Daily Archives: January 20th, 2013

တရားရုံးတွေနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့ အိတ်ဖွင့်စာပေးပို့

မြန်မာနိုင်ငံက တရားရုံးတွေရဲ့ ချို့ယွင်းချက်များ၊ ရဲစခန်းများမှာ တရားခံများကို ပြုမှုဆောင်ရွက်ပုံတွေ၊၊ ရဲသတင်းတပ်ဖွဲ့ရဲ့ တရားဥပဒေမဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွတ်တော် ဆပ်ကော်မတီလေးရပ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းများ ကို အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့က အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ နေ့စွဲနဲ့ ပေးပို့လိုက်ပါတယ်။

ဒီစာကို ပေးပို့ရာမှာ ၂၀၁၀ခုနှစ် ရန်ကုန်သင်္ကြန် X20 မဏ္ဍပ်ဗုံးခွဲမှုနဲ့ စွပ်စွဲပြီး အဖမ်းခံရတဲ့ ကိုဖြိုးဝေအောင်ရဲ့အမှုကို ဥပမာပေးပြီး ပေးပို့တာဖြစ်ပြီး၊အိတ်ဖွင့်ပေးစာနဲ့ ပက်သက်လို့ အာရှလူ့အခွင့်အရေးအဖွဲ့က ရှေ့နေဦးမင်းလွင်ဦးက အခုလိုပြောပါတယ်။

“အိတ်ဖွင့်ပေးစာမှာကတော့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရားရုံးတွေမှာ အမှုစစ်ဆေးတဲ့အခါ မျှတမှန်ကန်မှုမရှိတာတွေ နောက်ပြီးတော့တစ်ခါ ကိုဖြိုးဝေအောင်အနေနဲ့ အမှန်တရားအတွက် ဖွေရှာတဲ့အခါမှာ ထိုက်သင့်တဲ့တရားမျှတမှုကို ခံစားခွင့်မရှိပဲနဲ့ ဆုံးရှုံးခဲ့တယ်ဆိုတာတွေကို ဖော်ပြပြီးတော့ ကျနော်တို့ လွတ်တော်ဆိုင်ရာ အဖွဲ့အစည်းလေးခုရယ် နောက်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးရယ်ကို ကျနော်တို့ပေးပို့ပါတယ်”

ကိုဖြိုးဝေအောင်ရဲ့အမှုကို နိုင်ငံတော်ပုန်ကန်မှု၊ ဗုံးခွဲမှုတွေနဲ့စွပ်စွဲပြီး အပြစ်ဒဏ်ချမှတ်ထားတာဖြစ်ပြီး ဒီအမှုဟာမကျူးလွန်ပါဘဲ အပြစ်ပေးခံရတဲ့အမှုဖြစ်တယ်လို့ဆိုပါတယ်။

ဒီအမှုအတွက် အယူခံထားတဲ့ တရားရုံးက ကိုဖြိုးဝေအောင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတဲ့နောက်၊ နိုင်ငံတော်သမ္မတရဲ့အမိန့်ကို မထိခိုက်စေဘဲ အမှုကိုမူလဆုံးဖြတ်ထားတဲ့အတိုင်း အဆုံးအဖြတ် အတည်ဖြစ်တယ်ဆိုပြီး ချမှတ်လိုက်တာကြောင့် အမှုမှန်ပ်ါပေါက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

အာရှလူ့အခွင့်အရေးအဖွဲ့က တရားရုံးများအနေနဲ့ ကွယ်လွန် သွားပြီဖြစ်တဲ့ ကိုဖြိုးဝေအောင်ဟာ မကျူးလွန်တဲ့ပြစ်မှုအတွက် အပြစ်ပေးခံရသူဖြစ်ပြီး သူရဲ့အမည် သန့်သန့် ရှင်းရှင်းဖြစ်အောင် ဆောင်ရွက်ပေးသင့်ကြောင်း ပြန်လည် စီစစ်မူတွေ ပြုလုပ်သင့်ကြောင်းစသဖြင့် တောင်းဆိုထားပါတယ်။

RFA

ပါးစပ်အငှားဘ၀ရောက်ရှိနေရတဲ့ ပြန်ကြားရေး ဒုဝန်ကြီး (သို့ ) သမ္မတရဲ့  ပြောရေးဆိုခွင့်ရှိသူ ရဲထွဋ် သိစေဖို့ 

ယခုခေတ် သမ္မတဖြစ်နေတဲ့ သိန်းစိန် ၀န်ကြီးချူပ်ဖြစ်ခဲ့တဲ့ လက်ထက်မှာလည်း အာဏာရှင်တို့ ရဲ့ ယုတ်မာတဲ့လုပ်ရပ်အတိုင်း အတိုက်အခံအင်အားစုတွေနဲ့  ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထု တိုင်းရင်းသားတွေအပေါ်လိမ်လည်စွပ်စွဲ ဖန်တီးလုပ်ကြံတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်ဆိုတာ မကြာခင်ကမှ သေဆုံးခဲ့တဲ့ ကိုဖြိုးဝေအောင်ရဲ့  အဖြစ်အပျက်က သက်သေပြခဲ့ပါတယ်။

