းကောင်း၊ ထောင်မင်းကြီးအဖြစ်လည်းကောင်း တာဝန်ယူခဲ့သူ ဦးသောင်းစိန်၏ သားမက်တော်သူ ဦးခင်အောင်ရေးသားသည့် အောင်ဆန်းကို ဘယ်သူသတ်သလဲ “Who Killed Aung San?” စာအုပ်တွင် ထုတ်ဖော်တင်ပြထားခဲ့ပါသည်။

စာရေးသူအား ဗိုလ်စက်ရောင်က ထုတ်ဖော်ပြောကြားခဲ့သော နိုင်ငံတော် လုပ်ကြံမှုကြီးနောက်ကွယ်မှ အဓိက သမိုင်းတရားခံများမှ အထက်ပါသမိုင်းအမြင် ၂ ရပ်နှင့် သက်ဆိုင်ခြင်းမရှိသော အတွင်းရေး အချက်အလက်သစ်များဖြစ်ပြီး ယင်းအချက်အလက်နှင့် ဆက်စပ်၍ စာရေးသူကိုယ်တိုင် မမျှော်လင့်ဘဲ နိုင်ငံတော်လုပ်ကြံမှုကြီးနှင့် ဆက်စပ်မှတ်တမ်းတချို့အား ထပ်မံရှာဖွေတွေ့ရှိသောကြောင့်   ပြည်သူ တရပ်လုံး သိရှိသုံးသပ်ဆုံးဖြတ်နိုင်ရန် အချိန်ကျရောက်ပြီထင်၍ ဤဆောင်းပါးကိုရေးသားတင်ပြရခြင်းဖြစ်ပါသည်။ သမိုင်းအမှန်ပေါ်ပေါက်ရန် လိုအပ်သည်ထင်မြင်၍ မည်သည့်ဘက်မျှ မလိုက်ဘဲ သစ္စာတရား လက်ကိုင်ထား၍ ရေးသားခြင်းဖြစ်ပါကြောင်း ဦးစွာ ၀န်ခံ ကတိပြုပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်ခေါင်းဆောင်များ လုပ်ကြံမှုကြီးကို စစ်ဆေးဖော်ထုတ်လျှင် ဦးစွာပထမ ဦးစောဘ၀နှင့် ၎င်းအား ၂၁-၉-၄၆ နေ့က လုပ်ကြံမှုကို ကြိုတင်သိရှိထားရန် လိုအပ်ပါသည်။ ဦးစောသည် အောက်တန်းရှေ့နေဘ၀မှ နန်းရင်းဝန်ဘ၀သို့ ဒုတိယကမ္ဘာစစ်မတိုင်မှီ မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီခေတ်တွင် ရောက်ရှိအောင်မြင်ခဲ့သော နိုင်ငံရေးသမားတယောက် ဖြစ်ခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း အင်္ဂလိပ်အစိုးရက ဦးစော၏ နိုင်ငံရေးလှုပ်ရှားမှုများကို ယုံကြည်စိတ်ချမှု မရှိသောကြောင့် အာဖရိကတိုက်ရှိ ယူဂန္ဓာနိုင်ငံတွင် ၁၉၄၂၊ ဇန်န၀ါရီလ ၈ ရက်မှ ၁၉၄၆ ဇန်န၀ါရီလဆန်း အထိ ၎င်းအား ထိန်းသိမ်းထားခဲ့ပါသည်။ ယင်းကာလများအတွင်း မြန်မာနိုင်ငံရေးအခင်းအကျင်းသည်လည်း ပြောင်းလဲသွားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းဟူသော လူငယ်ခေါင်းဆောင်သစ်တယောက်သည် စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေးတွင် ထင်ရှားပေါ်ပေါက်လာရာ အင်္ဂလိပ်အစိုးရသည် ၎င်းအားယှဉ်ပြိုင်နိုင်ရန် နန်းရင်းဝန်ဟောင်းဦးစောအား မြန်မာနိုင်ငံသို့ အမြန်ပြန်ပို့ပေးလိုက်ခြင်းဖြင့်   နိုင်ငံရေးကစား ကွက်တခုကို ဖန်တည်းခဲ့ပါသည်။

ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖဆပလအဖွဲ့တို့အကြား နိုင်ငံရေးမပြေလည်မှုကို ပုံစံသစ်ပြောင်းရန် ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်ကို အင်္ဂလန်မှ ထပ်မံစေလွှတ် ပြီးနောက်   အာဏာနေရာ အပေးအယူပြုလုပ်ကြရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ တချိန်တည်းတွင် ဖဆပလအများစုပါသော ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဖဆပလအား ထိန်းရန် ဦးစောနှင့် သခင်ဗစိန်တို့ကဲ့သို့ ဖဆပလဆန့်ကျင်ရေး အင်အားစုများကို ဘုရင်ခံခန့်ကောင်စီလူကြီးများအဖြစ် ဆာဟူးဘတ်ရန့်က ခန့်အပ်ရန် စီစဉ်ခဲ့ပါသည်။

အထက်ပါအတိုင်း အင်္ဂလိပ်အစိုးရက နိုင်ငံရေး ကျားကွက်ဆင်နေချိန် ၂၁-၉-၁၉၄၆ ညနေပိုင်းတွင် ဦးစော သည် ဘုရင်ခံဆာဟူးဘတ်ရန့်နှင့်တွေ့ဆုံပြီး အိမ်အပြန်ပြည်လမ်း (မြေနီကုန်း၊ မပိုလမ်းထိပ် အနီး) ၌ ၎င်း၏ ကားအား နောက်မှ ကပ်လိုက်လာသည့် ဂျစ်ကားပေါ်မှ စစ်ယူနီဖောင်းဝတ် လူတဦးက သေနတ်နှင့်ပစ်၍ လက်ဝဲမျက်လုံးတ၀ိုက် မှန်စနှင့် ကျည်ဆံ ပွတ်ရှ ထိခိုက်ဒဏ်ရာရခဲ့ပြီး ရန်ကုန်ဆေးရုံ သို့ တက်ရောက်ကုသခဲ့ရသည်။

ဦးစောလုပ်ကြံခံရချိန်က ဖဆပလ အလုပ်အမှုဆောင် အစည်းအဝေးကို ဗဟန်းမြို့နယ် တာဝါလိန်းရှိ ဗိုလ်ချုပ်အောင်ဆန်း အိမ်အပေါ်ထပ်တွင် ပြုလုပ်နေချိန်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှက ဦးစောသေနတ်အပစ်ခံရတယ်ဟု သတင်းလာပို့သည်။ ဦးနုက ဟေ့ ကျော်ငြိမ်း (ဆိုရှယ်လစ်ပါတီခေါင်းဆောင်အား) ဘယ်သူပစ်တယ်ထင်သလဲဟု ခေါ်မေးရာ ဦးကျော်ငြိမ်းက သူမသိဘူး ဟု ဖြေသည်။ နောက်တနေ့ ညဘက် ဗိုလ်ချုပ်ကိုယ်တိုင် ဦးစောအား လူမမာမေးရန် ဦးနုကို လာခေါ်သည်။ ဦးနုက ဗိုလ်ချုပ် … ဦးစောကို ဘယ်သူပစ်တယ် ထင်သလဲဟု မေးရာတွင် ပြည်သူ့ရဲဘော် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကလည်း သူ မသိဘူးဟု ပြောကြောင်း (ဦးနုရေး တာတေစနေသား၊ စာမျက်နှာ ၁၀၅ တွင်) မှတ်တမ်းတင်ထားသည်ကို ဖတ်ရှုဘူးပါသည်။

ဗိုလ်စက်ရောင် ပြောကြားချက်အရဆိုလျှင် ထိုနေ့ (၂၁-၉-၄၆) စနေနေ့လည်ပိုင်းက ရန်ကုန်ဘဆွေ (ဆိုရှယ်လစ်ပါတီ Executive Committee အဆင့်ရှိသူ) သည် ၎င်းတို့စခန်းချရာ ပြည် သူ့ရဲဘော်ဌာန ချုပ်၊ စစ်ကျန်မော်တော်ယာဉ်များ ပြုပြင်ရောင်းချနေသည့်နေရာ (ယခု ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းနှင့် အင်းယားမြိုင်လမ်း၊ ယခု မိုးညှင်းဓမ္မရိပ်သာနေရာသို့) ရောက်ရှိလာပြီး ဗိုလ်စက်ရောင်နှင့် အခြားပြည်သူ့ရဲဘော် ဗိုလ်တယောက်တို့အား ဗဟန်းရွှေဂုံတိုင်ဘက်ရှိ စားသောက်ဆိုင်တဆိုင်သို့ ခေါ်ဆောင်သွားပြီး ကျွေးမွေးသမှု ပြုခဲ့သည်ဟုဆိုပါသည်။ ဗိုလ်စက်ရောင်တို့မှာ အစားကောင်းများ မစားရဘဲ ပြတ်လပ်နေချိန်တွင် ရန်ကုန်ဘဆွေက ၎င်းတို့အား စေတနာဗလပွဖြင့် စိတ်တိုင်းကျ မှာယူစားသောက်ရန် ကုန်ကျငွေကို သူ ဒကာခံမည် ပြောသောကြောင့် ၀မ်းသာအားရ အစားအသောက်များ မှာယူခဲ့ကြသည်။

အစားအသောက်များ ရောက်ရှိလာချိန်တွင် ရန်ကုန်ဘဆွေက အနီးရှိ ပင်မင်းဆိုင်တွင် အ၀တ်များအပ်ထား၍ သွားရွေးလိုက်ဦးမည်၊ ပြန်လာလျှင် ငွေရှင်းပေးမည်ပြော၍ ရုတ်တရက် ထွက်သွားပါ သည်။ ငွေမရှိသော ဗိုလ်စက်ရောင်တို့မှာ ရန်ကုန်ဘဆွေပြန်လာချိန်ကို စောင့်ဆိုင်းနေရုံမှလွဲ၍ အခြားနည်းလမ်း မရှိတော့ပေ။ အမှန်မှာ ရန်ကုန်ဘဆွေသည် ပင်မင်းဆိုင်သို့ သွားခြင်းမဟုတ်ဘဲ ဗိုက်စက်ရောင်တို့ ပြည်သူ့ရဲဘော်ဌာနချုပ် ယာဉ်ပြင်ရောင်းချရေးစခန်းသို့ ပြန်သွားခဲ့ပြီး ဗိုလ်စက်ရောင်တို့နှင့် အတူသွားစရာရှိ၍ ဂျစ်ကားတစီး ပေးလိုက်ရန် သွားရောက်တောင်းယူ၍ ရန်ကုန်ဘဆွေနှင့် ဦးမြလှိုင်တို့ပါသောအဖွဲ့သည် ပြည်သူ့ရဲဘော် စစ်ယူနီဖောင်းများ ၀တ်ဆင်လျှက် ဘုရင်ခံအိမ်တော်မှ ပြန်လာသော ဦးစောအား မြေနီကုန်းအလွန်၌ သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါသည်။

ရန်ကုန်ဘဆွေသည် ဦးစောအား သေနတ်ဖြင့် ပစ်ခတ်ပြီးမှ ရွှေဂုံတိုင်ရှိ ဗိုလ်စက်ရောင်တို့ စားသောက်နေသော ဆိုင်သို့ပြန်လာခဲ့၍ ဦးစောအား သေနတ်နှင့်ပစ်ခဲ့ကြောင်း၊ ဦးစော သေမသေ မပြောနိုင်ကြောင်း  ဗိုလ်စက်ရောင် တို့အား ပြောကြားခဲ့ပါသည်။ ဗိုလ်စက်ရောင်တို့မှာလည်း ရန်ကုန်ဘဆွေက မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ ခရီးစဉ်တွင် ဆူးညှောင့်သဖွယ်ဖြစ်နေသော ဘုံရန်သူ အင်္ဂလိပ်အလိုတော်ရိ ဦးစောအား လုပ်ကြံရန် ကြိုးစားမှုကို သဘောကျနေခဲ့ပြီး မသေချာ မရေရာသော သေနတ်နှင့် ပစ်ခတ်မှုအစား ၅၀ လိပ်ဝင် စီးကရက်သံဗူးအတွင်း ၃၆ စိပ် အမေရိကန်လုပ် လက်ပစ်ဗုံးထည့်သွင်း၍ ဦးစောစီးသည့်ကားပေါ်တွင် ထောင်ထားခဲ့ပါက သေချာသော လုပ်ကြံနည်း ဖြစ်ကြောင်းကိုပင် ဗိုလ်စက်ရောင်က ရန်ကုန်ဘဆွေအား အကြံပြု ပြောကြားခဲ့သည်ဟု ဆိုပါသည်။ ဆိုရှယ်လစ်ပါတီခေါင်းဆောင် EC အဆင့်ရှိသူက ပြည်သူ့ရဲဘော် ယောင်ဆောင်၍ ပြည်သူ့ရဲဘော်အဖွဲ့ထံမှ ကားကိုအသုံးပြုပြီး ဦးစောအား ရန်စသည့်သဘော ဟန်ဆောင်အပစ်ပြခဲ့ခြင်းဖြစ်သည်ကို ထိုအချိန်က အစားမက်နေသော ဗိုလ်စက်ရောင်တို့ မသိခဲ့ကြချေ။

အလားတူပင် သေနတ်ပစ်ခံရသော ကာယကံရှင် ဦးစောကိုယ်တိုင်ကလည်း “ထိုအချိန်က သူ့အား မည်သည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ယခုလို ပစ်ခတ်လုပ်ကြံသည်ကို အဖြေရှာမရခဲ့ပါဘူး။ မတွေးတတ်လောက်အောင် ဖြစ်ခဲ့ပါတယ်။ ဦးအောင်ဆန်းနဲ့ သခင်နုတို့ပင် ကျနော့်ထံလာပြီး မေးကြပါသေး တယ်”လို့ တရားရုံးမှာ ထွက်ဆိုမှု ရှိခဲ့ပါသည်။

၁၉၄၆ ခုနှစ် မြန်မာ့နိုင်ငံရေးအခြေအနေကို သုံးသပ်လျှင် ဗိုလ်ချုပ်အောင်ဆန်းသည်သာ မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်းဆောင် အညွှန့်တလူလူနှင့် တက်လူ ဖြစ်ပါသည်။ ဆာပေါ်ထွန်း၊ ဒေါက်တာဘမော်၊ ဦးစောတို့မှာ မြန်မာပြည် နိုင်ငံရေးတွင် ကျလူ၊ နိုင်ငံရေး ကျားသေ ဖျက်မြင်း အဆင့်သာရှိကြသူများ ဖြစ်ပါသည်။ ဦးစောဆိုလျှင် မြန်မာနိုင်ငံနှင့် ဝေးကွာလှသော အာဖရိကတိုက်အလယ်တွင် ၅ နှစ်ခန့် အဆက်ဖြတ် ပြည်နှင်ဒဏ်ခံထားရသူဖြစ်ပါသည်။ သို့ဖြစ်၍ ဦးစောသည် သူ၏ မျိုးချစ်ပါတီကို ယခုမှ ခက်ခက်ခဲခဲ ပြန်လည်ထူထောင်နေရသူ ဖြစ်ပါသည်။ ဤအခြေအနေမှန်အရ နိုင်ငံရေးအရ ပစ်မှတ်ထား လုပ်ကြံခံရမည့်သူမှာ ဦးအောင်ဆန်းသာဖြစ်နိုင်ပြီး မိမိမဖြစ်နိုင်ကြောင်း ဦးစော သဘောပေါက်သည်။ သို့ဖြစ်ပါလျက် မိမိအား လုပ်ကြံသူသည် မည်သူမည်ဝါ၊ မည်သည့်ဂိုဏ်းက ဖြစ်နိုင်သည်ဆိုသည်ကို ဦးစော အခင်းဖြစ်ပွားစအချိန်က မမှန်းဆနိုင်ခဲ့ပါဆိုသောအချက်သည် ယုတ္တိရှိသည်ဟု ဆိုနိုင်ကောင်းပါသည်။

အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့် ကိုယ်တိုင်ကလည်း နိုင်ငံရေးအင်အားမရှိတော့သော ဦးစော၊ သခင်ဗစိန် တို့အား ဗိုလ်ချုပ်အောင်ဆန်းအပေါ် ဖျက်မြင်းသဘော အသုံးချရန် အဆင့်အတွက်သာ ရည်မှန်းပြီး ဘုရင်ခံခန့် ကောင်စီဝင်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရင်ခံကောင်စီအား ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလအဖွဲ့ဝင် အများစုလက်ထဲသို့ ဘုရင်ခံကိုယ်တိုင် အပ်နှံလိုက်ရသောအခြေအနေသည် ၁၉၄၆ ခုနှစ်တွင် အမှန်ဖြစ်ခဲ့ပါ သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလအဖွဲ့ချုပ်ကြီး၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံ လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် အစိုးရကိုယ်တိုင် ၁၉၄၇-ခုနှစ် ဇန်န၀ါရီတွင် ဖိတ်ကြားမှုပြုခဲ့သောကြောင့် သမိုင်းဝင် အောင်ဆန်းအက်တလီစာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့  ၉-၁-၄၇ တွင် ရောက်ရှိခဲ့ပါသည်။

