ချင်းမိုင်- ရန်ကုန် မော်တော်ယာဉ်လိုင်းသစ်ပြေးဆွဲနေပြီ

ထိုင်းနိုင်ငံ ချင်းမိုင်ကနေ မြန်မာနိုင်ငံ ရန်ကုန်ကို ကားနဲ့သွားချင်သူတွေအတွက် နေ့စဉ်သွားတဲ့ မော်တော် ယာဉ် လိုင်းသစ် တခု ပြေးဆွဲနေပါပြီ။ ယာဉ်လိုင်း နာမည်က ဇင်းမယ်-ဒဂုံ ဖြစ်ပါတယ်။

ယာဉ်စီးခက လူတဦးကို ဘတ်ငွေ ၁၂၅၀ ( မြန်မာငွေ ကျပ် ခန့်မှန်းခြေ ၃၇ဝဝဝ ကျပ်ကျော်) ဖြစ်ပါတယ်။
မော်တော်ယာဉ်လိုင်း ပြေးဆွဲမှုကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ကတည်းက စတင်ပြေးဆွဲနေတာ
ဖြစ်ပါတယ်။

ချင်းမိုင်ကနေ နေ့စဉ် နံနက် ဒေသစံတော်ချိန် ၈ နာရီခွဲမှာ V.I.P Green Bus ကားနဲ့ စတင်ထွက်ခွာမှာဖြစ်
ပြီး မဲဆောက်ကို ၂ နာရီခွဲလောက် ရောက်တာနဲ့ မြန်မာနိုင်ငံ မြဝတီဘက်ကမ်းကို ခရီးသည်တွေက ကူးကြ ပြီး မြဝတီက ဟော်တယ်တခုမှာ တညတာ တည်းခိုရမှာပါ။

အခန်းတခန်းကို ကျပ် ၆ ထောင်တန် တည်းခို မှု ကိစ္စကို မော်တော်ယာဉ်လိုင်းက စီစဉ်ပေးထား မယ်လို့
မော်တော်ယာဉ်လိုင်း စီစဉ်သူ တဦးက ဧရာဝတီဘလော့ဂ်ကို ပြောပါတယ်။

ကိုယ့်အစီအစဉ်နဲ့ ကိုယ် မြဝတီမြို့မှာ တည်းခိုချင်တယ်ဆိုလည်း တည်းခိုနိုင်ပါတယ်တဲ့။

နောက်တနေ့ မနက် မြန်မာစံတော်ချိန် ၄ နာရီထိုးမှာတော့ မြဝတီမြို့က တည်းခိုတဲ့နေရာကို မော်တော် ယာဉ်လိုင်းက မီနီ ဘတ်စ် မှန်လုံကားနဲ့ ခရီးသည်တွေကို လာကြိုပြီး မြဝတီက စတင်ထွက်ခွာမှာပါ။

ကော့ကရိတ်မြို့ မနက် ၇ နာရီလောက် ရောက်တာနဲ့ ဘတ်စ်ကားကြီးနဲ့ ပြောင်းလဲ စီးရမှာဖြစ်ပြီး ခရီးသည်တွေကို ခေတ္တ အနားပေးမှာဖြစ်ပါတယ်။

ကော့ကရိတ် က ဘတ်စ်ကားကြီးနဲ့ ဆက်လက် ထွက်လာပြီး လမ်းမှာ သထုံ၊ ကျိုက်ထို စတဲ့ မြို့တွေကို
ဖြတ်သန်းပြီး ရန်ကုန် အောင် မင်္ဂလာ အဝေးပြေး ကားဂိတ်ကို ညနေ ၄ နာရီခွဲ ၅ နာရီမှာ ဆိုက်ရောက် မှာဖြစ်ပါတယ်။

ကုန်ပစ္စည်း ပို့မယ်ဆိုရင်လည်း အမျိုးအမည်နဲ့ ပမာဏအပေါ် မူတည်ပြီး အဆင်ပြေအောင် ယာဉ်လိုင်းက စီစဉ်ပေးပါတယ်။

Leave a comment