၂၀၁၀ ခုနှစ်၊ ဧပြီလ (၁၅)ရက် ၊ သကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှု X20 သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့  ပတ်သက်ပြီး အထောက်အထား ခိုင်လုံမှု မရှိဘဲ မတရားစွပ်စွဲကာ ကိုဖြိုးဝေအောင်ကို ရဲချုပ်ဟောင်း (ယခုလက်ရှိ လ၀က၀န်ကြီး) ခင်ရီတို့ က ထောင်သွင်း အကျဉ်းချခဲ့တယ်၊ ညဉ်းပမ်းနှိပ်စက်မှုခဲ့တယ်၊ သေဒဏ် ချမှတ်ခဲ့ပါတယ်၊ နောက်ဆုံး ကိုယ်ခန္ဓာအောက်ပိုင်းသေပြီး အသည်းကင်ဆာရောဂါဝေဒနာရရှိတဲ့အချိန် အခြေအနေမကောင်းတော့မှ ပြန်လွှတ်ပေးခဲ့တယ်။ အပြစ်မဲ့တဲ့ ကိုဖြိုးဝေအောင်ခမြာ နောက်ဆုံး ဒီဒဏ်ရာဒဏ်ချက်တွေနဲ့  ဘ၀ကူးပြောင်းသွားခဲ့ရတယ်။

မြန်မာနိုင်ငံမှာ ဗုံးပေါက်ကွဲမှုဖြစ်တိုင်း အာဏာရှင်လူယုတ်မာတွေဟာ လုပ်ကြံစွပ်စွဲမှုတွေလုပ်လိုက်၊ အစီအစဉ်ကျကျ ယုတ္တိရှိအောင် အဖက်ဖက်က ဖန်တီးပြင်ဆင်လိုက်၊ သတင်းစာရှင်းလင်းပွဲတွေ ရုပ်ရှင်ရိုက်ပြသလို ဇာတ်လမ်းဇာတ်ကွက်တွေ ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့  ပြသပြောဆိုလိုက်နဲ့  နှစ်တိုင်း အကယ်ဒမီဆုရသင့်တဲ့ အာဏာရှင်အုပ်စုတို့ ရဲ့  လုပ်ရပ်က ခေတ်အဆက်ဆက် မရိုးနိုင်သော ဆောင်ရွက်မှုတွေပါဘဲ။ ဒီလိုမျိုး လုပ်ရပ်တွေ ဖန်တီးလုပ်ကြံဖို့ ဆောင်ရွက်လို့  ရအောင်များ၊ ဗုံးပေါက်ကွဲမှုတွေ ဒဏ်ရာရသူတွေ အသက်သေဆုံးနေကြတဲ့သူတွေရဲ့  ဓါတ်ပုံတွေပြသလို့ ရအောင်များ၊ သတင်းထုတ်ပြန် လိမ်ညာမှုတွေ ပြောဆိုလို့ ရအောင်များ အာဏာရှင်တွေကိုယ်တိုင်က ဗုံးပဒေသာတွေ ဝေေ၀ဆာဆာဖြစ်အောင် လုပ်နေသလားလို့  များစွာ သံသယရှိဖွယ် ဖြစ်နေခဲ့ပါပြီ။

ဗုံးပေါက်ကွဲတဲ့နေရာမှာလည်း မရှိ၊ မည်သည့်ခိုင်လုံသော သက်သေအထောက်အထားမှတ်တမ်းမှလည်း မရှိ၊ တရားဥ့ဒေအရလည်း ချေပပိုင်ခွင့် ဖြေရှင်းပိုင်ခွင့်မရှိဘဲ တစ်ဖက်သတ် စစ်ဆေးညဉ်းပမ်း အတင်းအဓမ္မ ၀န်ခံခိုင်း၊ အဆင့်သင့်ရိုက်ထားတဲ့ လိုရာဆွဲသုံးတဲ့ စာသားတွေကို ခြိမ်းခြောက်လက်မှတ်ထိုးခိုင်းပြီး ဗုံးပေါက်ကွဲမှု အစရှိတဲ့ အာဏာရှင်တို့ ရဲ့  လုပ်ကြံမှုမှာ တရားခံဖြစ်အောင် တရားခံရှာမှုမှာ တန်ဆာခံဖြစ်ကြရတဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူလူထု တိုင်းရင်းသားအပေါင်းတို့ ရဲ့ ဘ၀ဒုက္ခတွေထဲက ကိုဖြိုးဝေအောင်ကဲ့သို့ သော ဗုံးပေါက်ကွဲမှုအဖြစ်အပျက်တစ်ခုနဲ့ ပတ်သက်ပြီး မတရားစွပ်စွဲခံရ ဖန်တီးလုပ်ကြံခံရ ဇာတ်လမ်းဆင် ရှင်းလင်းတဲ့ အာဏာရှင်အုပ်စုရဲ့  သတင်းစာရှင်းလင်းပွဲမှာ တရားခံ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတဲ့ အဖြစ်တစ်ခုကို ပြန်လည် ဖေါ်ပြလိုက်ရပါတယ်။

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့  သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုနဲ့  ပတ်သက်ပြီး မတရားစွပ်စွဲဖမ်းဆီးခြင်းကို ခံခဲ့ကြရတဲ့ လူငယ် (၄) ဦးဖြစ်တဲ့ ကိုသန်းဇော်၊ ကိုမိုးကျော်သူ၊ ကိုညီညီဦးနဲ့  ကိုမိုးသီဟတို့ ရဲ့  အဖြစ်အပျက်မှန် ဖြစ်ပါတယ်။ ဒီ လူငယ် လေးဦးကို စတင်စွပ်စွဲပြီး ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ)၊ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အဖွဲ့ ဝင်တွေအပါအ၀င် စုစုပေါင်း (၁၆) ယောက်ကို ဇတ်လမ်းဆင် အမှုတွဲထဲမှာ ဆွဲထည့်ခဲ့ပါတယ်။ တစ်ဖက်သတ် စီရင်ချမှတ်ချက်တွေနဲ့ သေဒဏ်အမိန့် တွေ ပေးခဲ့ပါတယ်။