ဗိုလ်ချုပ်တို့ ဖဆပလကိုယ်စားလှယ်အဖွဲ့ လွတ်လပ်ရေးတောင်းဆိုမှုနှင့် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးပွဲ ကျင်းပပေးနိုင်ရေး တောင်းဆိုမှုကို အင်္ဂလိပ်အစိုးရက လက်ခံလျှင် လိမ္မော်သီး၊ လက်မခံလျှင် သံပုရာသီး လို့ သံကြိုးရိုက်အ ကြောင်းကြားရန် ဦးနုက ဦးကျော်ငြိမ်းကို မှာကြားလိုက်သည်လို့ ဆိုပါသည်။ တောင်းဆိုတာ မရလို့ သံပုရာသီးလို့သာ သံကြိုးစာဝင်လာလျှင် ဦးနုသည် အနုနည်းဖြင့် အာဏာဖီဆန်ရေးလုပ်ငန်းကို မြန်မာ ပြည်တွင်းမှာ စတင်လုပ်ဆောင်ရမည် ဖြစ်ပါသည်။ အနုနည်း အာဏာဖီဆန်ရေးလုပ်စဉ် မြန်မာလူထုက အကြမ်းဖက်မှုတွေ လုပ်လာလျှင် အာဏာဖီဆန်ရေးကို ချက်ချင်းရပ်ပစ်ပါဟု ဗိုလ်ချုပ်က သတိပေးစကား ပြောခဲ့သည်ဟု ဦးနု၏ တာတေစနေသား (စာမျက်နှာ ၁၀၈-၁၁၁) စာအုပ်တွင် ပါရှိပါသည်။

အထက်ပါ အနုနည်း အာဏာဖီဆန်ရေးကို အကန့်အသတ်ဖြင့် လူကြီးများ စီစဉ်ထားချိန်တွင် ဆိုရှယ်လစ်ပါတီ ယူနစ် အုပ်စုဝင်လူငယ်များနှင့် ပြည်သူ့ရဲဘော် တက်ကြွလူငယ်အုပ်စုက လွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ရန်အထိ ၂ အုပ်စု လျှို့ဝှက်စည်းဝေး တိုင်ပင်မှုများရှိခဲ့သည်ဟု ဗိုလ်စက်ရောင်က ဆိုပါသည်။ ယူနစ် အုပ်စုမှ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ချစ်ခိုင် အစရှိသော အရာရှိငယ်များသည် ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့နှင့် ပြည်သူ့အရေးတော်ပုံအဖွဲ့ဝင်များအဖြစ် ဂျပန်တော်လှန်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့ရာ၌ ဗိုလ်နေဝင်းသည်လည်း ယင်းအစုနှင့် နီးကပ်လာသည်။ (တပ်မတော်သမိုင်း၊ စာမျက်နှာ ၉၄ အရ) အကယ်၍ အင်္ဂလိပ်ထံမှ လွတ်လပ်ရေး တောင်းဆိုမရခဲ့၍ လက်နက်ကိုင် တိုက်ပွဲဝင်ရမည်ဆိုလျင် ပြည်သူ့ရဲဘော်ဘက်က စစ်ရေးကို ဦးဆောင်ရန် ဗိုလ်ဖိုးကွန်းနှင့် ဗိုလ်စိန်မှန်ကို ကြိုတင်ရွေးချယ်ကြောင်း အဆိုပြုခဲ့သလို ဆိုရှယ်လစ်ပါတီဘက်မှ စောရန်နောင် ဆိုသော ပုဂ္ဂိုလ်ကို စစ်ရေးခေါင်းဆောင်အဖြစ် အဆိုပြုခဲ့ကြောင်း၊ စောရန်နောင်ဆိုသော အမည်မှာ လူသိထင်ရှားမဟုတ်၍ ၎င်း၏ဓာတ်ပုံ၊ ကိုယ်ရေးရာဇဝင်ကအစ ပြည်သူ့ရဲဘော်ဘက်က ကြိုတင်သိရှိနိုင်အောင် အသိပေးဖော်ပြရန် တောင်းဆိုသောအခါတွင်မှ ဆိုရှယ်လစ်ပါတီဘက်က စောရန်နောင်၏ ဓာတ်ပုံ၊ ကိုယ်ရေးရာဇဝင်တို့ကို ပေးခဲ့ကြောင်း ဗိုလ်စက်ရောင်က ၁၉၄၆ ခုနှစ် နှစ်ကုန်ပိုင်းကာလက ၎င်း၏ ကိုယ်တွေ့လျှို့ဝှက်ဖြစ်စဉ်များကို စာရေးသူအား ပြောပြခဲ့ပါသည်။

ကံအားလျော်စွာပင် အောင်ဆန်း-အက်တလီစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သဖြင့် ဦးနုအနေဖြင့် အနုနည်း အာဏာဖီဆန်ရေးကို လုပ်စရာ မလိုခဲ့သလို ဆိုရှယ်လစ်ပါတီ ယူနစ်အုပ်စုဝင်များနှင့်   ပြည်သူ့ရဲဘော်တို့ ပူးပေါင်းလုပ်ဆောင်မည့် စစ်ရေးလုပ်ငန်းစဉ်လည်း လုပ်ဆောင်ရန် မလိုဘဲ အေးချမ်းစွာ ရပ်ဆိုင်းသွားခဲ့ပါသည်။ အောင်ဆန်း-အက်တလီစာချုပ်ကို သခင်ဗစိန်နှင့် ဦးစောတို့ကသာ လက်မှတ်မထိုးဘဲ ငြင်းဆန်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဦးစော ရန်ကုန်ပြန်ရောက်ခဲ့ပါသည်။ ဘုရင်ခံကောင်စီမှလည်း ဦးစောနှင့် သခင်ဗစိန်တို့ နုတ်ထွက်လိုက်ကြပါသည်။

ယင်းကဲ့သို့ လွတ်လပ်ရေးကိစ္စများ ဆက်လက်ဆောင်ရွက်နေရင်း နောင် ၅ လခန့်အကြာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့ စနေနေ့ နံနက် ၁၀:၃၇ နာရီအချိန်တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံး၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့သည် အစိုးရ လက်နက်တိုက်မှ လက်နက်များ ဥပဒေနှင့် ဆန့်ကျင်ထုတ်ယူ ပျောက်ဆုံးသွားမှုများကို ဆွေးနွေးနေကြပါသည်။ ထိုအချိန်၌ပင် ပျောက်ဆုံးသွားသော လက်နက်များကို ရယူထားသော ဦးစော၏ အဖွဲ့ဝင်များက ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးအဖွဲ့အား အတွင်းဝန်ရုံးအတွင်း အလွယ်တကူဝင်ရောက် လုပ်ကြံသတ်ဖြတ်သဖြင့် ဗိုလ်ချုပ် အပါအ၀င် ဒီးဒုတ် ဦးဘချို ၊ သခင်မြ ၊ ဦးအဗ္ဗဒူရာဇတ် ၊ ဦးဘ၀င်း ၊ မန်းဘခိုင် ၊ စပ်စံထွန်း ၊ ဦးအုန်းမောင် ၊ ကိုထွေးတို့ ၉ ဦး ကျဆုံးသွားခဲ့ပါသည်။

ထိုနေ့တွင်ပင် ပြည်လမ်းနှင့် ဒူးဘမ်းလမ်း (ယခု-မေခလမ်း) ဆုံ အနီးရှိ ဦးစော၏ အိမ်ဝန်းအား ၀င်ရောက်စီးနင်းဖမ်းဆီး ရှာဖွေခဲ့ရာ အိမ်ခြံဝန်းနှင့် အင်းလျားကန်ထဲမှ လက်နက်များ ရှာဖွေ သိမ်းဆည်း ရမိခဲ့ပါသည်။ ဦးစောခြံဝင်းအတွင်း သိမ်းဆည်းရမိသော လက်နက်တွေထဲမှာ ဆိုရှယ်လစ်ပါတီ၏ လျှို့ဝှက်စစ်ရေး ခေါင်းဆောင် စောရန်နောင်၏ သေနတ်ကိုပါ သိမ်းဆည်းရမိတာက အလွန်ကို ထူးဆန်းနေသည်ဟု ဗိုလ်စက်ရောင်က ပြောပါသည်။

(ဆက်လက်ဖော်ပြပါမည်)

http://burma.irrawaddy.org/article/2014/07/16/61882.html

အမေရိကန် မျှော်လင့်သလို ဖြစ်မ လာသော မြန်မာ့နိုင်ငံရေး”

ဆယ်စုနှစ်ပေါင်းများစွာကြာ စစ်အာဏာရှင် အုပ်ချုပ်ရေးမှ ဒီမိုကရေစီလမ်းကြောင်းဖြင့် ပြောင်းလဲခဲ့ပြီဆိုသော မြန်မာပြည်ကို အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒ အောင်မြင်မှု အနေဖြင့် မကြာသေးမီက သမ္မတအိုဘားမားက ချီးမွမ်းပြောဆိုခဲ့သည်။

အကယ်၍ မြန်မာပြည်အနေဖြင့်အောင်မြင်မှု ရရှိလျှင် ကျွန်တော်တို့အနေနှင့် သေနတ်တစ်ချက်မဖောက်ဘဲ မိတ်ဆွေသစ်ရရှိခြင်းဖြစ်သည်ဟုလည်း သမ္မတအိုဘားမားက West Point ဗိုလ်လောင်း သင်တန်းကျောင်း၌ မကြာသေးမီက ပြောဆိုခဲ့သည်။သို့သော် မြန်မာပြည်သို့ အိုဘားမား သမိုင်းဝင်အလည်အပတ်ရောက်ရှိပြီး နှစ်နှစ်ကြာပြီးနောက် တွင် မြန်မာပြည်၏ အောင်မြင်မှု ဆိုသည်များ က ဘေးအန္တရာယ်သဖွယ်ဖြစ်လာခဲ့သည်။

မြန်မာအစိုးရမှ မီဒီယာများအပေါ် ဖိနှိပ်ခဲ့ပြီး၊ လွှတ်တော်တွင်လည်း ဘာသာရေး လွတ်လပ်မှုကို ကန့်သတ်သည့် ဥပဒေကို ပြဌာန်းရန် ပြင်ဆင်နေသည်။

ရွေးကောက်ပွဲ၏ အဓိကကျသော သမ္မတရာထူးအတွက် ဒေါ်အောင်ဆန်းစုကြည်အား အခြေခံဥပဒေနှင့်အညီတားဆီးခဲ့သည်။

အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အနည်းငယ်သာရရှိနေပြီး အကျဉ်းသားများနှင့် မခြားနေထိုင်နေရသော ရိုဟင်ဂျာမွတ်စလင် ၁သိန်းကျော်ရှိနေသည့် ရခိုင်ပြည်နယ် အနောက်ဘက်တွင်လည်း အခြေအနေများ ကပိုမိုဆိုးရွားသည့် အဖြစ်သို့ကျရောက်လျက်ရှိနေသည်။

ထိုသို့သော ဆိုးရွားလှသည့် အခြေအနေများကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်း သောမတ်အိုဂျေးကင်တားနားက ရိုဟင်ဂျာများ၏ အခြေအနေမှာ လူမျိုးတုန်းသတ်ဖြစ်မှု၏ လက္ခာဆောင်နေသည်ဟု ပြောဆိုခဲ့သည်။

နိုဝင်ဘာလက မြန်မာပြည်၌ ဒေသဆိုင်ရာညီလာခံ တစ်ခုသို့ အိုဘားမားရောက်ရှိခဲ့သည့်ကာလအတွင်း အာရှဆီသို့ဦးတည်နေသည့် မဟာဗျူဟာဖြင့် နိုင်ငံ၏တိုးတက် မှုကို ပြသရန်   မျှော်လင့်ခဲ့သည်။ ယခုအခါ အိုဘားမား၏ Cpitol Hill၌ ပြောဆိုချက်အချို့သည်ပင် မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး ၄င်း၏ အုပ်ချုပ်ရေးက မြန်မာခေါင်းဆောင်များအား   လျင်မြန်စွာ ထွေးပွေ့ပေးသလိုဖြစ်နေခဲ့သည်။

လူ့အခွင့်ရေးပြုပြင်ပြောင်းလဲရေးတွင် အမေရိကန်၏ ကူညီနေမှုအကြောင်းကို ဖြည့်စွက် ဥပဒေအဖြစ် အဆိုတင်သွင်းခဲ့သူ Rep.Joseph Crowley(D-N.Y.)က တိုးတက်လာသော ဆက်ဆံရေး ချည်နှောင်မှုများနှင့်အတူ နိုင်ငံရေးအရ အကျိုးအမြတ်များရှိနေသော်ငြားလည်း ကျွန်တော်တို့တွင် အမှား၊အမှန်အတွက် တာဝန်သိစိတ်ရှိရမည်ဟု ဆိုခဲ့သည်။ မြန်မာပြည်အနေဖြင့် လူ့အခွင့်ရေးနှင့် တရားဥပဒေ စိုးမိုးမှုကို လေးစားမှသာ မြန်မာပြည်နှင့် ဆက်ဆံရေးလုပ်မည်ဟုလည်း ၄င်းကဆိုသည်။

ပြည်သူများကြားသဘောထားကွဲလွဲမှု သို့မဟုတ် လွတ်လပ်သောရွေးကောက်ခွင့် မရှိခဲ့သည့် လွန်ခဲ့သောငါးနှစ်က မြန်မာပြည်တွင် အာဏာရှင်စနစ်တည်မြဲမည်ဟုတ်ဟု အသေအချာ ပြောခဲ့ကြသည်။

အစိုးရမှ အခြေအနေအရ ရာပေါင်းမျာစွာသော နိုင်ငံရေးအကျဉ်းသားများလွတ်ပေးခဲ့ပြီး၊မီဒီယာ ဆင်ဆာလုပ်ငန်းများကို လည်းဖျက်သိမ်းပေးခဲ့သည်။ လွှတ်တော်တွင်လည်း ဒီမိုကရေစီနည်းအရ   ရွေးကောက် ခွင့်ပေးခဲ့သည်။သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က နိုင်ငံတော်အတွက် ဘယ်အရာအကြောင်းများကို ဘာကြောင့်လုပ်နေရသည်ဆိုသည့် ရှင်းလင်းမှုများမှာလည်း   နိုင်ငံရေး   ဝေဖန်သူများအဖို့ ယုံကြည်မှုတော့ မပေးနိုင်ခဲ့ပေ။
အိုဘားမားအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် သူ၏အစိုးရကို လူ့အခွင့်ရေးကိစ္စများ ဖွင့်ပြရန်နှင့် ၂၀၁၅ ခုနှစ်တွင် စစ်မှန်သော ဒီမိုကရေစီ ရွေးကောက်ပွဲ ဖြစ်ခွင့်ပြုရန်အတွက် ရှင်းရှင်းလင်းလင်း ပြု လုပ်ရန်လိုကြောင်း အမေရိကန်အရာရှိများကို ပြောဆိုခဲ့ပြီး သို့မှသာလျင် အမေရိကန်နှင့်ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ကြောင်းလည်းဆိုသည်။

လွန်ခဲ့သော သုံးနှစ်ကပင် မြန်မာပြည်သည် အမှန်တကယ် ခက်ခဲသည့် အခြေအနေသို့ရောက်ရှိနေသည်ဟု အမေရိကန် လူ့အခွင့်ရေးနှင့် အလုပ်သမား လက်ထောက်အထွေထွေ အတွင်းရေးမှူး Tom Malinowski ကပြောဆိုခဲ့သည်။ထို့ကြောင့်ပင် ပြင်းထန်သော ပြဿနာအချို့ရှိနေပြီး ပြီးပြည့်စုံသော အောင်မြင်မှု အလားအလာအတွက် စိုးရိမ်မှုများ ဖြစ်နေရ သည်ဟုလည်းဆိုထားသည်။

ပြောင်းလဲသည့် သဘောထား

မြန်မာပြည်သည် အိန္ဒိယနှင့် တရုတ်ကြားတွင် မဟာဗျူဟာ အဖြစ်ရှိနေသည်။၁၉၆၂ခုနှစ်မှစ၍ မြန်မာပြည်တွင် စစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ မြန်မာ့စစ်တပ်မှ ၈၈ခုနှစ် အရေးအခင်းတွင် လူထောင်ပေါင်း များစွာကို သတ်ဖြတ်ခဲ့ပြီးနောက်၌ အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ခဲ့သည်။

၂၀၁၀ခုနှစ်တွင် အိုဘားမားအစိုးရက မြန်မာဗိုလ်ချုပ်များ၏ တိုင်းပြည်ပွင့်လင်းမြင်သာအောင် ပြုလုပ်လိုသည့် လက္ခဏာတွေ့ရှိခဲ့ပြီး မြန်မာအား တရုတ်နှင့် မြောက်ကိုရီးယားတို့နှင့် ဆက်ဆံရေး အလှမ်းဝေးစေချင်ခဲ့သည်။

