အစ္စလာမ်ဟာငြိမ်းချမ်းရေးသာသနာ၊ကုရ်အာန်ဟာ ငြိမ်းချမ်းရေး ကျမ်းစာဟု ပုပ်ရဟန်း မင်းကြီးပြောကြား

တူရကီနိုင်ငံကို သုံးရက်ကြာလည်ပတ်ပြီးနောက် ခရီးစဉ်ရှင်းလင်းပွဲတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အစ္စလာမ်သည် ငြိမ်းချမ်းရေး သာသနာဖြစ်ကြောင်း အတည်ပြုပြောဆိုပြီး လူနည်းစု၏ ကျူးလွန်မှုအတွက် မွတ်စလင်အားလုံးအား တတန်းတစားတည်းထား အဆင့် သတ်မှတ်နေမှုများအား ပယ်ချလိုက်သည်။

“ကုရ်အာန်ဟာ ငြိမ်းချမ်းရေး ကျမ်းစာပါ၊ ဒါဟာ ငြိမ်းချမ်းရေး တမန်တော်နဲ့ဆိုင်တဲ့ စာအုပ်ပါ”ဟု ပုပ်ရဟန်းမင်းကြီးက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြောကြားသည်။

၎င်း၏ တူရကီအလည်အပတ်ခရီးစဉ်အတွင်း သမ္မတ အာဒိုဂန်၊ ၀န်ကြီးချုပ် အဟ်မဒ်ဒေ့ဗ်တိုဂလူ၊ ဘာသာရေးဦးစီးဌာနက အကြီအကဲ မဟ်မဒ် ဂေါ်မတ်ဇ်တို့နှင့် တွေ့ဆုံခဲ့သည်။

၎င်းမှာ အစ္စတန်ဘူလ်မြို့က ဗလီပြာကြီးထဲသို့လည်း ၀င်ရောက်လေ့လာခဲ့ပြီး တူရကီ မုဖ်သီနှင့်အတူ ၀တ်ပြုဆုတောင်းခဲ့သည်။

တစ်စုံတစ်ဦးက အကြမ်းဖက်မှုကို လက်တုန့်ပြန်ရန်အတွက် အစ္စလာမ်ကို ဆန့်ကျင်ဒေါသထွက်နေခြင်းမှာ မှားယွင်းကြောင်း ပုပ်ရဆို သည်။

“ခရစ်ယာန်အားလုံးကို အခြေခံဝါဒီလို့ ပြောလို့မရသလိုပဲ (အစ္စလာမ်နဲ့ ပတ်သက်ရင်လည်း) ခင်ဗျား အဲဒီလို ပြောလို့ မရပါဘူး”

“အခြေခံဝါဒီဆိုတာ ဘာသာတရားတိုင်းမှာရှိတဲ့ သေးငယ်တဲ့ အုပ်စုတွေပါ” ဟု ပုပ်ကပြောသည်။

ပုပ်က မွတ်စလင်ခေါင်းဆောင်များအနေနှင့် အစ္စလာမ်နှင့် အကြမ်းဖက်မှု ဆက်စပ်နေသည်ဟူသော ပုံသေကားချ ယူဆချက်များကို ချိုးဖျက်ရန်အတွက် အကြမ်းဖက်များကို တကမ္ဘာလုံးအတိုင်းအတာဖြင့် ဆန့်ကျင်ရှုတ်ချရန် တိုက်တွန်းသွားခဲ့သည်။

“သမ္မတနဲ့တွေတော့ နိုင်ငံရေးမှာပဲဖြစ်ဖြစ် ဘာသာရေး၊ ပညာရေး မှာပဲဖြစ်ဖြစ် ဦးဆောင်နေတဲ့ မွတ်စလင်ခေါင်းဆောင်တွေဟာ အကြမ်း ဖက်မှုတွေကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြောသင့်တယ်၊ ရှုတ်ချသင့်တယ်၊ ဒါမှသာ ကျန်တဲ့ မွတ်စလင်လူများစုကြီးကို ကူညီရာ ရောက်မယ်”ဟု ပုပ်က သတင်းထောက်များကို ပြောကြားသည်။

အသက် ၇၇ နှစ်အရွယ်ရှိ ပုပ်ရဟန်းမင်းကြီး ပွန်တစ်ဖ်သည် တူရကီနိုင်ငံသို့ စတုတ္ထမြောက် ရောက်ရှိလာသော ပုပ်ရဟန်းမင်းကြီး လည်းဖြစ်သည်။
၂၀၀၆ ခုနှစ် နိုဝင်ဘာတွင် ပုပ်ရဟန်းမင်းကြီးဘီနီဒစ် XVI က တူရကီနိုင်ငံသို့ လည်ပတ်ခဲ့ပြီး အစ္စတန်ဘူးလ်က ဗလီပြာကြီးတွင်လည်း အလားတူ ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။

Source : Onislam
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

Leave a comment