ဒီလိုမျိုး ပေါက်ကွဲမှုတွေမှာ အာဏာရှင်အုပ်စုဟာ လုပ်ကြံဖန်တီး စွပ်စွဲဖမ်းဆီး ညဉ်းပမ်းနှိပ်စက် အဓမ္မ၀န်ခံခိုင်းကာ တရားခံဘ၀ကိုရောက်ခဲ့ကြရတဲ့ X20 သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာ ကိုဖြိုးဝေအောင်ဟာ တရားခံမဟုတ်ဖူးဆိုတာ အများပြည်သူလူထုက သိရှိခဲ့ကြပါတယ်။ ထိုကဲ့သို့ ဘဲ ၁၉၈၉ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့  သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုနဲ့  ပတ်သက်ပြီး မတရားဖမ်းဆီးခံခဲ့ရသူဟာ တရားခံမဟုတ်သလို စွပ်စွဲခံရတဲ့ထဲက တစ်ဦးဖြစ်တဲ့ ကိုမိုးသီဟဟာလည်း သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုမှာ ပါဝင်ဖို့ နေနေသာ မြန်မာပြည်တွင်းမှာတောင် မရှိခဲ့ဖူးဆိုတာကို ကာယကံရှင် ကိုမိုးသီဟကိုယ်တိုင် တရားဝင် ပြန်လည်ဖြေရှင်းခဲ့လို့  အာဏာရှင်အုပ်စုရဲ့  လိမ်ညာမှုကြီးဟာ ရှက်ဖွယ်ကောင်းလောက်အောင် ဖြစ်သွားပါတယ်။

အာဏာရှင်စစ်အုပ်စုဟာ သတင်းစာရှင်းလင်းပွဲလုပ် နိုင်ငံရေးအမြတ်ထုတ် ၀ါဒဖြန့် ချီမှိုင်းတိုက်ရရင်ပြီးရော တရားခံအမည်တပ်ဖို့ သာ လုပ်တာမို့  သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုအကြောင်း သတင်းစာရှင်းလင်းပွဲကြီးဟာ လုပ်ကြံဇာတ်လမ်းကြီး ဖြစ်နေမှန်း ပေါ်လွင်သွားပါတယ်။ အမည်ဆွဲထည့်ခံရတဲ့ ကိုမိုးသီဟဟာ ၁၉၈၉ ခုနှစ်၊ ဧပြီလကတည်းက မြန်မာ – ထိုင်းနယ်စပ်ဒေသကို ရောက်ရှိနေပြီးဖြစ်ပြီး၊ သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုအချိန်မှာ လုံးဝ မရှိသလို၊ ဒီပေါက်ကွဲမှုကိုလည်း အာဏာရှင်စစ်အုပ်စုရဲ့  သတင်းစာရှင်းလင်းပွဲလုပ်လို့  အမည်ပါလာမှ သိရတာ ဖြစ်ပါတယ်။

သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုနဲ့  ပတ်သက်လို့ လည်း မတရားစွပ်စွဲဖမ်းဆီးစစ်ဆေးခံရတဲ့ အပြစ်မဲ့လူငယ်တွေထဲက တစ်ဦးကလည်း နောက်ပိုင်းမှ အဖြစ်မှန်ကို ဒီလို ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

“ကျွန်ုပ်သည် ၎င်းဗုံးကိစ္စတွင် လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း အချိန်နေရာ၊ သွားလာလှုပ်ရှားမှု အတိအကျကို အထောက်အထား ခိုင်လုံစွာဖြင့် သက်သေ သက်ကာယများ ခိုင်လုံစွာဖြင့် မည်မျှပင် ထပ်တလဲလဲ ပြောပြသော်လည်း ကျွန်ုပ်ကို စစ်ဆေးနေသော ထောက် လှမ်းရေးများသည် အတင်းအဓမ္မပင် ဗုံးခွဲသည်ဟု ရိုက်နှက် ထိုးကြိတ်၍ ဝန်ခံခိုင်းသည်။ ၎င်းတို့ ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်မှုများထဲတွင် နှစ်ရက်တိတိ အစာမကျွေး၊ ရေမတိုက်ခြင်း၊ ဦးခေါင်းကို လုံးပတ် တကျပ်လုံးရှိ တုတ်ထိပ်ဖျားဖြင့် အချက်ပေါင်း မြောက်မြားစွာ ရိုက်ခြင်း၊ မတ်တတ်ရပ် ခြေကားပြီး ဒူးကို ကွေးခိုင်း၊ခြေဖျားထောက်ပြီး ခြေဖနောင့်အောက် တွင် အပ် ထောင်ထားခြင်း၊ နှစ်ရက်တိတိ မတ်တတ်ရပ်ခိုင်းခြင်းနှင့် ကျွန်ုပ်၏ လိင်တံကို တုတ်ဖြင့် ရိုက်နှက်ခြင်းတို့မှာ ကျွန်ုပ်အတွက် အရှင်လတ်လတ် ငရဲခန်းသို့ ရောက်နေသလို ခံစားရပါတယ်။