၁၉၉၁ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်မှလွတ်ပေးခဲ့သည်။ ၂၀၁၁ခုနှစ်တွင် မြန်မာပြည်၏ တိုးတက်မှု အလားအလာများမှာ ယခင်အချိန် ကထက် ကောင်းလာခဲ့သည်ဟု နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီ ရော့ဟမ်းကလင်တန်က သူမ၏ ကိုယ်တွေ့မှတ်တမ်းဖြစ်သည့် “Hard Choices”တွင် ရေးသားဖော်ပြခဲ့ သည်။ယင်းမှတ်တမ်းတွင် မြန်မာပြည်အကြောင်းလည်း တစ်ခန်းပါရှိသည်။သူမ နိုင်ငံခြားရေး ၀န်ကြီးအနေဖြင့် ရှိနေစဉ်က မြန်မာပြည်၌ တိုးတက်မှုများကို ၀ိုးတိုးဝါးတား မြင်နေရပြီး မသေချာသော   မျှော်လင့်  ချက်များ ကျန်ရှိနေသေးသည်ဟုလည်းဆိုသည်။

အမေရိကန်အစိုးရအနေဖြင့် “လုပ်ဆောင်ချက်အပေါ် သက်ရောက်မှု”ဆိုသည့် မူဝါဒဖြင့် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အပေါ် စီးပွားရေးပိတ်ဆို့မှုများကို တဖြည်းဖြည်းဖြေလျော့ပေးနေသည်။

၂၀၁၁ခုနှစ်တွင် ကလင်တန်သည် မြန်မာပြည်သို့ရောက်ရှိခဲ့ပြီး ထိုနှစ်တွင်ပင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ထို့အပြင် အိုဘားမားသည်လည်း   မြန်မာပြည် သို့ ပထမဆုံး အကြိမ်လာရောက်လည်ပတ်ခဲ့သည်။

ထိုအချိန်မှစ၍ မြန်မာပြည်သည် ရုတ်တရက်ပြောင်းလဲခဲ့သည်။ဆယ်စုနှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့သည့် အာဏာရှင် အဆောက်အဦးများနေရာတွင် ကုန်တိုက်ကြီးများဖွင့် လျက် နိုင်ငံခြားဖြစ် ကုန်ပစ္စည်းမျိုးစုံ ရရှိနေသည်။ သမိုင်းဝင်ရွှေတိဂုံ နှင့် မိုးကုပ်စက်ဝိုင်းပေါ်မှ ကြိုးကြာငှက်များပျံသန်းနေသည်ကို တွေ့မြင်နေရပြီး စားသောက်ဆိုင်များ၊ကားများဖြင့် စည်ကားနေသည့်နေရာမှာ ယခုအခါ စီးပွားရေး အချက်အချာကျသော မြို့တစ်မြို့ဖြစ်နေသည့် ရန်ကုန်မြို့ပင်ဖြစ်သည်။
Myanmar Chronicle

Ref: the wanshington post

ဒုက္ခသည်စခန်းအတွင်း အောင်ဆေးပေးခန်း၌ ဆေးဝါးကုသရန် စောင့်ဆိုင်းနေကြသော ရိုဟင်ဂျာအမျိုးသမီးများနှင့် ကလေးငယ်များ

ဒုက္ခသည်စခန်းအတွင်း အောင်ဆေးပေးခန်း၌ ဆေးဝါးကုသရန် စောင့်ဆိုင်းနေကြသော ရိုဟင်ဂျာအမျိုးသမီးများနှင့် ကလေးငယ်များ

မွတ်စလင်တွေဘာလုပ်သင့်လဲ

ဒေါ်စုကို ကျနော်တို့ မွတ်စလင်တော်တော်များများ စိတ်နာနေကြပါတယ်။ဒေါ်စုကို ကျနော်တို့ စိတ်နာနေတဲ့အချက်တွေထဲမှာတော့ …

(၁) ဒေါ်စုဟာ မွတ်စလင်တွေ အသတ်ခံရတဲ့အရေးနဲ့ ပတ် သတ်ပြီးရေငုံနှုတ် ပိတ်နေခဲ့ပါတယ်။ မွတ်စလင်အရေးတစ်ခုထဲနှုတ်ပိတ်နေခဲ့တာမဟုတ်ပဲ ကချင့်အရေးမှာလည်း နှုတ်ပိတ်နေခဲ့ပါတယ်။ ဒါကြောင့် ဒေါ်စုကို ကျနော်တို့ ထောက်ခံလိုစိတ်မရှိကြဘူး။

(၂) ဘီဘီစီ အင်တာဗျူးမှာဒေါ်စုဟာ ကမ္ဘာတစ်ခုလုံးကိုတုန်လှုပ်သွားစေတဲ့ စကားမျိုးပြောခဲ့တယ်။ တစ်ကမ္ဘာလုံးက မီဒီယာတော်တော်များများနဲ့ လူ့ အခွင့်အရေးအဖွဲ့ အစည်းအများအပြားဟာ မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အပေါ်လူမျိုးသုဉ်းသတ်ဖြတ်နေတယ်လို့ ဖော်ပြနေတဲ့အချိန် ဒေါ်စုဟာ ဘီဘီစီနဲ့ အင်တာဗျူးမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုမရှိဘူးလို့ ဗြောင်ငြင်းဆန်ခဲ့တယ်။ လူနည်းစုအခွင့် အရေးနဲ့ ပတ်သတ်ပြီး   ဒေါ်စုဟာ အများကြီးပျက်ကွက်ခဲ့တယ်။ အသံမထွက်ခဲ့တာတွေရှိတယ်။ ဒါပေမယ့် အသံထွက်ခဲ့တာတွေလည်းရှိပါတယ်။

ရခိုင်ပြည်နယ်အစိုးရက ရိုဟင်ဂျာတွေအပေါ်မှာ တစ်အိမ်ထောင်ကလေးနှစ်ယောက်မူဝါဒချမှတ်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်က ဒီမူဝါဒဟာ လူ့ အခွင့်အရေးချိုးဖောက်တဲ့ မူဝါဒဖြစ်ကြောင်း   ပေါ်ပေါ် ထင်ထင်ဝေဖန် ခဲ့ပါသေးတယ်။ ထားပါလေ ဒါဟာ ဒေါ်စုကိုအားကိုးရလောက်တဲ့ လေသံမျိုး ပြောစကားမျိုးတော့မဖြစ်ခဲ့ပါဘူး။ဒါပေမယ့် ဒီအချိန်နိုင်ငံရေးလမ်းကြောင်းမှာ မွတ်စလင်တွေ အနေနဲ့ ဒေါ်စု အပြင် တခြား ဘယ်သူနဲ့ မဟာမိတ်ဖွဲ့ စရာရှိလဲ။ ကျနော်စဉ်းစားမိပါတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ ကြံ့ဖွတ်ကလည်း စည်းရုံးမှုတွေရှိနေပါပြီ။ ဗလီတွေပြင်ပေး မယ်၊ ကျောင်းတွေဖွင့်ခွင့်ပေးမယ်၊ ပိတ်ထား တဲ့ဗလီတွေဖွင့်ပေးမယ် စသင်ြ့ဖင့် မဲဆွယ်စည်းရုံးတာတွေရှိနေပါပြီ၊ ရှိလဲရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကတိအတိုင်း အတိအကျလုပ်ပေးခဲ့ တာတော့ဘာ မှမရှိခဲ့ဘူး။ ပြီးတော့ ဒေါ်စုက ကျနော်တို့ ဘက်က ဘယ်လိုမှမပါခဲ့ပဲ ရေငုံနှုတ်ပိတ်နေခဲ့ပေမယ့် ကျနော်တို့ အပေါ်ယုတ်မာခြင်းတော့မရှိသေးဘူး။ကြံ့ဖွတ်ရဲ့ ယုတ်မာရက်စက်ခြင်းကတော့ ကျနော်အထူး အထွေမပြောတော့ဘူး။

ဒီပိုစ်ရေးရခြင်းဟာ ဒေါ်စုကိုထောက်ခံဖို့ ပြောနေခြင်းမဟုတ်ဘူး။ ကျနော်တို့ တွေအများစုဟာ ဒေါ်စုကိုခါးခါးသီးသီးနဲ့ ကြံ့ဖွတ်တွေ၊ မဘသတွေ၊ ၉၆၉တွေကို မုန်းသလိုတစ်တန်းတစ်စား ထဲထားနေ လို့ ပြောနေတာပါ။ ၄၃၆ပြင်လိုက်ရင် ဒေါ်စုသမ္မတဖြစ်သွားလိမ့်မယ်ဆိုတဲ့ အတွေးကလည်းရှိနေတယ်။ ဒါနဲ့ ပတ်သတ်ပြီး ၄၃၆ကိုမွတ်စလင်တွေ ဘာကြောင့်ပြင်ဖို့ လက်မှတ်ထိုး သင့်သလဲဆိုတာလဲ ကျနော်ရှင်းပြခဲ့ပြီးပါပြီ။ http://goo.gl/TXfNx7ကျနော့်အတွေးကတော့ဗျာ၊ ကြိုက်တဲ့လူသမ္မတဖြစ်၊ လက်သင့်ခံလိုက်မယ်။

ကြံ့ဖွတ်နဲ့ စစ်ဝတ်စုံချွတ်ထဲကလူ သမ္မတဖြစ်လို့ တော့မရဘူး။ ကြံ့ဖွတ်သာသမ္မတဆက်ဖြစ်ခဲ့ရင် ကျနော်တို့ တွေ ဒီအကြမ်းဖက်ခံရခြင်းဝင်္ကဘာထဲကလွတ်မြောက်ဖို့ မရှိဘူး။ ပုံစံအမျိုးမျိုးနဲ့ ဖန်တီးနေဦး မှာပဲ။ ဒေါ်စုသမ္မတဖြစ် ဖို့ အတွက်ထောက်ခံဖို့ လည်း အချက်သုံးချက်အပေါ်မှာ မူတည်ပြီးလက်ခံဖို့ စဉ်းစားထားပါတယ်။(၁) တရားဥပဒေစိုးမိုးရေး(၂) လူမျိုးစုံ၊ ဘာသာစုံ တန်းတူညီမျှ အခွင့် အရေး/ နိုင်ငံသားအခွင်းအရေးပြည့်ဝစွာ ရရှိရေး (အခြေခံဥပဒေမပြင်ဆင်ပဲ မဖြစ်နိုင်)(၃) အလုပ်အကိုင်အခွင့်အလမ်းများ လူတိုင်းစေ့နီးပါးရရှိရေး… ဆိုတာပါပဲ။

ဒီအာမခံချက်မျိုးဟာ ကျနော်တို့ မွတ်စလင်တွေအတွက်အရေးအကြီးဆုံးလိုအပ်တာပါပဲ။ မွတ်စလင်မှမဟုတ်ပါဘူး၊ လူနည်းစုတိုင်းအတွက်အရေးကြီးပါတယ်။ဒေါ်စုကိုခြေစုံပစ်ထောက်ခံဖို့ မဟုတ်ဘူး။ လက်ရှိအချိန်မှာ ဒေါ်စုရွှေ့ နေတဲ့နိုင်ငံရေးအရွေ့ ထဲကို ပါးပါးနပ်နပ်နဲ့ ကျနော်တို့ မွတ်စလင်တွေလိုက်ပါသွားဖို့ လိုအပ်တယ်။ ကျနော်အမြဲတမ်းသတိပေးသလို ဘယ်သူ့ ကိုမှမထောက်ခံရင်နေပါစေ၊ ကြံ့ဖွတ်ကိုတော့ လုံးဝ လုံးဝမထောက်ခံမိစေနဲ့ ၊ မယုံမိစေနဲ့ ဗျာ။ ကြံ့ဖွတ်နဲ့ အပေးအယူမလုပ်မိစေနဲ့ ၊ ကြံ့ဖွတ်လက်ကိုင်ဒုတ်မဖြစ်မိစေနဲ့ ။(စတီဗင်)

Posted 13 hours ago by anwarmobarak

PRစနစ်ကျင့်သုံးဖို့ကြံ့ခိုင်ရေးပါတီဘာကြောင့် ထောက် ခံ လာ တာ လဲ

 နိုင်ငံရေး, PR, ရွေးကောက်ပွဲ, ကြံ့ခိုင်ရေးပါတီ, လွှတ်တော်

၂၀၁၂ ခုနှစ်အတွင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံသို့ လာရောက်နှုတ်ဆက်သော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – ကောင်းညီဟန် / ဧရာဝတီ)

မကြာခင် ကျင်းပတော့မယ် ၂၀၁၅ ရွေးကောက်ပွဲအတွက် အမျိုးသား လွှတ်တော်အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ လက်ရှိကျင့်သုံးနေတဲ့ နိုင်သူအကုန်ယူစနစ် မဟုတ်ဘဲ ရရှိထားတဲ့ မဲအရေအတွက်အပေါ် မူတည်ပြီးတော့ အချိုးကျ ကိုယ်စားလှယ် ရွေးချယ်တဲ့စနစ်ကို ကျင့်သုံးဖို့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ရဲ့ ထောက်ခံမှုတွေနဲ့ လွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ။

၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ အမျိုးသားလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ရဲ့ ရွေးကောက်ပွဲမှာ PR စနစ် အသုံးပြုရေး အဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ အပြတ်အသတ် ထောက်ခံမှုနဲ့ အတည်ပြုခဲ့ တာဖြစ်ပါတယ်။

ပထမ ၂၀၁၃ နှစ်ဆန်းပိုင်းမှာ နိုင်ငံရေးပါတီတချို့က အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representative – PR) စနစ်ကို တင်သွင်းတဲ့အခါမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီ PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် ဒီမိုကရေစီစနစ် ကျင့်သားမရသေးတဲ့ နိုင်ငံအတွက် အခက်အခဲတွေရှိပြီးတော့ တကယ်လို့ အကောင်အထည် ဖော်မယ်ဆိုရင် ၂၀၁၃ ခုနှစ် မတိုင်ခင်မှ လုပ်ဆောင်ပေး ဖို့ တောင်းဆိုခဲ့တယ်။

သူ့မှာ PR စနစ် ကျင့်သုံးဖို့အတွက် ပြင်ဆင်ဖို့ အချိန်လိုအပ်ပြီး သူ့ဝန်ထမ်းတွေကိုလည်း သင်တန်းတွေ ပေးဖို့ လိုသေးတယ်လို့ အကြောင်းပြခဲ့ပါတယ်။ အဲဒီလိုနဲ့ ၂၀၁၃ ခုနှစ်ထဲမှာ PR စနစ် မလုပ်တော့ တဲ့အတွက် ရွေးကောက်ပွဲတွေမှာ PR စနစ်ကျင့်သုံးဖို့ မဖြစ်နိုင်တော့ဘူးလို့ အများစု ထင်နေကြတဲ့အချိန် ၂၀၁၄ ခုနှစ် ဇွန်လထဲရောက်မှ PR စနစ်ကို အမျိုးသားလွှတ်တော်မှာ စတင်ကျင့်သုံးဖို့ သဘောတူ လိုက်ကြပါတယ်။

ဘာလို့ အခုချိန်ရောက်မှ PR စနစ် ကျင့်သုံးဖို့ တကျော့ပြန်ရတာလဲဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ကိုယ် သူတို့ ရှုံးမယ်လို့ ထင်တဲ့သူတွေက ဒီစနစ်ကို ကျင့်သုံးဖို့ ပြင်ဆင်လာလို့ ဖြစ် တယ် လို့ နိုင်ငံရေးအသိုင်း အ၀ိုင်းက သုံးသပ်ပါတယ်။

“အဓိက PR စနစ်ကို လုပ်တာကတော့ NLD က Landslide အနိုင် မရရေးပဲ။ မဲတွေ အားလုံး သိမ်းကျုံးယူသွားမှာကို သူတို့ သိပ်ကြောက်နေကြတယ်။ ၂၀၁၅ မှာ အခြေအနေ မကောင်းတဲ့ ပါတီတွေ PR ကို ၀ိုင်းထောက်ခံကြတာ ပိုသိသာပါတယ်” လို့ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်က သုံးသပ်ပါတယ်။

ဒီလို ကိစ္စတွေ အားလုံး ဖြစ်လာရတဲ့ အကြောင်းရင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ မဲအပြတ်အသတ် နိုင်မှာစိုးလို့ရယ်၊ NLD က ရွေးချယ်တင်မြှောက်လိုက်သူ တဦး သမ္မတ ဖြစ်လာမှာ စိုးလို့ ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“အရေးကြီးတာက ၂၀၁၅ အလွန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တယောက်ယောက် သမ္မတ မဖြစ်ဖို့ပဲ ။ သူတို့ဘက်က အဲဒီလို စဉ်စားတဲ့အခါကျတော့ ၅၉ (စ) ကိုလည်း ပြင်ပေးမှာ မဟုတ်ဘူး။ ၄၃၆ ပြင်ဆင်ရေးကိုလည်း ထောက်ခံမှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ PR စနစ်ကိုလည်း ပြဋ္ဌာန်းလာတယ်။ ဒါတွေ အားလုံး လုပ်တာတွေဟာ ၂၀၁၅ အလွန် လွှတ်တော်နဲ့ အစိုးရမှာ NLD ပါတီက အများစု မဖြစ်ရေး၊ NLD ပါတီက သမ္မတ မဖြစ်ရေး၊ NLD ပါတီက အစိုးရ မဖွဲ့နိုင်ရေးပဲ” လို့ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