ကျွန်ုပ် ထပ်တလဲလဲ သက်ဆိုင်ရာများကို ပြောပါသည်။ သန်လျင် ရေနံချက်စက်ရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် ကျွန်ုပ်တို့ လုံးဝ မပါဝင် မပတ်သက်ကြပါ။ တရားခံ အစစ်အမှန်ကို ကြိုးစားပြီး စုံစမ်း ထောက်လှမ်းကြပါ။ ကျွန်ုပ်တို့မှာ တရားခံ အစစ်အမှန်များ လုံးဝ အလျဉ်းမဟုတ်သည့်အတွက် ကျွန်ုပ်တို့လည်း နစ်နာသည်။ မြန်မာနိုင်ငံ ထောက်လှမ်းရေးအဖွဲ့ အရှက်တကွဲ ဖြစ်မယ်။ ကျွန်ုပ် တိုင်းပြည်ကို အလွန်ချစ်ပါသည်။ ရေနံချက်စက်ရုံကြီး ပေါက်ကွဲသွားအောင်နှင့် တခြား ပြည်သူလူထု နစ်နာစေမည့် အဖျက်လုပ်ငန်းများကို ဘယ်တော့မှ လုပ်ဆောင်မည် မဟုတ်ကြောင်း လှိုက်လှိုက်လှဲ လှဲ ကျွန်ုပ်၏ ရင်တွင်းမှ ခံစားချက်များကို သေချာဂဏစွာ ပြောပြပါသော်လည်း ရိုက်နှက်၍သာ အတင်းဝန်ခံခိုင်းနေပါသည်။

၁ဝ ယောက်လောက်က ကျွန်ုပ်ကို ၀ိုင်းရိုက်တယ်။ နံကြားထဲကို လက်သီးနဲ့ ထိုးတဲ့သူက ထိုးတယ် (ကျွန်ုပ်ကို အဲဒီအချိန်က မျက်နှာကို အဝတ် မစည်းထားဘူး) ကျွန်ုပ် ခွေ လဲသွားတယ်၊ လက်ထိပ်ကို နောက်ပြန်ခတ်ထားတယ်။ ကိုယ်ကိုလည်း လက်ထိပ် အပြင် ထပ်ပြီး ကြိုးနဲ့တုပ်ထားတယ်။ နာကြည်းမှု၊ ဝမ်းနည်းမှု၊ ဒေါသဖြစ်မှု၊ ပြန်လည်တုံ့ပြန်လိုမှု မခံမရပ်နိုင်ဖြစ်မှု၊ စိတ်ကြေကွဲ ယူကျုံးမရဖြစ်မှု စတာတွေဟာ ရောယှက်ပြင်းထန်စွာ ပေါက်ကွဲနေစဉ်မှာပဲ ကျွန်ုပ် အကြံတခု ရလာတယ်။ (ကျွန်ုပ်နှင့် ပတ်သက်သည်ဟု ယူဆပြီး ဖမ်း ဆီးထားသူတွေလည်း အယောက် ၂ဝ ကျော်နေပြီ) အဲဒါက ကျွန်ုပ်မဖြတ်ရင် ဒီကိစ္စပြီးမှာ မဟုတ်ဘူး။ အားလုံးက အသား အနာမခံနိုင်ကြတော့ဘူး၊ တလေသံတည်း ဖြစ်ကုန်ပြီ ကျွန်ုပ်ဆီမှ ဂိတ်ဆုံးနေပြီး ကျွန်ုပ် တခုခု လုပ်ရတော့မယ်ပေါ့ သေမလား သို့မဟုတ် ပြန်တုံ့ပြန်မလား ဒါပဲ ရှိတော့တယ်။
ကျွန်ုပ် အကောင်းဆုံးဖြစ်မယ်လို့ ယူဆပြီး ပြန်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျွန်ုပ် ခွေပြီး လဲကျသွားတာကို နှစ်ယောက် က ချုပ်ပေးတယ်။ ထိုးကြိတ်လိုက်၊ ရိုက်လိုက်ပေါ့။ ကျွန်ုပ် တခွန်းပဲ ပြောလိုက်တယ်။ “ခင်ဗျားတို့ ဖြစ်ချင်တာ ကျနော် ပြောမယ်” ကျွန်ုပ်ကို ရိုက်နှက်တာ ရပ်သွားတယ်။ သူတို့မျက်နှာတွေ ပြုံးလာတယ်၊ ခက်ထန်နေတာက ကျွန်ုပ်ပေါ့။

ကျွန်ုပ်ကို ဗုံးပေးတဲ့သူက ‘မိုးသီဟ’ ဆိုသူ ကျောက်တံတားမြို့နယ် လမ်း ၄ဝ တွင် နေထိုင်သူ၊ ကျွန်ုပ်က လိပ်စာကို အိမ် နံပါတ်မှ အစ အတိအကျ ပြောလိုက်တယ်။ ၎င်း မိုးသီဟသည် ၁၉၈၉ ဧပြီလ ၁ ရက်နေ့က တောခိုသွားတာက အစပေါ့၊ တနေ့ ကျွန်ုပ်ဆီ ရောက်လာပြီး ဗုံးခွဲရန် လာရောက် ပြောဆိုကြောင်း၊ ကျွန်ုပ်ကလည်း လုပ်ပေးမည်ဟု ပြောပြီး လုပ်ပေး လိုက်ကြောင်းပေါ့၊ ထောက်လှမ်းရေးတွေက ချက်ချင်းပဲ မိုးသီဟ လိပ်စာအတိုင်း သွားဖမ်းတာပေါ့၊ မမိဘူးတဲ့ (ဘယ်မိမှာ လဲ မိုးသီဟက ရှိမှ မရှိတာ၊ သူက တောထဲမှာပဲ။ မရှိတဲ့သူ၊ ဖမ်းလို့ မရမယ့် သူတွေကို ပြောရတာ။ မဟုတ်ဘဲနဲ့ ကိုယ် ပြောလို့ အဖမ်းခံရရင် သမိုင်းပျက်မှာပေါ့၊ သမိုင်းတော့ ဘယ်အပျက်ခံပါ့မလဲ) ထောက်လှမ်းရေးတွေ ပြန်ရောက်တော့ “မင်းပြောတာတွေ ဟုတ်တယ်။ ဒါပေမယ့် ဒီကောင် တောခိုသွားပြီး ကတည်းက အိမ်ကို ပြန်မလာဘူး” တဲ့၊ အိမ်က ဓာတ်ပုံတချို့ကို သိမ်းဆည်းလာပြီး ထောက်လှမ်းရေးတွေက ကျွန်ုပ်ကို ပြတယ်။ မိုးသီဟ အလှရိုက်ထားတဲ့ ပို့စကတ် ဆိုက် အဖြူအမည်းဓာတ်ပုံတွေ၊ ကျွန်ုပ်က “ဟုတ်တယ် အခု သူနဲ့တွေ့တာ ဒီပုံစံအတိုင်းပဲ” ဆိုပြီး အသားနားဆုံး ပုံတပုံ ကို ညွှန်ပြလိုက်တယ်။

ကျွန်ုပ် ထင်ထားသည့်အတိုင်းပဲ နောက်နေ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းတွေထဲမှာ ပါလာပါတော့တာ ပါပဲ။ တကမ္ဘာလုံး သိကုန်ပြီပေါ့ ဒီသတင်းက အမှန်လား အမှားလား တကယ်လား လံကြုပ်လားဆိုတာ ဘန်ကောက် သတင်းစာရှင်းလင်းပွဲက အဖြေပေးလိုက်တယ်။ မိုးသီဟက နိုင်ငံတကာ သတင်းထောက်တွေ သတင်းစာဆရာတွေကို ကျွန်ုပ်တို့ မဟုတ်ကြောင်း၊ NLD ကို သိက္ခာချခြင်း ဖြစ်ကြောင်းပေါ့” ဟု ကိုသန်းဇော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – လူငယ်) က နောက်ပိုင်းအချိန်ကာလ၌ ရှင်းလင်းပြောဆိုမှုအရလည်း သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုတွင် မည်သည့် ကျောင်းသားလူငယ် နိုင်ငံရေးပါတီအဖွဲ့ အစည်းဝင်မျှ မပါရှိသည်ကို သိသာထင်ရှားလှပေသည်။

ဒီလို ကာယကံရှင်တွေကိုယ်တိုင် ခိုင်ခိုင်မာမာ ဖြေရှင်းမှုတွေပေါ်ထွက်လာပြီးတဲ့နောက်မှာ သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုကိစ္စမှာ အပြစ်မဲ့တဲ့ လူငယ် (၁၆) ဦးဟာ မတရားစွပ်စွဲ ဖမ်းဆီးခံရပြီး သေဒဏ်တွေ တစ်သက်တစ်ကျွန်းတွေ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ယခင့်ယခင်ခေတ်တွေကတည်းက အဆိုပါအဖြစ်အပျက်တွေဖြစ်တဲ့ ဗုံးပေါက်ကွဲမှုတွေ စက်ရုံတွေ အလုပ်ရုံတွေ မီးရထားတွေ ဘူတာရုံတွေ စသဖြင့် ဘယ်နေရာမှာဘဲဖြစ်ဖြစ် တရားခံလို့  ဖမ်းဆီးခံရသူတွေကတော့ သတင်းစာရှင်လင်းပွဲတွေမှာ ပါလာလေ့ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ပါတီဝင်တွေ၊ ABSDF KNU NCGUB အစရှိတဲ့ အာဏာရျင်စနစ်ကို တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့  အဖွဲ့ ဝင်တွေချည်းဘဲ ထပ်ခါတလဲလဲ ဖြစ်နေတာဟာ ဓါတ်ပြားဟောင်းကြီးကို မရိုးနိုင်အောင် ဖွင့်ဖွင့်ပြနေတဲ့ အာဏာရှင်အုပ်စုရဲ့  လုပ်ကြံဖန်တီးမှုဇာတ်လမ်းချည်းဘဲ ဖြစ်နေတာပါဘဲ။ ယခုခေတ်မှာတော့ KIO KIA တွေ လက်ချက်လို့  တံဆိပ်ကပ်နေတဲ့ ပေါက်ကွဲမှုတွေ ဖန်တီးလုပ်ကြံ ၀ါဒဖြန့် သတင်းထုတ်လွှင့်နေမှုနဲ့  ပုံစံတူပါဘဲ။