ဒီလို ပြောဆိုချက်တွေ အားလုံးကို ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်ကလည်း သဘောတူပါတယ်။

သူ့အဆိုအရ NLD ပါတီဟာ ၂၀၁၂ ကြားဖြတ် ရွှေးကောက်ပွဲမှာ မဲအများစု ရလိုက်တာအခါ လက်ရှိ အာဏာရထားတဲ့သူတွေ လုံးဝ ထိတ်လန့်ကုန်ကြတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း NLD က တနိုင်ငံလုံးမှာ မဲ ၈၃ ရာခိုင်နှုန်းကျော်နဲ့  Landslide နိုင်ခဲ့တယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာလည်း NLD က မဲအပြတ်အသတ်နိုင်ဖို့ များတဲ့အတွက် နည်းလမ်းမျိုးစုံ အသုံးပြုလာတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

မဲအချိုးကျ ကိုယ်စားပြု (PR) စနစ် ဆိုတာကတော့ မဲဆန္ဒနယ်တခုမှာ မဲအများဆုံး ရရှိတဲ့သူက အနိုင်ရရှိတဲ့ ပုံစံမဟုတ်တော့ဘဲ ထောက်ခံမဲ အချိုးကျအပေါ်မှာ မူတည်ပြီးတော့ လွှတ်တော် ကိုယ်စား လှယ် နေရာ ရရှိတဲ့ပုံစံ ဖြစ်ပါတယ်။

အရမ်းအရေးကြီးတဲ့ ရွေးကောက်ပွဲမှာ မဲပေးရမယ့် စနစ်တခုကို အမျိုးသား လွှတ်တော်မှာ ၇ ရက်အတွင်း အာဏာရ ကြံ့ခိုင်ရေးပါတီရဲ့ ထောက်ခံချက်နဲ့ အတည်ပြုလိုက်ပါတယ်။ ဒီနေရာမှာ တပ်မတော် ကတော့   PR စနစ်ကို မထောက်ခံဘဲ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ ကျင့်သုံးဖို့ စောသေးတယ်ဆိုပြီး ကန့်ကွက်ပါတယ်။

အတိုက်အခံ အင်အားကြီး ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်အမျိုးသား ပါတီနဲ့ ပါတီတချို့က ကန့်ကွက်ကြပေမယ့် လွှတ်တော်ကို ကြီးစိုးထားတဲ့ အာဏာရ   ကြံ့ခိုင်ရေးပါတီကို မယှဉ်နိုင်ကြပါဘူး။

တပ်မတော်က PR ကို မထောက်ခံပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကိုတော့ ကန့်ကွက်ပါတယ်။ ကြံ့ခိုင်ရေး ပါတီကတော့ PR စနစ်ကို ထောက်ခံသလို ၅၉ (စ) ပြင်ဆင်ရေးကိုလည်း ကန့်ကွက်တဲ့အတွက် အဲဒီအဖွဲ့အစည်းနှစ်ခုမှာ မတူညီတဲ့ အကျိုးစီးပွားတွေ ရှိတယ်ဆိုတာ မြင်နိုင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နီးလာတဲ့အခါ လူထုထောက်ခံမှု ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲဆွယ်ခွင့် လွတ်လွတ်လပ်လပ် လုပ်လို့မရအောင် မဲဆွယ်ခွင့်ကာလ တလ သတ်မှတ်တာ၊ ကိုယ့်မဲဆန္ဒနယ်မှာ ပြိုင်မယ့်သူက ကိုယ့်ဖာသာ စည်းရုံးဖို့ သတ်မှတ်တာမျိုးတွေနဲ့ ရွေးကောက်ပွဲကော်မရှင်က စလုပ်ပါတယ်။

ပြီးတော့ နိုင်ငံရေးပါတီတွေကို အခွန်လွတ် ကားတွေနဲ့ မြေနေရာတွေ ထုတ်ပေးဖို့ လုပ်တာ၊  မျိုးစောင့် ဥပဒေတွေ ပြဋ္ဌာန်းဖို့လုပ်တာနဲ့ အခုနောက်ဆုံး PR စနစ် လုပ်ဆောင်လာတာတွေဟာ လုံးဝ မရိုးသား  ဘူးလို့ နိုင်ငံရေး အသိုင်းအ၀ိုင်းက သုံးသပ်လာပါတယ်။

အခုလို ၂၀၁၄ ခုနှစ် ထဲရောက်လာမှ ပေါ်လာတဲ့ ဒီ PR စနစ်ကို စနိုင်ဖို့က အဆင့်တွေ အများကြီး ရှိပါသေးတယ်။ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ အတွက် ပြည်သူ့လွှတ်တော်မှာ အတည်ပြုဖို့ လိုသလို ပြည်ထောင်စု လွှတ်တော်ကလည်း အတည်ပြုရမှာပါ။ အဲဒါတွေပြီးရင် ရွေးကောက်ပွဲကော်မရှင်က လုပ်ထုံးလုပ်နည်းတွေ နည်းဥပဒေတွေ ဆွဲရဦးမှာဆိုတော့ တော်တော်နဲ့ အကောင် အထည်   ဖော်နိုင်ဖို့ မလွယ်သေးပါဘူး။

အခုတော့ အမျိုးသား လွှတ်တော်မှာ PR ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့သူတွေ အားလုံးကို အချိုးကျ ကိုယ်စားပြုစနစ် ကော်မရှင်ဆိုပြီး ဖွဲ့ဖို့လုပ်တဲ့အခါ အတိုက်အခံ NLD ပါတီက ကိုယ်စားလှယ်တွေက မပါဘူးဆိုပြီး နုတ်ထွက်လိုက်ကြပါပြီ။

“PR စနစ်နဲ့ ပတ်သက်ပြီး ကန့်ကွက်တာ၊ ထောက်ခံတာတွေ လုပ်ကြပေမယ့် ဘယ်ကိုယ်စားလှယ်ကမှ အားသာချက် ၊ အားနည်းချက်တွေကို ပီပီပြင်ပြင် မပြောနိုင်ကြဘူးလို့ လွှတ်တော် ဥက္ကဋ္ဌကြီးက သုံးသပ် တယ်။ အဲဒီလို တိတိကျကျ ထောက်ပြတဲ့သူ မရှိတဲ့အတွက် ကော်မရှင်ဖွဲ့ပြီးရင် ကန့်ကွက်တဲ့သူတွေက သေသေချာချာ ၀င်ဆွေးနွေးကြပါလို့ ပြောတယ်။ အခုက ကန့်ကွက်တဲ့သူတချို့ က ကော်မရှင် မှာတောင် မပါဘူး လုပ်နေတယ်” လို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ရဲ့ပြောဆိုချက်ကို လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြန်လည် ရှင်းပြခဲ့ပါတယ်။

ရှဗ်ဗေ့ဗရာအသ်ည၏ထူးမြတ်မူနှင့် ဓမ္မစစ်သဘော

 အလ်ဘလားဂ်လစဉ်ထုတ်စာစောင်မှ သြဂုတ်လ ၂၀၁၀ ထုတ် မုဖ်သီသကီးအွစ်မာနီ၏ ရှဗ်ဗေ့ဗရာအသ်ညထူးမြတ်မှု၏ ဓမ္မစစ်သဘောဆောင်းပါးအား ဘာသာပြန်ထားသည်။

ရှဗ်ဗေ့ဗရာအသ်ည၏ ထူးမြတ်မှုနဲ့ပတ်သတ်ပြီး ဟဒီးဆ်တော်တွင် လာရှိထားခြင်းမရှိဘူးလို့ ပြောခြင်းမှာမှားယွင်းသည်။

အဘယ့်ကြောင့်ဆိုသော် ဆွဟာဗဟ် (ရသွေရလ္လာဟုအန်ဟွမ်) ၁၀ ပါးမှ ယင်းည၏ ထူးမြတ်မှုနဲ့ပတ်သတ်ပြီး ကိုယ်တော်မြတ် (ဆွလ္လလာဟုအလိုင်းဟိဝစလ္လာမ်) ထံမှ ဆင့်ဆိုထားသော ဟဒီးဆ်တော်များ လာရှိပေသည်။

ထိုဆင့်ဆိုချက်များထဲမှ အချို့ဟဒီးဆ်တော်များသည် စနဒ်(ဆင့်ဆိုသူအစဉ်ဆက်) အရ ချို့တဲ့မှုအချို့ရှိနေပါသည်။

ထိုစနဒ်(ဆင့်ဆိုသူ အစဉ်ဆက်)၏ ချို့တဲ့မှုကို အကြောင်းခံပြီး တစ်ချို့ပညာရှင်များက ဒီညရဲ့ထူးမြတ်မှုနဲ့ပတ်သတ်ပြီး အထောက်အထားမရှိပါဟု မိန့်ဆိုကြလေသည်။

သို့သော်လည်း မုဟဒ္ဒိစီးန်(ဟဒီးဆ်ပညာရှင်များ)နှင့် ဖုကဟားအ်(အစ္စဥပဒေပညာရှင်များ)၏ ဆုံးဖြတ်ချက်တစ်ခုမှာ`ဟဒီးဆ်တစ်ပုဒ်သည်စနဒ် (ဆင့်ဆိုသူ အစဉ်ဆက်)အရ ချို့တဲ့မှုရှိနေသော်လည်း ယင်းဟဒီးဆ်၏ အထောက်အကူ (အလိုသဘောတူ) သော နောက်ထပ် ဟဒီးဆ်အမြောက်အများရှိလျင် ယင်းချို့တဲ့မှု ပပျောက်သွားသည်ဟူ၍ ဖြစ်သည်။

(ဟဒီးဆ်ပညာရပ်လေ့လာနေသေသူများ ယင်းအချက်အား ကောင်းစွာသဘောပေါက်မည်) အထက်တွင်ကျွန်တော်ဖော်ပြခဲ့သည့်အတိုင်း ဆွဟာဗဟ်ဆယ်ဦးမှ ယင်းည၏ ထူးမြတ်မှုနှင့်ပတ်သတ်၍ ဆင့်ဆိုချက်များ လာရှိသည့်အတွက်ကြောင့် ရှဗ်ဗေ့ဗရာအသ်ည၏ ထူးမြတ်မှုအား အထောက်အထားမဲ့သည်ဟု ပြောဆိုခြင်းမှာ မှားယွင်းသော ပြောဆိုခြင်းဖြစ် သည်။

ရှဗ်ဗေ့ဗရာအသ်ညတွင် အိဗာဒသ်ပြုလုပ်ခြင်း ခိုင်ရွလ်ကုရူးန်လို့ခေါ်တဲ့ ဆွဟာဗဟ်(ရသွေရလ္လာဟုအန့်ဟွမ်)တို့၏ ခေတ်၊ သာဗီအီးန်(အလိုင်းဟိမွရ်ရဟ်မဟ်)တို့၏ခေတ်၊ ၎င်းသာဗီအီးန်များ ၏ နောက်လိုက်တို့ခေတ်များတွင်လည်း ရှဗ်ဗေ့ဗရာအသ်ည၏ ထူးမြတ်မှုအား ရယူလေ့ရှိကြသည်။

ထို့ကြောင့် ဤညတွင် အိဗာဒသ်လုပ်ခြင်းအား ဗိဒ်အသ်ဟုပြောဆိုခြင်း၊ အထောက်အထားမဲ့ပြုလုပ်ခြင်းဟု ပြောဆိုမှုများမပိုင်ပါ။ တစ်ကယ်တမ်းတော့ ရှဗ်ဗေ့ဗရာအသ်ညသည် ထူးမြတ်သော ညတစ်ညဖြစ်ပြီး ထိုညတွင် အိဗာဒသ်လုပ်ခြင်းအားဖြင့် အကျိုးစဝါးဗ်ရရှိမည်လည်း ဖြစ်သည်။

ရှဗ်ဗေ့ဗရာအသ်ည အိဗာဒသ်လုပ်ရာတွင် သီးသန့်နည်းလမ်းမရှိခြင်း ယင်းညတွင် အိဗာဒသ်လုပ်ခြင်းဖြင့် အကျိုးစဝါးဗ်ရရှိမည်ဖြစ်သော်လည်း ဘယ်လိုပုံစံ အိဗာဒသ်လုပ်ရမည်ဆိုသော သီးသန့်သတ်မှတ်ချက်ဟူ၍ မရှိပေ။

တစ်ချို့သူများက မိမိတို့ဘက်မှ နည်းလမ်းတစ်ခုကို သတ်မှတ်လုပ်ဆောင်ခြင်း ဥပမာ`ရှဗ်ဗေ့ဗရာအသ်ညမှာ ဒီလိုပုံစံ နမားဇ်ဖတ်ရမယ်…ပထမ ရကအသ်မှာ ဘယ်စူရဟ်ဘယ်နှကြိမ်ဖတ်ရ မယ်၊ ဒုတိယရကအသ်မှာ ဘယ်စူရဟ်ဘယ်နှကြိမ်ဖတ်ရမယ်အစရှိသော နည်းလမ်းများ ရွေးချယ်ဝတ်ပြုခြင်းမှာ မှားယွင်းသည်သာမက ရှရီအသ်မှာလည်း ပြသထားခြင်းမရှိပါဘူး။

နဖိလ်နမားဇ်များတက်နိုင်သလောက် ဖတ်ပါ၊ ကုရ်အာန်ဖတ်ရွတ်လိုက ဖတ်ပါ၊ ဇိကိရ်လုပ်လိုက လုပ်ပါ၊ ဒိုအာတောင်းလိုက တောင်းပါ ဒီလိုပုံစံ အိဗာဒသ်များ ဤညတွင် ပြုလုပ်နိုင်ပေသည်၊ သို့သော်လည်း မိမိဘက်မှ သီးသန့်နည်းလမ်းတစ်ခုရွေးချယ်ပြုလုပ်ခြင်းနှင့်ပတ်သတ်၍ တရားတော်တွင် အထောက်အထားလာရှိထားခြင်းများမရှိပါ။

ရှဗ်ဗေ့ဗရာအသ်ညတွင် ကဗရ်သို့သွားခြင်း ဤည၏ နောက်ထပ်အမလ်တစ်ခု (ကဗရ်သို့သွားခြင်း)နှင့်ပတ်သတ်၍ ဆင့်ဆိုချက်လာရှိသည်မှာ`ကိုယ်တော်မြတ် (ဆွလ္လလာဟုအလိုင်း ဟိဝစလ္လမ်) သည် ဂျန္နသွလ်ဗကီးအ် သင်္ချိုင်းတော်သို့ သွားခဲ့ခြင်းဖြစ်သည်။

ကိုယ်တော်မြတ်သည် ယင်းညတွင် ဂျန္နသွလ်ဗကီးအ်သင်္ချိုင်းတော်သို့သွားခဲ့သည်။ ထို့ကြောင့်မွစ်လင်မ်အွမ္မသ်များဟာလည်း ယင်းညတွင် ကဗရ်သွားခြင်း လုပ်ဆောင်လာကြသည်၊ သို့သော်လည်း မွဖ်သီသ ကီးဆဗ်က အမိန့်ရှိသည်မှာ… ကျွန်ုပ်၏ ဖခင် မွဖ်သီရှဖီး (အလိုင်းဟိရ်ရဟ်မဟ်) က အမိန့်ရှိသည်မှာ `အရာတစ်ခုဟာ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိ ဝစလ္လမ်) ထံမှ ဘယ်လိုပုံစံ ဆင့်ဆိုချက်လာရှိထားလဲ၊ အဲဒိပုံစံအတိုင်းသာလုပ်ဆောင်ရန် အရေးကြီးသည် ဒီ့ထက်ပို၍မလုပ်ဆောင်ထိုက်ပေ။´

ဤအတွက်ကြောင့် ကိုယ်တော်မြတ်သည်လည်း မိမိသတ်တမ်းတွင် တစ်ကြီမ်တစ်ခါသာ ဂျန္နသွလ်ဗကီးအ်သင်္ချိုင်းတော်သို့ ရှဗ်ဗေ့ဗရအသ်ညမှာ သွားရောက်ခဲ့ကြောင်း ဆင့်ဆိုချက်လာရှိ သည်ဖြစ်ပေရာ မွတ်စ်လင်မအွမ္မသ်ထုတစ်ရပ်လုံးလည်း မိမိတို့သတ်တမ်းမှာ တစ်ကြိမ်တစ်ခါ ရှဗ်ဗေ့ဗရာအသ်ညတွင် ကဗရ်သို့သွားရောက်ခြင်းမှာ မှန်ကန်သော လုပ်ဆောင်ချက်ဖြစ်သည်။