ဒီလို မြန်မာပြည်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ဖြစ်နေ၊ မတရားဖမ်းဆီးစွပ်စွဲမှုတွေ လုပ်နေ၊ သတင်းထုတ်ပြန် လုပ်ကြံဖန်တီးမှုတွေ ရှိနေတာတွေ ကြည့်ရင် တကယ့်တရားခံဟာ ဘယ်သူလည်းဆိုတာ သုံးသပ်ကြည့်ရင် အာဏာရှင်အုပ်စုလက်ချက်ဘဲဆိုတာ ပေါ်လွင်စေပါတယ်။ အာဏာအကျိုးစီးပွားအတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ယုတ်မာတဲ့ စိတ်ဓါတ်နဲ့  ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ် ပျက်ပြားအောင် ရက်ရက်စက်စက်နဲ့  ဗုံးတွေကိုယ်တိုင်ထောင် ကိုယ်တိုင်ခွဲပြီး သတင်းဝါဒဖြန့် နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်နေတဲ့ အာဏာရှင်စစ်အုပ်စုလက်ချက်ဆိုတာ အရင်းစစ် အဖြေရှာကြည့်ရင် သိသာပါတယ်။

၂၀၁၀ ခုနှစ်၊ ဧပြီလ (၁၅)ရက် ၊ သကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှု X20 သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုဖြစ်ပျက်မှုနဲ့  ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့  သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုတွေကို ကြည့်ရင် အာဏာရှင်စစ်အုပ်စုရဲ့  ယုတ်မာလွန်းလှသော လုပ်ရပ်ဆိုတာ သိရှိနိုင်ပါတယ်။

ဒီအတွက် လက်ရှိ ရွှေမန်း သိန်းစိန် မင်းအောင်လှုငိတို့ နဲ့  ၄င်းတို့ ရဲ့  ပါးစပ်အငှားဘ၀ရောက်ရှိနေရတဲ့ ပြန်ကြားရေး ဒုဝန်ကြီး (သို့ ) သမ္မတရဲ့  ပြောရေးဆိုခွင့်ရှိသူ ရဲထွဋ် (ကျော်ဆန်းထက် အလိမအညာ သာနိုင်မယ်ထင်လို့  နေရာပေးခံရသူ) သိစေဖို့ က ဓါတ်ပုံတွေနဲ့ ဖေါ်ပြနိုင်တိုင်း သတင်းစာရှင်းလင်းပွဲ လုပ်နိုင်တိုင်း၊ အရပ်သားတွေ ထိခိုက်စေတိုင်း အာဏာရှင်စစ်အုပ်စုက လုပ်တာမဟုတ်ဖူးလို့  ပြောရဲပါသလား။ အာဏာရှင် သက်ဆိုးစေရှည်ဖို့  အချင်းချင်းလည်း ဖြုတ်ထုတ်သတ်လုပ်တယ်၊ ပြည်သူလူထု သေကြေအောင်လည်း ဗုံးထောင်မိုင်းခွဲပြီး တော်လှန်ရေးအင်အားစု အတိုက်အခံတွေ လုပ်သလို လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေ လုပ်သလိုနဲ့  စွပ်စွဲဖမ်းဆီး ၀ါဒဖြန့်  ယုတ်မာခဲ့တယ်ဆိုတာ သမိုင်းဖြစ်ရပ်တွေ ရှိတယ်ဆိုတာ ပြောကြားလိုက်ပါတယ်။

ဘဂုံးနားရွာသို့ရခိုင်အစွန်းရောက်များလာရောက်၍တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ကြိုးစား

မောင်တော ။ ။ ယနေ့ နံနက် ၁၀ နာရီခွဲခန့် တွင် မောင်တောမြို့ပေါ်မှ ရခိုင်အစွန်းရောက် ၁၅ ဦးခန့်တို့ သည် ရဲအရာရှိ အချို့တို့နှင့် အတူဘဂုံးနားရွာသို့ လာရောက်ပြီး ရခိုင်လူမျိုးအလောင်း ၂ လောင်းကို ဘဂုံးနားဈေး တွင်ထားခဲ့သည်။ ထိုအလောင်း ၂ လောင်းကို ၎င်းတို့သယ်ယူလာခြင်းဖြစ်သည်။ ထိုသို့ ပြု လုပ် ရခြင်း မှာ အသိဥာဏ်မဲ့သူများ အထင်အမြင်လွှဲပြီး အကြမ်းဖက်မှုတစ် ခုဖြစ်ပေါ် လာစေ ရန်ကြိုတင် ကြံရွယ်၍ပြုလုပ်ရခြင်းဖြစ်သည်။

“ရွာသားတွေက နယ်မြေနစက လုံခြုံရေးတာဝန် ယူထားတဲ့ နယ်မြေ (၇) မကြီးစခန်းက ဗိုလ်ကြီးမျိုး ထိုက်အောင် ကိုအကြောင်းကြား တယ်လို့ကြားတယ်။ ရွာသားတွေပြောတဲ့ အတိုင်းဆိုရင် ဗိုလ်ကြီးမျိုး ထိုက်အောင်က အခင်းဖြစ်တဲ့နေ ရာကိုလိုက်လာတယ်။ ပြီးတော့ အခြေအနေ အားလုံး ကြိုးစားပြီးတည် ငြိမ်အောင် လုပ်သွားမယ်လို့ ပြောတယ်။ အဲဒီအလောင်းတွေကိုလည်း ရခိုင်အစွန်းရောက်တွေယူလာ တယ်ဆိုတာ သူသိတယ်လို့ ပြောတယ်။ ဒါပေမယ့်လည်း ရွာသားတွေ ကတော့အမှန် တ ကယ်ကြောက် နေကြ တယ်။