သို့သော်လည်း ရှဗ်ဗေ့ဗရာအသ် ညရောက်သည့်အခါတိုင်း ကဗရ်သို့ အစဉ်တစ်စိုက်သွားရောက်ခြင်းများ သွားရောက်ရန်အရေးကြီးသည်ဟု မှတ်ယူခြင်းများ၊ သွားရောက်ခြင်းကို ယင်းည၏ အဓိကမဏ္ဍိုင်အတွင်း သွပ်သွင်းခြင်းများ၊ ကဗရ်မသွားရလျင် ရှဗ်ဗေ့ဗရအသ်မဖြစ်ဟု မှတ်ယူခြင်းများသည် အထက်ဖော်ပြပါ ဟဒီးဆ် ဆင့်ဆိုချက်တွင် လာရှိချက်အား ကျော် လွန်ပြုလုပ်ရာ ရောက်သည်။

(ဤကဲ့သို့ပြုရန်မထိုက်ပေ)

ရှအ်ဗားန် ၁၅ ရက်နေ့ ရိုဇာစောင့်ထိန်းခြင်း နောက်ထပ်ပြသနာ တစ်ခုမှာ ရှဗ်ဗေ့ဗရာအသ်ပြီး မနက်ရိုဇာထားခြင်း ဆိုလိုသည်မှာ ရှအ်ဗားန် ၁၅ ရက်နေ့ ရိုဇာစောင့်ထိန်းခြင်းဖြစ်သည်၊ ဤအချက်နှင့်ပတ်သတ်ပြီး မှတ်ယူထားရန် အရေးကြီးသည်မှာ… ဟဒီးဆ်တော်များအားလုံးထဲမှ ဤရှအ်ဗားန် ၁၅ ရက်နေ့ ရိုဇာစောင့်ထိန်းခြင်းနှင့်ပတ်သတ်၍ ဟဒီးဆ်တော်တစ်ပုဒ်တွင်သာ ဆင့်ဆိုချက် လာရှိသည်။ ဆင့်ဆိုချက်၏ အလိုသဘောမှာ… ရှဗ်ဗေ့ဗရာအသ်ညပြီးနောက်နေ့ ရိုဇာထားကြကုန်ဟူ၍ဖြစ်သည်။ ဒီဆင့်ဆိုချက်မှာလည်း သွအီးဖ်ဖြစ်သည်။

ဤအတွက်ကြောင့်ယင်း သွအီးဖ်ဖြစ်သော ဆင့်ဆိုချက်အရ သီးသန့်ရှအ်ဗားန် ၁၅ ရက်နေ့ရိုဇာအား စွန္နသ် (သို့) မွစ်တာဟဗ်အဖြစ် သတ်မှတ်ခြင်းသည် တစ်ချို့ပညာရှင်များထံတွင် မပိုင်ပေ။

သို့သော်လည်း ရှအ်ဗားန်တစ်လလုံးတွင် ရိုဇာထားခြင်း၏ မွန်မြတ်မှုနှင့်ပတ်သတ်၍ ဆင့်ဆိုထားသော ဟဒီးဆ်တော်များ အမြောက်အများလာရှိထားပါသည်။

သို့သော်လည်း ရှအ်ဗားန် ၂၈ နှင့် ၂၉ ရက်များတွင် ရိုဇာထားခြင်းနှင့်ပတ်သတ်ပြီး ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ တားမြစ်ချက် ဤကဲ့သို့လာရှိထားပေသည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အမိန့်ရှိတော်မူသည်မှာ ရမသွာန်လ မဝင်ခင် တစ်ရက်နှစ်ရက်အလို ရိုဇာမထားကြလေနှင့် သို့မှသာ ရမသွာန်လ ရိုဇာများနှင့်ပတ်သတ်ပြီး လူသားဟာ အားအင်အပြည့်အဝနှင့်တကွ အဆင်သင့်ဖြစ်နေပေမည်။

မဲလ်ကွမ်အက်စ် | အလင်းမျက်ဝန်း

မျိုးမြင့်စိတ်နေဝါဒ (Ethnocentrism): ငြိမ်းချမ်းအေး

သရုပ်ဖော် ကာတွန်း – ဝေယံ (တောင်ကြီး) 

မျိုးမြင့်စိတ်နေဝါဒ (Ethnocentrism) ဆိုတာ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးစံတူ လူမျိုးအုပ်စု တစုက အခြား မတူညီတဲ့ လူမျိုးအုပ်စု တစုကို ပြုမူဆက်ဆံရာမှာ မိမိရဲ့ ယဉ်ကျေးမှုတန်ဖိုး၊ စံနှုန်းတွေကို အဓိက ဗဟိုပြု လက်ကိုင်ထားပြီး စဉ်းစား၊ ဆုံးဖြတ် ပြုမူ လုပ်ဆောင်ခြင်း သဘောဖြစ်တယ်။  မူရင်း အင်္ဂလိပ် စကားလုံးက ရှေး ခေါမ စကားလုံး ‘Ethno’ (လူမျိုး၊ နိုင်ငံ၊ ယဉ်ကျေးမှုတူ အုပ်စု) နဲ့ လာတင် စကားလုံး ‘Centric’ (ဗဟိုပြုခြင်း) တို့ ပေါင်းစပ်ထားခြင်းဖြစ်တယ်။

ဒီသဘောမှာ မိမိရဲ့ ယဉ်ကျေးမှု၊ ဓလေ့၊ လူမျိုး၊ ဘာသာ စတဲ့ သဘာဝအရ မတူညီနိုင်တဲ့ ဝိသေသ လက္ခဏာ တွေကို အခြေခံကာ အုပ်စုသဘောအနေနဲ့ စဉ်းစားလေ့ရှိတယ်။  မိမိ အုပ်စုက သူတပါး အုပ်စုများထက် အရာရာမှာ သာလွန်တယ်၊ ယဉ်ကျေးတယ်၊ လူပီသတယ်၊ သဘာဝကျ တယ်၊ မြင့်မြတ်တယ်၊ အခြား လူမျိုး အုပ်စုများက မယဉ်ကျေး၊ လူမပီသ၊ သဘာဝမကျ၊ ယုတ်ညံ့ ဟု လွဲမှားယူဆကာ မိမိအုပ်စု တခုတည်း သာ အခွင့်ထူးခံယူခြင်း၊ အခြားမတူတဲ့ အုပ်စုတွေကို ဖိနှိပ်ခွဲခြားဆက်ဆံခြင်း၊ ကျွန်ပြုခြင်း စတဲ့ ဘက်လိုက်ဆုံးဖြတ်၊ မတရားမှု တွေ လုပ်ဆောင်လေ့ရှိတာကြောင့် အကျိုးဆက်အနေနဲ့ မတူညီတဲ့ အုပ်စုတွေကြား ပဋိပက္ခတွေ၊ အမုန်းတွေ၊ ရန်ငြိုးတွေဟာ ရေရှည် ကြီးထွား အမြစ်တွယ် လာစေတယ်။

ဥပမာ – ရှေးယခင် လူဖြူ လူမျိုးကြီး ဝါဒအရ လူဖြူတွေကသာ မြင့်မြတ်တယ်ဆိုတဲ့ သဘောနဲ့ အသားအရောင်ရှိတဲ့ အာဖရိကအနွယ်ဝင် လူမျိုးတွေကို အဓမ္မ ကျွန်ပြု ခိုင်းစေခဲ့တယ်။  နောက်ပိုင်း ကျွန်စနစ် ပပျောက်သွားသည့်တိုင် အာဖရိက အနွယ်ဝင်တွေအပေါ် ဆက်လက် ခွဲခြား နှိမ်ချဆက်ဆံခဲ့တယ်။  ဒီ မတရားမှု ဆိုးကျိုး အရိပ်မည်းဟာ ဆယ်စုနှစ်တွေ ကြာသည့်တိုင်အောင် မပျောက်ကွယ်နိုင်ဘဲ လက်ရှိ မျက်မှောက်ခေတ် အမေရိက နဲ့ အခြား အနောက် ဥရောပ လူ့အဖွဲ့အစည်းတွေမှာ လူမျိုးရေးပြဿနာတွေ၊ အသားအရောင် ကွဲပြားသူချင်းကြား ပဋိပက္ခသဘောဆောင်တဲ့ တင်းမာမှု ဒဏ်ရာ၊ အမာရွတ်တွေ ထင်ကျန်နေဆဲ ဖြစ်တယ်။

ယထာဘူတ ကျကျ စဉ်းစားရင် ကမ္ဘာ မှာရှိတဲ့ လူ့အဖွဲ့အစည်းအသီးသီးက လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံ တွေမှာ မည်သည့် လူမျိုး၊ မည်သည့် ယဉ်ကျေးမှုကမှ ပိုကောင်းတယ်၊ ပိုမြင့်မြတ် တယ်၊ ဆိုးတယ်၊ ယုတ်ညံ့တယ်ဆိုပြီး သတ်မှတ်လို့မရပါ။

ပူအိုက် စွတ်စို တဲ့ ဒေသမှာ ပုဆိုး၊ လုံချည်၊ သင်တိုင်း ဝတ်တယ်၊ ခေါင်းပေါင်း ပေါင်းတယ်၊ ပူပြင်း ခြောက်သွေ့တဲ့ ဒေသတွေမှာ ဝတ်ရုံခြုံ၊ ခေါင်းဆောင်း ဆောင်းတယ်၊   အေးတဲ့ ဒေသတွေမှာ ဘောင်းဘီဝတ်တယ် စတဲ့ သဘာဝ အနေထား အပေါ်မူတည်ပြီး လိုက်လျောညီထွေ ကျင့်ကြံနေထိုင်ရင်း ဖြစ်ပေါ်လာတဲ့ မတူညီတဲ့ ယဉ်ကျေးမှု သဘော နဲ့ အလေ့အထ ဓလေ့ တွေ သာဖြစ်တယ်။

ကိုးကွယ်မှု အယူဝါဒ ဆိုင်ရာ ဘာသာဓလေ့ ထုံးတွေမှာဆိုလည်း နေရာဒေသ ကွဲပြားမှု အလိုက် တချို့က ဘုရားကျောင်းတက်ရင် ဖိနပ်စီးပေမယ့် ဦးထုပ်တော့ချွတ် ရတယ်၊ တချို့ကျ ဦးထုပ်ဆောင်းရပေမယ့် ဖိနပ်စီးခွင့် မရှိဘူး။

တနည်းအားဖြင့် လူအုပ်စု တခုနဲ့ တခု အစားအသောက်၊ အဝတ်အထည်၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ အတွေးအခေါ်၊ တန်ဖိုးထားမှု စတာတွေ မတူညီ နိုင်ခြင်းမှာ ရှင်သန်နေထိုင် ရာ ဒေသ ပထဝီ၊ ရာသီဥတု ဂေဟဗေဒ သဘော နဲ့ ပတ်ဝန်းကျင် လူမှုအသိုင်းအဝန်းရဲ့ လူမှုနိုင်ငံရေး သဘောတွေကြောင့်လို့ ဆိုနိုင်တယ်။

ဥပမာ – တလောက လုံး အဖြူရောင်သာ အချိန်ပြည့်လိုလို လွှမ်းမိုးနေတဲ့ အာတိတ်ဒေသ နှင်းတောထဲက လူမျိုးစုတွေအတွက် အဖြူရောင် ကို သတ်မှတ်ရာမှာ အနုအရင့် အသေးစိတ် ပုံဖော်နိုင် တဲ့ စကားလုံး ဝေါဟာရ အများအပြား ရှိနိုင်ပြီး အနီရောင်၊ အစိမ်းရောင်၊ အပြာရောင် လိုမျိုးကိုကျ အတိအကျ ပုံဖော်နိုင်တဲ့ ဝေါဟာရ အားနည်းတဲ့ သဘောမျိုး ဖြစ်တယ်။

ဒါပေမယ့် လူတွေဟာ ဘယ်လောက်ပဲ အတွေးအခေါ် မြင့်မား၊ အမြင် ကျယ်ပြန့်၊ လွတ်လပ်မျှတ လစ်ဘရယ်ကျ နေထိုင်၊ ပြုမူ၊ ပြောဆို ပါတယ် ဆိုစေဦးတော့ မျိုးမြင့်စိတ်နေဝါဒ တစိတ်တပိုင်း လို့ ဆိုနိုင်တဲ့ သဘောမျိုး အနည်းအများ ရှိနေတတ်တာဟာလည်း သဘာဝပါ။

အကြောင်းက လူတွေဟာ မတူညီတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာ ကိုယ်နဲ့ ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင် အသားကျပြီးသား အရာတွေကိုပဲ ပိုမို   မွေ့လျော် လက်ခံလိုစိတ်၊ အသားပေး လုပ်ဆောင်လိုစိတ်ဖြစ်ပေါ်လေ့ရှိပြီး မှန်တယ်၊ မှားတယ်၊ တရားတယ်၊ မတရားဘူး ဆုံးဖြတ်ရာမှာလည်း ကိုယ်နေထိုင်ကြီးပြင်းလာရာ အုပ်စုဘက်ကိုသာ မသိစိတ်အနေနဲ့ ဖြစ်ဖြစ် ဘက်လိုက် ဆုံးဖြတ်လိုစိတ်တွေ ဖြစ်ပေါ်လာလေ့ရှိတယ်။

အမေရိကန် အမျိုးသား သိပံ္ပ အဖွဲ့အစည်းကြီး (NAS) ရဲ့ တွေ့ရှိဖော်ထုတ်ချက် တခု အရ ဆိုရင် လူတွေမှာရှိတဲ့ အောက်စီတိုစင်း ဟော်မုန်း (Oxytocin Hormone) ဟာ အုပ်စုတူ လူချင်း ဓမ္မဓိဋ္ဌာန်ကျကျ မဟုတ်ဘဲ ခံစားချက် အသားပေး ပုဂ္ဂလဓိဋ္ဌာန် သဘောဆောင်တဲ့ မိမိအုပ်စုကို ဂုဏ်မြှင့်ပြောဆိုမှု၊ သူ တပါး အုပ်စုအပေါ် (အနည်းဆုံး စကားအရာမှာ ဖြစ်ဖြစ်) နှိမ့်ချ လိုမှု၊ လူမျိုး၊ အုပ်စုတူ ထောက်ခံ အားပေးမှု၊ ဘက်လိုက် ဆုံးဖြတ် ပြုမူ မှု (Favouritism) တွေကို ဖြစ်ပေါ်စေတယ် လို့ ဆိုတယ်။

လူမျိုးတွေရဲ့ ဘာသာဗေဒ တွေမှာ ဒီလိုသဘောတွေကို တွေ့နိုင်တယ်။

ဥပမာ – အင်္ဂလိပ်ဝေါဟာရ ‘Barbarian’ (လူကြမ်း) ဆိုတဲ့ စကားရဲ့ မူရင်းဟာ ခေါမ စကားလုံးဖြစ်ပြီး ရှေးခေါမခေတ် ခေါမလူမှုအသိုင်းအဝန်း ဝန်းကျင်ရှိ ခေါမလူမျိုး များလောက် ယဉ်ကျေးမှု မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ ခေါမမဟုတ်သူ လူမျိုးစုငယ်အားလုံးကို ညွှန်းဆိုတဲ့ စကားလုံး ဖြစ်တယ်။  ခေါမ စကားလုံး ‘Barbars’ ရဲ့ အနက်အဓိပ္ပာယ်က ခွေးဟောင်သံဖြစ်ပြီး ဒီလူမျိုးစု ငယ်တွေဟာ ခေါမတွေပြောတဲ့ ဘာသာစကားကို နားမလည်တဲ့အတွက် ခေါမတွေက နှိမ်ချ ခေါ်ဝေါ်တဲ့သဘောနဲ့ သုံးနှုန်း ခဲ့ခြင်းဖြစ်တယ်။

အလားတူ အာတိတ်စက်ဝန်းဒေသရှိ လူမျိုးတစုကို ခေါ်တဲ့ အက်စ်ကမိုး (Eskimo) အသုံးရဲ့ မူလ အနက်ကွဲ တခုက “အသားစိမ်း စားသူများ” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး အက်စ်ကမိုးတွေကို အနီးမှာ နေထိုင်တဲ့ အခြားမတူညီတဲ့ လူမျိုးအုပ်စုတွေက သူတို့ရဲ့ ကွဲပြားတဲ့ အစားအသောက်၊ နေထိုင်မှုပုံစံကြောင့် နှိမ်ချ ခေါ်ဆိုရာမှာ ဖြစ်ပေါ်လာတယ် လို့ ဆိုတယ်။  မိမိ လူမျိုးကို “အမျိုး၊ ဘာသာ သာသနာကို စောင့်ရှောက်သူများ” လို့ ခေါ်ပြီး အခြား မတူတဲ့ လူမျိုးကိုတော့ “လေ့လွင့်လာသူများ” ဟု ခေါ်ဆိုခြင်း သဘောမျိုး ဖြစ်တယ်။

အခြား အစားအသောက်၊ အနေအထိုင်၊ အပြောအဆို၊ လူမှုနေထိုင်၊ ပြုမူ၊ ဆက်ဆံရေး ပုံစံတွေမှာလည်း မိမိ လူမျိုးရဲ့ ရိုးရာ ထုံးတမ်းတွေကို ပိုမို တိမ်းညွတ်လေ့ရှိပြီး မတူကွဲပြားတဲ့ ဓလေ့တွေ နဲ့ ကြုံတွေ့ရရင် စိတ် ကသိကအောက် ဖြစ်၊ အထင်အမြင်လွဲမှားမှု ကြုံတွေ့ရတာဟာ နားလည်လက်ခံနိုင်တဲ့ သဘာဝပါ။

ဥပမာ – လူတွေဟာ တယောက် နဲ့ တယောက် ပြောဆို ဆက်ဆံရာမှာ ရုပ်ပိုင်းဆိုင်ရာ အကွာအဝေးတခု (Personal Space) သတ်မှတ် အရယူပြီး ပြောဆိုလေ့ရှိတယ်။  ဒီလို သတ်မှတ်ရာမှာလည်း လူမျိုး တမျိုး နဲ့ တမျိုး အကွာအဝေး၊ အကျဉ်း၊ အကျယ် ယူပုံ ကွာလေ့ရှိတယ်။  မြေထဲပင်လယ်ဒေသက မွတ်ဆလင်တွေ နဲ့ လက်တင်အမေရိကား က လူမျိုးတွေဟာ စကားပြောဆို ဆက်ဆံရာမှာ လက်ပွန်းတတီး၊ ကိုယ်ခန္ဓာချင်း ထိစပ်မှုရှိတဲ့ အထိ နီးကပ်၊ ထိစပ်၊ ခြေတို့၊ လက်တို့ ရင်းရင်းနှီးနှီး ပြုမူပြောဆိုလေ့ရှိတယ်။  သူတို့တွေ နဲ့ အခြား အသားချင်းထိ ပြောဆို ဆက်ဆံလေ့မရှိတဲ့ မြောက်အမေရိက (သို့မဟုတ်) ဥရောပ က လူမျိုးတွေ ဆက်ဆံရတဲ့အခါမှာ ကွဲပြားတဲ့ အလေ့အထတွေ ကြောင့် တဦး နဲ့ တဦး မယဉ်ကျေးသူ (ဝါ) ရိုင်းစိုင်းသူ တွေလို့ စိတ်ထဲက အပြန်အလှန် သတ်မှတ် သွားနိုင်တယ်။

အာရပ် တယောက်က ရင်းနှီးဖော်ရွေကြောင်း ပြသလိုမှုနဲ့ အမေရိကန် တယောက် အနားတိုးကပ်လာရင် အမေရိကန်ကလည်း သူ့ ထုံးစံ၊ သူသတ်မှတ်ထားတဲ့ အကွာအဝေး (Personal Space) အထိ ရောက်အောင် ခပ်ခွာခွာ နောက်ဆုတ်သွားမှာ ဖြစ်တယ်။  ဒါဟာ မတူညီတဲ့ ယဉ်ကျေးမှု နောက်ခံရှိတဲ့ လူမျိုးစုတွေကြား ကိုယ်အရိုးစွဲလာရာ ဓလေ့ထုံးစံ၊ သတ်မှတ်ချက်ကို အခြေခံပြီး အလိုအလျောက် တုံ့ပြန်တတ်တဲ့ သဘော သက်သက်သာ ဖြစ်ပြီး ရန်လို မုန်းထားမှု၊ မခင်မင်လိုမှု၊ မယဉ်ကျေး၊ ရိုင်းစိုင်းတဲ့ သဘောမျိုး မဆောင်ပါ။  နိုင်ငံတကာ အစားအသောက်တွေ ယှဉ်ချထားရင် အလိုအလျောက် မိမိ သက်ဆိုင်ရာ ရိုးရာ အစာ တခုခု၊ သို့မဟုတ် မိမိ စားလေ့ရှိတဲ့ အကျင့်ရပြီးသာ နီးစပ်တဲ့ အစာ တခုခုကို လက်လှမ်း မိတတ်တဲ့ သဘောမျိုးပဲ ဖြစ်တယ်။

ဒါပေမယ့် လူမှုဆက်ဆံရေး (သို့မဟုတ်) စီးပွားရောင်းဝယ် ဆက်ဆံမှုတွေမှာ ဒီလို အသေးအဖွဲ အပြုအမူများ က တဆင့် ဆက်ဆံရေး မချောမမွေ့၊ အဖုအထစ် မဖြစ်စေဖို့ရာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့၊ ထုံးတမ်းတွေကို နားလည်၊ သဘောပေါက် လိုက်လျောညီထွေ ပြုမူဆက်ဆံတတ်ဖို့ လိုတယ်။

မျိုးမြင့်စိတ်နေဝါဒ စစ်စစ်ဖြစ်လာပြီဆိုရင်တော့ ယဉ်ကျေးမှုများ အချင်းဖြစ်တတ်ခြင်း (Culture Clashes)၊ လူမျိုးစု တခုနဲ့ တခု မုန်းတီးခြင်း (Racial Hatred) စတဲ့ ပြင်းထန်တဲ့ သဘောမျိုးတွေအထိ ဖြစ်ပေါ်လာလေ့ရှိတယ်။  ဒီသဘောမှာ အဆိုးဆုံးအချက်ကတော့ လူတွေဟာ မိမိရဲ့ လူမျိုးကသာ မြတ်တယ်၊ မိမိ ယဉ်ကျေးမှုကသာ ကောင်းတယ်၊ မိမိ ဘာသာ တရားကမှ မှန်ကန်တဲ့ စတဲ့ တဖက်စွန်းရောက် တွေးခေါ်၊ ပြုမူ၊ ပြောဆိုခြင်းကို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ တိုင်းပြည် ချစ်စိတ် လို့ လွှဲမှား ယူဆလာနိုင်မူ၊ ယူဆ လာစေအောင် သွေးထိုးမြှောက်ပင့် လှုံ့ဆော်ဖို့ လွယ်ကူမှု ဖြစ်တယ်။

အစွန်းမရောက်တဲ့ မျိုးချစ်စိတ် (Patriotism) ဆိုတာ မိမိလူမျိုးကို ချစ်တယ်၊ အကျိုးကို လိုလားတယ်၊ ဆောင်ရွက်တယ်၊ ကာကွယ်တယ် စတဲ့ မျှတတဲ့ သဘောမျိုးသာဖြစ်ပြီး အစွန်းရောက် ပြင်းထန်တဲ့ မျိုးမြင့်စိတ်နေဝါဒ လို တပါး မတူညီတဲ့ လူမျိုး၊ အုပ်စု က ယုတ်ညံ့တယ်၊ မကောင်းဘူးဆိုတဲ့ ဖိနှိပ်ခွဲခြားလိုမှု၊ မတရားပြု အသာစီးရလိုမှု သဘောမျိုးမပါပါ။  မျိုးချစ်စိတ်ရှိကြောင်း သက်သေပြုနိုင်ဖို့၊ အမျိုးသားရေး နိုးကြားစေဖို့ ရာမှာ တပါး လူမျိုး အုပ်စု တခုခုကို မတရား ဖိနှိပ်ဆက်ဆံ၊ မုန်းတီးပြစရာလည်း မလိုပါ။

ဒီလို မျိုးမြင့်စိတ်နေ ဝါဒ တဖက်စွန်းရောက်တဲ့ သဘောတရား၊ အတွေးအခေါ်တွေကြောင့် ဂျူးလူမျိုး (၆) သန်း နဲ့ အခြား အရှေ့ဥရောပက သန်းနဲ့ချီတဲ့ လူမျိုးစုနွယ်တွေဟာ အာရီယန် မျိုးသန့်ရေးအတွက်ဆိုပြီး နာဇီတွေရဲ့ အကျဉ်းစခန်း၊ အဆိပ်ငွေ့ခန်းတွေမှာ လူမျိုးတုံး သတ်ဖြတ်ခံခဲ့ရတယ်။

ဒီလို တလူမျိုး၊ တဘာသာ၊ ယဉ်ကျေးမှု ဓလေ့ ထုံး တခုတည်းကိုသာ လက်ကိုင်ပြု ဇောင်းပေးလိုသူ မျိုးမြင့်စိတ်နေဝါဒ သမားများကြောင့် လက်ရှိ မျက်မှောက်ခေတ်မှာလည်း ဗမာ အပါအဝင် ကမ္ဘာ့ နိုင်ငံတချို့မှာ လူမျိုးရေးကို အခြေခံတဲ့ မုန်တီးမှုတွေ၊ ခွဲခြား၊ နှိမ်ချ ဆက်ဆံမှုတွေ၊ ရန်ပွဲတွေ၊ စစ်ပွဲတွေဟာ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ပြီး (၂၁) ရာစု ခေတ်သစ် လူ့အဖွဲ့အစည်းကို အချိန်ကာလအားဖြင့် ရောက်ရှိနေထိုင်ခွင့်ရနေပေမယ့် အတွေးအခေါ်၊ အနေအထိုင်၊ အပြူအမူ၊ အပြောအဆို အားဖြင့် လက်တွေ့  မရောက်နိုင်၊ အတွေးအခေါ် လွတ်လပ် ကျယ်ပြန့်၊ သမမျှတ၊ လူလူချင်း စာနာထောက်ထားမှု မထားနိုင်၊ တနည်းအားဖြင့် မယဉ်ကျေးနိုင်သေးဘဲ အုပ်စု မတူရင် စစ်ဖြစ်ရတဲ့ ကျောက်ခေတ်အတွေးအခေါ်၊ လူမျိုးကြီးဝါဒ ဖော်ဆောင်တဲ့ ဖက်စစ် နာဇီခေတ် ဓလေ့စရိုက်တွေဟာ ရှင်သန်နေဆဲပဲ ဖြစ်တယ်။

ဗမာပြည်ရဲ့ အဓိက ပြဿနာ တခု ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစု အချင်းချင်းကြား ပဋိပက္ခ (Ethnic Conflicts) ရှေရှည်တည်တံ့ မဖြေရှင်းနိုင်ဖြစ်နေတာရဲ့ အကြောင်းရင်းဟာ စစ်အစိုးရ အဆက် ဆက် အသားပေး ဖော်ဆောင်ခဲ့တဲ့ မြန်မာ (ဗမာ) လူမျိုးကြီးဝါဒ၊ တနည်းအားဖြင့် အစွန်းရောက် မျိုးမြင့်စိတ်နေဝါဒကြောင့်လို့  ဆိုနိုင်တယ်။

လက်ရှိ မျက်မှောက်ခေတ် ဗမာပြည် မှာ မြန်မာ (ဗမာ) တွေ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အနုသုခမ၊ စာပေ အားဖြင့် အသာစီးရနေသလို ရှိနေပေမယ့် ရှေး သမိုင်းအစဉ်အဆက်အရ အခြား တိုင်းရင်းသား လူမျိုးစုတွေဟာလည်း တချို့က မြန်မာ (ဗမာ) တွေထက် အရင်၊ တချို့က မရှေးမနှောင်း ဒီဒေသ၊ ဒီမြေ၊ ဒီရေမှာ ဓားမဦးချ နေထိုင်၊ လုပ်ကိုင်၊ စားသောက်၊ မြို့တည်၊ နန်းတည်လာခဲ့ကြတာပါ။  ဒီနေရာကို ရှေ့က ရောက်ရောက်၊ နောက်ကျမှ ရောက်ရောက်၊ အခုအချိန်မှာ အရေအတွေက် ဘယ်သူ၊ ဘယ်လို၊ ဘယ်လောက် များများ လူမျိုးစု တစု နဲ့ တစုကြား ငါသာတယ်၊ သူညံ့တယ်၊ ငါက အင်အားရှိတဲ့ လူမျိုးကြီး၊ သူတို့က အင်အားနည်းတဲ့ လူမျိုးငယ်တွေဆိုတဲ့ သဘောနဲ့ ခွဲခြား၊ ဖိနှိပ်၊ ခြယ်လှယ် တဲ့ စနစ်ဆိုး ကျင့်သုံးလိုခြင်းမျိုးကို လက်ရှိ အသာရနေတဲ့ လူများစု မြန်မာ (ဗမာ) တွေဘက်က လုံးလုံး ရှောင်ကြဉ် နိုင်ရင် တိုင်းပြည်မှာ နှစ်ရှည်လများ စွဲကပ်နေတဲ့ တိုင်းရင်းသား ပြဿနာဟာ ပြေလည်သွားမှာ ဖြစ်တယ်။

မြန်မာ (ဗမာ) တွေ အနေနဲ့ မကြာသေးတဲ့ နှစ်ပိုင်းကအထိ တိုင်းပြည်မှာ ခိုင်မာရှင်သန်နေခဲ့တဲ့၊ လက်ရှိ အချိန်ထိလည်း ပုံရိပ်ထင် ကြွင်းကျန်ရုံမက တစိတ်တပိုင်း အမြစ်တွယ် ရှင်သန်နေဆဲဖြစ်တဲ့ စစ်အာဏာရှင်စနစ်က နှစ်ပေါင်းများစွာ အင်တိုက်တားတိုက် ဖော်ထုတ်ခဲ့တဲ့ လူမျိုးကြီးဝါဒ (Racial Supremacism / Chauvinism) လို မကောင်းတဲ့ စနစ်၊ သဘောထားတွေ တိုင်းပြည်ရဲ့ စနစ်၊ လူမှု၊ အနုသုခုမ၊ စာပေ သဘော အားလုံးမှာ စိမ့်ဝင်စွဲကပ်နေပြီ ဆိုတာကို မျက်ကွယ်ပြု အဲ့ဒီ အကျိုးဆက် အပြစ်သဘော၊ ချို့ယွင်းအားနည်းချက်ကို မမြင်၊ မသိယောင်ပြု၊ ပြင်ဖို့ မကြိုးစာဘဲ နှစ်ပေါင်း (၆၀) ကျော် လွန်ခဲ့ပြီ ဖြစ်တဲ့ ကိုလိုနီအမွေဆိုးကိုသာ လက်ညှိုးထိုး အပြစ်ပုံချပြီး အင်္ဂလိပ် တွေ သွေးခွဲခဲ့လို့၊ ကိုလိုနီဖြစ်စဉ်ကြောင့် ဆိုကာ တိုင်းရင်းသား မကျေမလည် ဖြစ်နေမှု ပြဿနာ နဲ့ လူမျိုးရေး/ဘာသာရေး အမုန်းတွေကို ကိုယ်လွတ်ရုန်း အဖြေရှာနေရင် တိုင်းပြည်ဟာလည်း တင်းမာမှု၊ ပဋိပက္ခ၊ စစ်ပွဲ နွံထဲမှာ နစ်သထက် နစ်၊ ဆိုးကျိုးဒဏ်ကို ခံသထက် ခံနေရဦးမှာ ဖြစ်တယ်။

လူမျိုးကြီးသဘော အခြေခံ ပြင်းထန်တဲ့ မျိုးမြင့်စိတ်နေဝါဒ နဲ့ တိုင်းရင်းသားအားလုံး၊ လူမျိုး/ဘာသာ မတူ လူအုပ်စုပ်တွေအားလုံး ခွင့်တူညီမျှမှုကို အားပေးတဲ့ ငြိမ်းချမ်းစွာ အတူ ရှင်တွဲနေထိုင်နိုင်ခွင့် (Peaceful Co-Existence)၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် (Self-Determination) တို့ရဲ့ ဆန့်ကျင်ဘက် သဘောတွေကို ဗမာ့ လူ့အဖွဲ့အစည်း က မြန်မာ (ဗမာ) အများစု အခြေခံကျကျ နားလည် သဘောပေါက်ထားမှသာ တနိုင်လုံး သာတူညီမျှ ရေရှည် တည်ငြိမ်အေးချမ်းသာယာဝပြောမှုကို အာမခံတဲ့ ဖဒရယ်ပြည်ထောင်စုစစ်စစ်ကို မဝေးတဲ့ အနာဂတ်မှာ တည်ထောင်နိုင်မှာ ဖြစ်တယ်။

လူမျိုးတိုင်းဟာ မိမိတို့ရဲ့ အစဉ်အလာ ထုံးတမ်းများထဲက ကောင်းမြတ်တဲ့ သဘော၊ စံနှုန်းနဲ့ ယဉ်ကျေးမှု ကို ထိန်းသိမ်းချင်တာ သဘာဝကျပါတယ်၊ ထိန်းသိမ်းဖို့လည်း လိုပါတယ်။  ဒါပေမယ့် အတူယှဉ်တွဲ နေထိုင်ရတဲ့ ဌာနေ တိုင်းရင်းသား လူမျိုးစု အချင်းချင်း နဲ့ အရှိန်၊ အဟုန် နဲ့ ပြောင်းလဲ၊ ထိစပ်၊ နီးကပ်လာတဲ ခေတ်သစ် ကမ္ဘာလုံးဆိုင်ရာ သဘောထားကြောင့် ထိတွေ့ ဆက်ဆံလာရတဲ့ အခြား လူမျိုးကွဲ၊ ဘာသာခြား  လူမျိုးစုများကို ထိခိုက် နစ်နာစေတဲ့ အမြင်ကျဉ်းမြောင်း၊ ပြင်းထန်၊ တဖက်စွန်းရောက် မျိုးမြင့်စိတ်နေ သဘောထားတွေ၊ အတွေး အခေါ်တွေကိုတော့ ရှောင်နိုင်ဖို့ လိုပါတယ်။