ရခိုင် အစွန်းရောက် ကတော့ပြဿနာ ရှာဖို့ကြိုးစားတဲ့နေရာမှာ အခုထိ ရှိနေတုန်းဘဲ။ ရခိုင် အ စွန်း ရောက် တွေနဲ့ ရဲတွေ က (မှတ်ချက်။ မောင်တော တွင် ရှိသည့် ရဲတပ်ဖွဲ့ဝင် အများစုမှာ ရခိုင်လူမျိုး များဖြစ် သည်) ရွာ တစ်ခု လုံးအေး ချမ်းနေ တာကိုမလိုလားတဲ့ အပြင် ရခိုင်ပြည်နယ် တစ်ခု လုံး တည်ငြိမ်အေး ချမ်းနေတာ ကိုမလိုလားဘူး။ အဲဒါကြောင့်ပြဿ နာဖြစ်အောင်ကြိုးစား လုပ်ယူနေတယ်။ ရိုဟင်ဂျာတွေကို ဒုက္ခပေးဖို့ ကိုယ့်လူမျိုးရဲ့ အလောင်းကိုတောင် တိရိစ္ဆာန်လိုအသုံးချတယ်။ သူတို့ အားလုံး က အခု အသစ်ခန့်ထားတဲ့ ရွာအုပ်ချုပ်ရေးမှူး ဦးဘထွန်းအောင်နဲ့ ပူးပေါင်းပြီးလုပ်တာပါ။ ဦးဘထွန်းအောင် ကတော့ ဘင်္ဂလားဒေ့ရှ် က ရခိုင်ဖြစ်ပြီး ၁၉၇၀ ခုနှစ်နောက်ပိုင်းမှာ ကန်သာယာရွာမှာ လာပြီး အခြေ ချတာပါ” ဟုဘဂုံးနားရွာအနီး မှဒေသခံတစ်ဦးကပြောပါသည်။

တည်ငြိမ်အေး ချမ်းနေသောနေ ရာများတွင် ရခိုင်အစွန်းရောက်များက အကြမ်း ဖက်မှုများဖြစ်ပေါ် လာရန် ယခုကဲ့သို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ ထိုသို့ပြုလုပ်ရခြင်းမှာလည်း ရည်ရွယ် ချက်နဲ့ လုပ်ဆောင်ခြင်း သာဖြစ်သည်။ မြန်မာနိုင်ငံ အတွင်းမှ ခွဲထွက်ရန်ကြိုးစားနေ သည့်အတွက် ရခိုင် ပြည် နယ်မငြိမ်မ သက်များ များဖြစ်မှသာ ၎င်းတို့ရည်ရွယ် ထားသည့် လုပ်ငန်းများ အကောင် အထည် ဖော် ရန် လွယ် ကူမည်ဖြစ်သောကြောင့်ဖြစ်သည်။

M.S. Anwar
RB News

ဒေါက်တာ ဆိတ်ဖွားအတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့

လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတဲ့ “ဥပဒေရဲ့ အထက်မှာ လွှတ်တော် ရှိသလား” ခေါင်းစဉ်နဲ့ အွန်လိုင်း ဘလော့ဂ်စာမျက်နှာတခုမှာ ရေးသားသူ ကလောင်အမည် ဒေါက်တာ ဆိတ်ဖွား ဆိုသူကို စုံစမ်းဖော် ထုတ်ဖို့ ကော်မရှင်တရပ် မကြာမီ ဖွဲ့စည်းပါတော့မယ်။

ဒေါက်တာ ဆိတ်ဖွား ရေးထားတဲ့ အထဲမှာ သမ္မတ၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား တင်းမာမှုဖြစ်ခဲ့ရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စနဲ့ ပတ်သက်ပြီး ရေးသားထားပါတယ်။ ခုံရုံးကိစ္စ လွှတ်တော်က အတည်ပြုထားတာကို ပြန်လည်သုံးသပ်ဖို့ သမ္မတက သ၀ဏ်လွှာ ပေးပို့ခဲ့ပေမယ့် လွှတ်တော်က ပယ်ချပြီး ယခင်အတိုင်းပဲ ပြန်လည် အတည်ပြုလိုက်တဲ့ အပေါ်မှာ ဒေါက်တာ ဆိတ်ဖွားဆိုသူက ဝေဖန်ထားတာပါ။

သမ္မတရဲ့ သဘောထား မှတ်ချက်ကို ပယ်ချလိုက်တာဟာ လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလေးစားတာ ဖြစ်တယ်။ “အခြေခံဥပဒေက မည်သို့ပင်ဆိုစေကာမူ လွှတ်တော်ဥက္ကဋ္ဌများနှင့် အပေါင်းပါများက လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်” လို့ ဒေါက်တာ ဆိတ်ဖွားက ရေးထားပါတယ်။

“လွှတ်တော်ဥက္ကဋ္ဌများနဲ့ အပေါင်းပါများ ဆိုတဲ့စကားက လွှတ်တော်နဲ့ ကိုယ်စားလှယ်တွေကို စော်ကားရာရောက်ပါတယ်၊ ဒီမိုကရေစီ နည်းလမ်းအရဆိုပြီး ဒီလိုစည်းမဲ့ကမ်းမဲ့ ရေးချင်တိုင်းရေးတာကို မပြောလိုပေမယ့် လွှတ်တော်ကို ပြည်သူတွေက တမျိုးမြင်မှာစိုးလို့ အခုလိုလုပ်ရတာပါ” လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။