လူသားမျိုးနွယ်အားလုံးရဲ့၊ အထူသဖြင့် မိမိလူ့အဖွဲ့အစည်း မှာ အတူတကွ ဒွေးရောယှက်တင်နေထိုင်နေရတဲ့ မတူညီတဲ့ လူမျိုးအုပ်စုတွေရဲ့ ကွဲပြားတဲ့ ယဉ်ကျေးမှုသဘော၊ ဓလေ့၊ စံနှုန်းတွေကို လေ့လာဖို့ လိုပါတယ်၊ မတူကွဲပြားမှု တွေကို လက်ခံ အသိအမှတ်ပြုနိုင်ဖို့ လိုပါတယ်။  အင်အားကြီးသူ၊ အရေအတွက်များသူက ဖိနှိပ်ဗိုလ်ကျနေခြင်းမျိုး မဖြစ်ဖို့ လိုပါတယ်။  အမုန်းတရားပွားလိုသူများ ရဲ့ ထောင်ခြောက် ပုံဖျက်ထားတဲ့ သဘောတွေ၊ အမှတ်တဝက် အချက်အလက်တွေကို သတိပြု ဆင်ခြင် နားမယောင်မိဖို့ လိုပါတယ်။  သေသေချာချာ ဂဃနဏ မလေ့လာ၊ မသိရှိဘဲနဲ့ လူမျိုး/ဘာသာ အုပ်စု တခုခုကို ကြိုတင် အစွဲ ကောက်ချက်ချက် မလို မုန်းထားပြုခြင်း၊ ဆုံးဖြတ်ခြင်း၊ ခွဲခြား ဖိနှိပ်ဆက်ဆံခြင်းမျိုး မဖြစ်အောင် ကြိုးစားရပါမယ်။

ဒါမှသာ ယဉ်ကျေးမှုပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံ စည်ပင်ရှင်သန်ဖွံ့ဖြိုးတဲ့ (၂၁) ရာစု ခေတ်သစ် ကမ္ဘာ့ လူ့အဖွဲ့အစည်းအနေနဲ့ လူသား အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရင်း လူမှု၊ စီးပွားဘဝ တိုးတက် သာယာလာအောင် တွဲလျက်ကြံဆောင်လာနိုင်မှာ ဖြစ်ကြောင်းပါ။

 

ငြိမ်းချမ်းအေး

(စာရေးသူ ၏ ၂၇-ဇွန်-၂၀၁၂ ရေး ခေတ်မောင်း ဆောင်းပါး ဟောင်းကို ပြန်လည် တည်းဖြတ်ကာ ဘက်မလိုက် ဂျာနယ်  အတွဲ (၁)၊ အမှတ် (၆)၊ ၂၀၁၄ မေလ (၁) ရက်နေ့ ထုတ်တွင် ပုံနှိပ်ခြင်းဖြစ်သည်။)

“ကျွန်တော်(ဦးကိုနီ)မွတ်စလင်တစ်ယောက်ဖြစ်တယ်၊ ကျွန်တော့် ဘာ သာ ကို ထိ ရင် တော့ နာ မှာ ပဲ”

တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် တွေ့ဆုံခြင်း

၂၀၁၅ ရွေးကောက်ပွဲအမီ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပါဝင်လာရေး အတွက် နိုင်ငံရေးပါတီများ လှုပ်ရှားမှုများ မြင့်တက်လာကာ ယခုအခါ ပြင်ဆင်ရေး အတွက် လူထုဆန္ဒ ဖော် ထုတ်ပွဲကြီးများမှ လူထုတစ်ရပ်လုံး ပါဝင်သော လက်မှတ်ရေးထိုးပွဲကြီးများကို မြို့ကြီးအချို့တွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယင်းအခြေအနေတွင် ယခင်က ဥပဒေ ပြင်ဆင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့်အတူ တရားလွှတ်တော် ရှေ့နေ ဦးကိုနီသည်လည်း တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည်။ သို့သော် ပြည်သူတစ်ရပ်လုံးက အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားလာသော အချိန်တွင် ဦးကိုနီ၏ လှုပ်ရှားမှုများကို မတွေ့ရတော့ချေ။ ယင်းကိစ္စသည် နိုင်ငံရေး အသိုင်းအ၀ိုင်း အတွက် ပဟေဠိ ဖြစ်စေခဲ့သည့် အပြင် ဦးကိုနီသည် ဘာသာခြား တစ်ဦးဖြစ်ပြီး ပြည်တွင်း၌ ဖြစ်ပွားသော လူမျိုးရေး ပဋိပက္ခများတွင် ၎င်း၏ လုပ်ဆောင်ချက်၊ ရပ်တည်ချက်များကိုလည်း မေးခွန်းထုတ်မှုများ ရှိခဲ့သည်။ ထို့ကြောင့် ဦးကိုနီ၏ ဥပဒေ ပြင်ဆင်ရေး အတွက် လှုပ်ရှားမှုများ၊ တိုင်းပြည်အတွက် ရပ်တည်ချက်များကို သိရှိစေရန် Tomorrowမှ ယခုလို ဆက်သွယ်မေးမြန်းခဲ့သည်။

မေး။ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အရင်တုန်းက အန်ကယ်ဟာ ရှေ့ဆုံးက ဦးဆောင်ခဲ့တယ်။ အခုလူထုတစ်ရပ်လုံး ပါဝင်တဲ့ ပြင်ဆင်ရေး လှုပ်ရှားမှုတွေ မြင့်တက်နေတဲ့ အချိန်မှာ အန်ကယ့်ကို မတွေ့ရဘူး။ ဘာကြောင့်လဲ။

ဖြေ။ ။ ကျွန်တော့်ရဲ့ အဓိက ပြဿနာက ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲအမီ အဓိက လုပ်နေတဲ့ ပြည်သူ လူထုကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာပေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲခိုး မဲလိမ်တယ်ဆိုတာက လူထုက မသိရင်ခံရမှာပဲ။ သိနေရင်တော့ အဲဒါတွေ လုပ်လို့ မရဘူးပေါ့။ ကြိုတင်မဲ ဆိုတဲ့ သဘောက လိမ်တဲ့ သူက လိမ်ထားပြီးပြီ အလိမ်ခံရတဲ့ သူက ဒါတွေကို သဘော ပေါက်နေတယ်။ နားလည်နေတယ်ဆိုရင် လိမ်လို့ မရပါဘူး။ ဒါ့ကြောင့် ပြည်သူလူထုကို ကျွန်တော်က အဲဒီ့ အသိပညာပေးချင်လို့ အဲဒီကိစ္စကို အဓိကထား လုပ်နေတယ်။ ရှေ့လလောက်ဆိုရင် အဲဒီစာအုပ် ထွက်မှာပါ။ နောက်တစ်ခုကတော့ ပဉ္စမ မြန်မာနိုင်ငံဆိုတဲ့ စာအုပ်အတွက်လည်း အားထုတ် နေရပါတယ်။ ဒီကြားထဲ နိုင်ငံခြားခရီးကိုပါ သွားလိုက်ရတော့ အလုပ်အကြွေးတွေ တော်တော်ပုံ သွားတယ်။ ကျွန်တော့်ရဲ့ ရုံးကိစ္စတွေ၊ တရားရေး ကိစ္စ၊ မိသားစု ကိစ္စအရေးတွေပါ လုပ်နေရတော့ အရင်လို ရှေ့တန်းကို မထွက်နိုင်တာပါ။ ကျွန်တော်စခဲ့တဲ့ အခြေခံ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေး ဟာလည်း အခုချိန်မှာ အရှိန်အဟုန်ပြင်းစွာ သွားနေပါပြီ သိပ်တော့ မလိုအပ်တော့ပါဘူး။ ကျွန်တော် အခု အာရုံစိုက်နေရတာကတော့ ရွေးကောက်ပွဲ အတွက်ပါ။ အထူးသဖြင့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် ပထမဆုံး တရားမျှတတဲ့ ကော်မရှင် တစ်ခု ပေါ်ဖို့ လိုအပ်သလို တရားမျှတတဲ့ ကော်မရှင်နဲ့ဆိုတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ မျှော်လင့် ချက်ထားလို့ ရပါတယ်။ အဲဒီအတွက် ကျွန်တော် ကြိုစားနေပါတယ်။ ဒါ့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့အတွက် အခုလက်ရှိ ကျွန်တော် အရှေ့မှာ မရှိပေမယ့် အနောက်မှာတော့ အပြည့် အလုပ်လုပ်နေပါတယ်။

မေး။ ။ အန်ကယ်နဲ့ ပတ်သက်ပြီး စွပ်စွဲမှုတွေရှိနေတယ်။ အဲဒါက ဘာလဲဆိုတော့ ဘင်္ဂလား ဒေ့ရှ်နဲ့ မြန်မာ စစ်မဖြစ်ဖြစ်အောင် လုပ်နေတယ်လို့ နိုင်ငံရေး အသိုင်းအ၀ိုင်းတွေက စွပ်စွဲနေတယ်။ အဲဒီ စွပ်စွဲချက်တွေကို ဘယ်လို တုံ့ပြန်ချင်လဲ။

ဖြေ။ ။ အဲဒါကတော့ ကျွန်တော်ကို မလိုတဲ့ အဖွဲ့အစည်း တစ်ခုက စနစ်တကျ အကွက်ချ ပြီးတော့ စွပ်စွဲနေတာပါ။ ဘယ်အဖွဲ့အစည်းလည်း ဆိုတာတော့ ကျွန်တော် မသိတဲ့ အပြင် မစုံစမ်းဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် မိတ်ဆွေ တစ်ချို့ကလည်း ပြောကြတယ်။ ခင်ဗျားကို အရမ်းပဲ တိုက်ကြတယ်တဲ့။ ကျွန်တော်တို့ အနေနဲ့ မခံချင်ဘူး။ အဲဒီတော့ ကျွန်တော်ကို တိုက်နေတဲ့ သူတွေ ရှိသလို ကာကွယ်နေတဲ့ သူတွေလည်း ရှိပါတယ်။ ဒါတွေကလည်း သဘာဝပဲ။ လောကကြီးမှာ လိုသူ ရှိသလို မလိုသူလည်း ရှိတယ်။ ဒါပေမယ့် ခင်ဗျားတို့ စဉ်းစားလို့ရအောင် ကျွန်တော် ပြောမယ်။ ဘာဖြစ်လို့ ကျွန်တော်ကို တိုက်ရတာလဲ ဆိုတာက အဓိက စဉ်းစားရမယ့်အချက်ပဲ။ ကျွန်တော်သာ ဘာမှမလုပ်ရင် အတိုက်ခံရမှာ မဟုတ်ဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဖွဲ့စည်းပုံ အခြခံ ဥပဒေ ပြင်ဆင်ရေးမှာ အရင်က ကျွန်တော် တက်တက်ကြွကြွနဲ့ လုပ်လို့တိုက်တာလား။ သည့်အရင်က ကျွန်တော်ကို တိုက်တာ ရှိလား၊ မရှိဘူးလား။ အခုမှ ရှိလာတာလား။ သူတို့အနေနဲ့ တိုက်စရာ ဆိုတာကလည်း ကျွန်တော်မှာ မွတ်စလင်ဖြစ်တာ တစ်ချက်ပဲရှိတယ်။ ဒါနဲ့ပဲ တိုက်တာပါ။ မွတ်စလင် ဖြစ်တော့ရော ဘာဖြစ်လဲဗျာ။ ကမ္ဘာမှာ မွတ်စလင်တွေ အများကြီး ရှိသလို၊ ဗုဒ္ဓ ဘာသာတွေလည်း အများကြီး ရှိတာပဲ။ တိုက်စရာမရှိ ကျွန်တော်ကို ကြံဖန်ပြီး တိုက်နေတာပါ။ ဒါပေမယ့် ကျွန်တော် ပြောချင်တာက ဘာကြောင့်လည်းဆိုတဲ့ မေးခွန်းက အဓိကပဲ။ ကျွန်တော်ဘာလုပ်လို့ တိုက်တာလဲ။ တိုင်းပြည် ကောင်းရာကောင်းကျိုးကို တစ်တပ်တအား လုပ်နေတာလား။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွက် လုပ်နေတာလား ဆိုတာ သိဖို့လိုတယ်။ တိုင်းပြည်ကောင်းမယ်လို့ ယူဆလို့ ယုံကြည်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အားသွန်ခွန်စိုက်လုပ်တဲ့ ဟာကို မလိုလားသော လူတစ်စုက စနစ်တကျ လုပ်ကြံပြီးတော့ ကျွန်တော့်ကို မမှန်မကန်တွေ စွပ်စွဲနေတာပါလို့ ကျွန်တော် ပြောချင်ပါတယ်။

မေး။ ။ မြန်မာနဲ့ မွတ်စလင်တွေကြား ပဋိပက္ခတိုင်းမှာ အန်ကယ့်အနေနဲ့ မွတ်စလင်တွေဘက်က ရပ်တည်နေတယ်လို့ သိရတယ်။ အဲဒါဟာ အမှန်ပဲလား။

ဖြေ။ ။ မေးတဲ့သူတွေ အမေး ရှိသလို ဖြေတဲ့သူတွေလည်း အဖြေရှိပါတယ်။ သို့သော် နားထောင်တဲ့ သူက လူသားဆန်ဆန် နားထောင်ဖို့ လိုပါတယ်။ ကျွန်တော်ဟာ မွတ်စလင် ဘာသာဝင် တစ်ယောက် ဖြစ်တဲ့ အတွက် ကျွန်တော် ဘာသာကို ထိရင်တော့ နာမှာပဲ။ ဗလီတစ်လုံးကို မီးရှို့လိုက်ရင် ကျွန်တော် ဘယ်လို ခံစားရမလဲ။ ခင်ဗျားတို့ ဗုဒ္ဓဘာသာတွေလည်း စဉ်းစားကြည့်ပါ။ ဘုန်းတော်ကြီး ကျောင်း တစ် ကျောင်းကို မီးရှို့ဖျက်ဆီးလိုက်ရင် ခင်ဗျားတို့ ဘယ်လို ခံစားရမလဲ။ ဒီအတိုင်းပဲ ကျွန်တော် မှာလည်း ခံစားချက်ရှိတယ်။ ဒါပေမယ့် ကျွန်တော် ပြောတဲ့အခါမှာ ဘယ်တော့မှ ဘက်လိုက်ပြီး မပြောဘူး။ တကယ်လို့များ ကျွန်တော့် စကားတစ်ခွန်းဟာ ဘာသာရေး အတွက် ဘက်လိုက်မှုရှိရင် သတ္တိရှိရှိနဲ့ မျက်နှာစုံညီ ရှင်းချင်ပါတယ်။ ကွယ်ရာမှာ အတင်း ပြောသလို ပြောတာမျိုးကို သိပ်ဂရုမစိုက်ပါဘူး။ ကျွန်တော်က စာရေးတဲ့သူပါ။ ကျွန်တော်ရေးတဲ့ စာတွေ အင်တာဗျူးတွေမှာ ဖတ်ကြည့်ပါ။ ကျွန်တော် ရဲ့ သဘောထားတွေ သိရမှာပါ။ ကျွန်တော်က ဘယ်တော့မှ ဘက်လိုက်တာ မရှိပါဘူး။ အခု ဖြစ်နေတဲ့ ဗုဒ္ဓ ဘာသာနဲ့ မူဆလင်တွေ ပြဿနာဟာ အမှန်တော့ ဘာမှမဖြစ်ပါဘူး။ ကျွန်တော် လေ့လာကြည့် သ လောက်တော့ ဒါတွေဟာ တရားဥပဒေ စိုးမိုးမှု မရှိလို့ ဖြစ်ရတာပါ။ စီမံခန့်ခွဲမှု ညံ့လို့လည်း ပါပါတယ်။ ကျွန်တော် အဲဒါ အရင်တုန်းက ပြောပါတယ်။ အခုလည်း ပြတ်ပြတ်သားသား ပြောပါတယ်။ အင်တာဗျူး တစ်ခုမှာလည်း ကျွန်တော် ပြောခဲ့ပါတယ်။ ဒီပြဿနာတွေ မဖြစ်အောင်လို့ ရှင်းချင်ရင် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဖြစ်တုန်းက ရှင်းသလို ရှင်းလိုက်ရင် ပြီးသွားမှာပါ။ အခုတော့ အိမ်တွေဖျက်၊ ကျောင်းတွေဖျက် လုပ်နေတာ ဘာဖြစ်လို့ မတားနိုင်ရတာတုန်း။ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဖြစ်တာမှ မဟုတ်တာ။ မလုပ်လို့ ဖြစ်နေတာပါ။ တစ်နည်းအားဖြင့် တရားဥပဒေ စိုးမိုးရေး မဲ့နေတာပါ။ ဒါ အုပ်ချုပ်ရေး အာဏာပိုင်တွေမှာ အဓိက တာဝန် ရှိပါတယ်။ ကျွန်တော် ဒီလိုပဲ ပြောခဲ့ တယ်။ အဲဒီစကားကို တော်တော်များများ ဗုဒ္ဓဘာသာ ကျွန်တော့် မိတ်ဆွေတွေကလည်း လက်ခံ ပါတယ်။ ဒါဒီလိုပဲ ပြောရမယ်။ ကျွန်တော်ကတော့ ရဲရဲဝင့်ဝင့် ပြန်ပြောချင်ပါတယ်။ အဲဒီလို မေးတဲ့ သူတွေရှိရင် ကျွန်တော်ကို တည့်တည့်ပြောပါ။ ဘယ်နားမှာ ဘာသာရေး ဘက်လိုက်ပါသလဲ ကျွန် တော် ရဲ့ ယုံကြည်ချက်က ရင်ထဲမှာပဲ ထားပါတယ်။ ကျွန်တော် ရေးတဲ့စာတွေ ဖတ်ရင် သူတို့သိ မှာပါ။ တိုင်းပြည် ကောင်းစားရေးနဲ့ ပတ်သက်တဲ့၊ ဥပဒေနဲ့ ပတ်သက်တဲ့၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သဘော တရားတွေ ပါပါတယ်။

မေး။ ။ အန်ကယ့်ရဲ့ စိတ်ရင်းအမှန်က တိုင်းပြည်ကို ဘယ်လိုဖြစ်စေချင်လဲဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ ကျွန်တော်ရဲ့ စိတ်ရင်း အမှန်နဲ့ တစ်ကယ် အမှန်တိုင်း ပြောရရင် နိုင်ငံတော် အာဏာကို နိုင်ငံ သားများ အမှန်တစ်ကယ် ပိုင်ဆိုင် စီမံခန့်ခွဲနိုင်တဲ့ နိုင်ငံတော်ကြီး ဖြစ်စေချင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ – ပိုင်လေး

မြန်မာ နယ်ခြားအား တရုတ် က ကျူးကျော်လာပြီ



တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကတော့ တောင်တရုတ်ပင်လယ်ထဲက သူတို့နဲ့ ဘာမှ မ ဆိုင် တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျပန် စတဲ့ နိုင်ငံ တွေရဲ့ ပိုင်နက်နယ်မြေတွေ ထဲက တချို့ကို သူတို့ဖာသာသူတို့ အသစ်ဆွဲထားတဲ့ မြေပုံ တွေ အရ တ ရုတ်ပြည်ပိုင်နက် ဖြစ်ပါတယ် လို့ လူပေါ်လူဇော်လုပ်ပြီး အနိုင်ကျင့်ဗိုလ်ကျ တာတွေ လုပ် နေ တာတော့ အားလုံးလည်း အသိပါ။

ကဲဗျာ … မြန်မာ ကလည်း တရုတ်အတွက် တော့ ဘာမို့လို့ မြန်မာကို သူတို့က ချန်ထားရမှာ တုန်း။ ကဲ .. အခု တရုတ်ပြည် ရဲ့ မြေပုံ အရ အစဉ်အဆက် မြန်မာပိုင် နက် ဖြစ်လာခဲ့တဲ့ နယ်မြေ တွေတောင် တရုတ်က ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု့ ဘာညာ ဆိုတာတွေတောင် မ ထောက်ထားတော့ဘဲ တရုတ်ပြည်ပိုင်နက် ပေါ်တင် ကျူးကျော်လာနေကြပြီ။

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမှာ နယ်ခြားမျဉ်းကို မေလ ၂၇ ရက်နေ့ကနေ မေလ ၃၀ ရက်နေ့ အထိ ပြန်လည်တိုင်း တာ ကြရာမှာ အရင်ကတည်းက ရှိထားပြီးသား နယ်ခြားကျောက်တိုင်တွေ ကနေ မြန်မာဖက်ခြမ်းကို ကျူးလာပြီး မြန်မာဖက်ခြမ်းက လယ်မြေဧက ပေါင်းများစွာကို တရုတ် ပြည် ပိုင်နက် ဆိုပြီး လုပ်လာပြီ။ နယ်ခြားကျောက်တိုင် အသစ်ကို လာစိုက်တာမှာ ဒေသခံ လယ် သမားတွေက ပြန်နှုတ်ပစ်လိုက်လို့ နောက်ထပ် အသင့် စိုက်ပြီးသား ညောင်ပင် နှစ်ပင်ကို ထပ် လာစိုက်တယ်။ ဒါတွေကိုလည်း အမြစ်က လှန်တူးထုတ်လိုက်ပြန် တဲ့ လယ်သမားတွေကို အရေး ယူဖမ်းဆီး တဲ့ သတင်းကိုတော့ မကြာခင် မှာ မျှော်လင့် ထားကြရမှာဖြစ်ပါတယ်။

မူဆယ် နဲ့ ရွှေလီကို ရောက်ဘူးသူတိုင်းက ကျယ်ဂေါင် ဆိုတဲ့ နေရာအကြောင်း ကို သိမှာပါ။ နှစ် နိုင်ငံ နယ်ခြား အဖြစ် ယေဘုယျ သတ်မှတ်ထားတဲ့ ရွှေလီမြစ် ရဲ့ တစ်ဖက်ကမ်း မြန်မာဖက် အ ခြမ်းမှာ ရှိနေတဲ့ ကျယ်ပြောလှပြီး မဟာဗျူဟာ ကျလှတဲ့ မြေပြင်အနေအထားဖြစ်ပေမယ်လို့ ဒီ နေရာ ဟာ တရုတ်ပြည် ပိုင်ဖြစ်နေတာကို တွေ့ဘူးသူတိုင်း သိကြမှာ ဖြစ်ပါတယ်။ ဒီနေရာဟာ တကယ်တမ်းတော့ လွတ်လပ်ရေး ရခဲ့စဉ် နိုင်ငံတကာ စာချူပ်တွေအရ မြန်မာပြည်ပိုင်နက် ဖြစ်ခဲ့ ဘူးတာပါ။ နောက်ပိုင်းကျမှ တရုတ်ပြည်ပိုင်နက် အဖြစ် ပေးလိုက်ဖို့ ယခင် က တိုင်းပြည် အကြီး အကဲဟောင်း ဦးနေ၀င်း ရဲ့ ခွင့်ပြုချက်နဲ့ တရုတ်ကို ပေးလိုက်ရကြောင်း မှတ်သားဘူးပါတယ်။

အဲ့ဒီတုန်းက ပေးလိုက်ရတာ ကျယ်ဂေါင် တစ်ခုတည်းမဟုတ်ဘဲ တရုတ်- မြန်မာ နယ်ခြားက မြန် မာပိုင်နက် အတော်များများ ပါသွားခဲ့တယ်လို့လည်း အလားတူ မှတ်သားခဲ့ဘူးပါတယ်။ သိမီသူ များ လာရောက်ထောက်ပြနိုင်ကြပါတယ်။

အခုလည်း ဒုတိယ၊ တတိယ၊ စတုတ္တ ကျယ်ဂေါင်တွေများ ထပ်လာနေပြီလား၊ ထပ်ပြီးလာနေ ဦးမှာလားဆိုတဲ့ ပူပင် သော ကစိတ်က ဒီတိုင်းပြည်က မွေးခဲ့တဲ့ သားတစ်ယောက်အနေနဲ့ မခံချိ မခံသာ နဲ့ ခံစားနေရ ကြောင်းပါ။

ဒီကိစ္စ က တစ်ဖက်မှာ လုပ်တော့မှာမို့ မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ကို တရုတ် ပြည်ဖက် ရောင်းစားကြမယ့် အာဏာရှိသူများ၊ တပ်မတော် ခေါင်းဆောင်များက ဘင်္ဂလားနယ် စပ် ပဋိပက္ခ ကို တမင်အာရုံလွှဲပြီး တိုင်းသူပြည်သားတွေကို မျက်လှည့်ပြတာလား ဆိုတာ တွေး ဆ စဉ်းစားစရာ ဖြစ်လာပါတယ်။

ကျူပ်တို့ လူထု ဒီနေ့ထိ ချာတူးလန်အောင် နားလှည့်ပါးရိုက် လုပ်တာ ခံနေရတုန်းပါလားဆိုပြီး စိတ်မသက်မသာ ဖြစ်မိပါတယ်။

(ရောဘတ်အယ်လ်ဟို့စ်)

ဓာတ်ပုံ – တရုတ်ပြည်ကြီးနှင့် ဘာမှမဆိုင်လောက်အောင် ကွာလှမ်းလှသည့် ၊ တောင်တရုတ် ပင်လယ် အတွင်းမှ အရှေ့တောင်အာရှ နိုင်ငံ များ၏ မဟာဗျူဟာမြောက် ရေပြင်ပိုင်နက် များ အား တရုတ်ပြည်က ပိုင်ဆိုင်ပါသည် ဟု အသစ်ထုတ်ပြန်လိုက် သဖြင့် နိုင်ငံပေါင်း များစွာနှင့် အငြင်း ပွားနေရသည့် တရုတ်တို့၏ မြေပုံသစ်။

ဘင်္ဂလားနဲ့မြန်မာစစ်မဖြစ်နိုင်ကြောင်း ထောက် ပြ သော အ ချက် များ – ( ရောဘတ်အယ်လ်ဟို့စ်)

မြန်မာနဲ့ ဘင်္ဂလား စစ်ဖြစ်ဖို့ ဖိန့်လုံးတွေ လှိမ့်လုံးတွေ နဲ့ လုပ်နေသူတွေအတွက် တစ်ခုတော့ ပြောလိုက်မယ်။ ခင်ဗျားတို့ ဖိန့်နေသလို ဗမာနဲ့ ဘင်္ဂလား စစ်ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။ ငတုံးတွေကသာ အဟုတ်ထင်ယုံချင်ယုံ။ ကျူပ်တော့မယုံဘူး။ ဒီတော့ ဘင်္ဂလားနဲ့ စစ်ဖြစ်ရင် ဘယ် ဖက်ပါမလဲ ဘာညာ ပေါတောတော မေးခွန်းတွေ မေးတဲ့သူတွေ နဲ့ ဖြေတဲ့ သူတွေ အကုန် လုံး ကျပ်မပြည့် သူတွေလို့ပဲ တင်စားချီးမွှမ်းချင်တယ်။

၁။ တရုတ်ကြီးက သူ့ရဲ့ မဟာဗျူဟာမြောက် အိန္ဒိယသမုဒ္ဓရာ မိန်းထွက်ပေါက်ဖြစ်တဲ့ ရခိုင်နယ် စပ် လိုနေရာမှာ ဘယ်တော့မှ စစ်အဖြစ်ခံမှာ မဟုတ်ဘူး။ သူကိုယ်တိုင်က အိန္ဒိယကို ၀ိုင်းပတ် ပိတ် ဆို့ ထားရေး မဟာပုလဲသွယ်ဆိုတဲ့ စီမံကိန်းတစ်ခုရှိတယ်။ ဒါကို လုပ်နေဆဲသာ ဖြစ်ပြီး လက်စသတ်ဖို့က အများကြိး ပြင်ဆင်နေရဆဲ ကာလမှာ ဒိစီမံကိန်းအ တွက် အသုံးတော်ခံတွေ ဖြစ်တဲ့ ဘင်္ဂလားရော၊ မြန်မာမှပါ ကြီးကျယ်တဲ့ စစ်ေ၇း ပဋိပက္ခ တွေကို ခွင့်ပြုဖို့ မရှိဘူး။
ဘင်္ဂလားရော၊ မြန်မာရော နှစ်နိုင်ငံစ လုံးက တရုတ်ပြည်ကြီးက သေဆိုသေ ရှင်ဆိုရှင် ကြိုက် သလို အမိန့်ပေးနိုင်တဲ့ အနေအထားမှာ အခု ရောက်နေတယ်။

၂။ မြန်မာရော ဘင်္ဂလားရော နှစ်နိုင်ငံစလုံးကလည်း လုံးဝ စစ်အဖြစ်ခံမှာ မဟုတ်ဘူး။ ဘာလို့လည်း ဆိုတော့ သူတို့နှစ်နိုင်ငံစလုံး ရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော် ထဲက အဓိက ပြောရရင် သဘာဝ ဓါတ်ငွေ့သိုက် တွေက ရကာစ မြိုးမြိုးမြတ်မြတ် အကျိုးအ မြတ် အဖူးအငုံလေးတွေ ကို အထိခံမှာ မဟုတ်ဘူး။ ဒီကဏ္ဍတွေမှာ တကယ်တမ်းရင်းနှီးမြုပ်နှံ ထားကြတာက နိုင်ငံတကာ က ကုမ္ပဏီကြီးတွေ၊ အခုလို အလှုပ်အရှားလေး ဖြစ်သွားတာ လောက် နဲ့တင်ကို ဒီကုမ္ပဏီကြီးတွေရဲ့ စတော့ရှယ်ယာဈေးကွက် အနေအထားတွေမှာ ထိခိုက် မှုလေးတွေ ရှိလာတယ်။ ဒီကုမ္ပဏီ ကြီးတွေကလည်း ဒီနှစ်နိုင်ငံ အစိုးရ အပေါ်မှာ ရှိထား တဲ့ သြဇာအရှိန်အ၀ါဟာ အမေရိကန် ၊ တရုတ် တို့ ထက် မလျော့ဘူး။ ဒါ့ကြောင့် လည်း စစ်ဖြစ် ဖို့ ဆိုတာ ဟာသသက်သက်ပဲ။

၃။ လက်ရှိ အိန္ဒိယ မှာ အသစ်စက်စက် အာဏာရလာတဲ့ ဘာရတီယာ ဂျနာတာ ပါတီ အနေနဲ့ ကတော့ စစ်ဖြစ်ချင် ဖြစ်ပါစေ ဆိုတဲ့ ဆန္ဒရှိမှာ အမှန်ပဲ။ အိန္ဒိယဟာ အစဉ်အလာအရ တရုတ်ရဲ့ ဒေသတွင်း ပြိုင်ဖက် ဖြစ်လို့ တရုတ်အကြပ်ရိုက်မယ့် ကိစ္စ မှန်သမျှ အတွက် ကျေနပ်နေမှာ ဖြစ်သလို အခု ရခိုင်ကမ်းလွန်ကထွက်တဲ့ ဓာတ်ငွေ့တွေကို တရုတ်ပေးတဲ့ဈေးထက် ပိုပေးပါ့ မယ်၊ သူ့ကို ရောင်းပါလို့ အကြိမ်ကြိမ်အဖန်ဖန် တိုးလျှိုးတောင်းပန်ခဲ့ပေမယ့် သူ့ကို အဖက်မ လုပ်ဘဲ တရုတ်ကိုသာ မြန်မာက ရောင်းလိုက်တာကို သူတို့ လုးံဝ မကျေနပ်ဘူး။ ဒါ့ကြောင့် ဒီဒေ သတွင်း ဗရုတ်သုက္ခတွေ ဖြစ်လာလို့ရှိရင် ၀မ်းအသာဆုံး ဖြစ်မယ့်သူဟာ အိန္ဒိယ ပဲ။ သို့ပေမဲ့ သူဘယ်လောက်ပဲ ဖြစ်စေချင်ချင် သူ့ကို တစ်ဖက်က အမေရိကန် နဲ့ ဥရောပ သမဂ္ဂ နိုင်ငံ တွေလို သူနဲ့ အကြီးအကျယ်စီးပွားဖက် အင်အားစုတွေက ဒေသတွင်းတည်ငြိမ်ရေး ဆိုတဲ့ အကြောင်းပြချက် နဲ့ ပြန်ထိန်းထားမှာမို့ ဒါကလည်း အညှောက် လုပ်တာလောက်ပဲ လုပ်ချင်လုပ် နိုင်မယ်။ ဖြစ်လာဖို့မရှိဘူး။

၎။ အမေရိကန် နဲ့ ဂျပန်၊ ကိုရီးယား အနောက်ဥရောပ နိုင်ငံတွေက တရုတ်ကို အကြပ်ရိုက်စေဖို့၊ လက်ရှိ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်က ငပွကြီး လုပ်နေတာကို တန်ပြန်တဲ့အနေနဲ့ ဒီဒေ သမှာ ရှုပ်ရှု့ပ်ထွေးထွေး ဖြစ်သွားတာမျိုးကို လိုလားကောင်လိုလားတာ ဖြစ်ပေမယ်လိုက တကယ် သာ စစ်ပွဲက စဖြစ်သွားပြီဆိုရင် နှစ်ဖက် အကျိုးစီးပွား တွေဖက်က အင်အားကြီးတွေပါ ပါလာပြီး ရေရှည်စစ်ပွဲ အဖြစ် ပေရှည်သွားနီုင်တာမို့ သူတို့ ကိုယ်တိုင် စီးပွားရေး နာလန်ထမှု့ အတွက် မနည်း ရုန်းကန်နေရတဲ့ အနောက်နိုင်ငံတွေ ကလည်း ရေရှည် ပဋိပက္ခ ထဲကို မပါလာချင်ဘူး။ ဒါ့ကြောင့် ဒါဟာ အဓိပ္ပါယ်မရှိဘူး။
ဒီတော့ ဘင်္ဂလားနဲ့ မြန်မာ စစ်ဖြစ်မယ် ဘာညာဆိုတာက လူပြိန်းကြို့င်္ ခန့်မှန်းချက်သက်သက် ထက် ဘာမှမပိုဘူး။

( ရောဘတ်အယ်လ်ဟို့စ်)