အဆိုတင်သွင်းသူ လွှတ်တော်အမတ် ဒေါက်တာ စိုးရင်က အရေးကြီးအဆို တင်သွင်းရာမှာတော့ “ဒေါက်တာ ဆိတ်ဖွားရဲ့ ဝေဖန်ရေးသားချက်ဟာ မိမိတို့ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်များနှင့် လွှတ်တော် ကိုယ်စားလှယ်တွေကို စော်ကားထားတာ ဖြစ်တယ်၊ အဲဒီ စော်ကား ရေးသားချက်ကို ကိုယ်စားလှယ်များက မခံမရပ်နိုင် ဖြစ်နေကြတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူပေးရန် တောင်းဆိုလာကြောင်း၊ ဒါကြောင့် အရေးယူနိုင်ဖို့ စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့ဖို့ ပြည်ထောင်စုလွှတ်တော်၌ အရေးကြီး အဆိုတင်ပါကြောင်း” ဖြင့် အဆိုတင်သွင်းပါတယ်။

ဒေါက်တာ စိုးရင်ဟာ လွှတ်တော်ဆိုင်ရာ အခွင့်အရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် အများစုကတော့ ဒီအဆိုကို ထောက်ခံကြပါတယ်။ စစ်တပ် ကိုယ်စားလှယ် အများစုကတော့ သမ္မတရဲ့ သဘောထား မှတ်ချက်ကို ထောက်ခံထားတဲ့သူတွေ ဖြစ်လို့ ဆိတ်ဖွား ကိစ္စကို မထောက်ခံကြပါဘူး။

အဲဒီအဆိုကို ထောက်ခံမဲ ၃၇၄ မဲ၊ ကန့်ကွက်မဲ ၁၅၄ မဲ၊ ကြားနေ ၄၂ မဲနဲ့ အဆိုက အောင်မြင်သွားပြီး ဒေါက်တာ ဆိတ်ဖွား စုံစမ်းရေးကော်မရှင် တရပ်ဖွဲ့ဖို့ လွှတ်တော် နာယက က အတည်ပြုပေးလိုက်ကြောင်းနဲ့ မကြာခင်ဖွဲ့စည်း စုံစမ်း ဖော်ထုတ်တော့မယ်လို့ ကိုယ်စားလှယ်တွေက ဧရာဝတီကို ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကချင်ဒေသက စစ်ပွဲအခြအနေတွေနဲ့ တခြား အရေးကြီးတဲ့ ကိစ္စတွေကို မဆွေးနွေးကြဘဲ ဘယ်သူ ဘယ်ဝါမှန်း မသိတဲ့ သူတယောက်က အင်တာနက်ပေါ်မှာ မိမိထင်မြင်ချက်ကို လွတ်လပ်စွာ ရေးသားတာကို လွှတ်တော်မှာ အရေးကြီး အဆိုတင်တဲ့ ကိစ္စအပေါ်မှာလည်း ဝေဖန်မှုအမျိုးမျိုး ထွက်နေတယ်။

ကိုယ်စားလှယ်တွေ အပြောအရတော့ ဆိတ်ဖွားရဲ့လုပ်ဆောင်ချက်ဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်မှု တခုသာဖြစ်ပြီး ၎င်းဘယ်သူဆိုတာ ခန့်မှန်းသိထားတဲ့အတွက် အခုလို အဆိုတင်တာလို့ ပြောကြပါတယ်။

“ခုံရုံးကိစ္စတွေ ပြောဆိုကတည်းက ဆိတ်ဖွား ဘယ်သူဆိုတာ သိတဲ့သူတွေရှိမှာပါ၊ ဒီကိစ္စတခုတည်း မဟုတ်ပါဘူး။ အရင်ကလည်းပဲ လွှတ်တော်ကို ဝေဖန်ပုတ်ခတ် ပြောဆို ရေးသားထားတာတွေ ရှိလို့ အဆိုတရပ်တင်ဖို့ ဖြစ်လာရတာပါ” လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

လသာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်ကလည်း ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ သိထားတွေ ရှိကောင်းရှိနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကော်မရှင်အနေနဲ့လည်း စုံစမ်းဖော်ပြီးရင်တောင် လူသိရှင်ကြား ထုတ်ဖော်ကြေညာမှာ မဟုတ်ဘဲ နောင်ဆက်လက် မလုပ်ဆောင်ဖို့ သတိပေးရုံပဲ လုပ်ဆောင်မယ်လို့ ထင်မြင်ကြောင်း ရှင်းပြပါတယ်။

“ဒေါက်တာ ဆိတ်ဖွား ဘယ်သူဆိုတာကို ဖော်ထုတ်မိရင်တောင်မှ သိုသိုသိပ်သိပ်နဲ့ပဲ ဒီကိစ္စက ပြီးသွားမှာပါ” လို့ ဦးကြည်မြင့်က ဆိုတယ်။

အင်တာနက်ပေါ်မှာ မိမိတို့ ထင်မြင်ချက်ကို လွတ်လပ်စွာ ရေးသားနေတဲ့ ဘယ်သူ၊ ဘယ်ဝါမှန်း မသိတဲ့သူကို ဒီလောက်အထိ အကဲဆတ်နေတာဟာ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက လွှတ်တော်အပေါ် ပြင်းထန်တဲ့ ဝေဖန်ရေးသားမှုမျိုးတွေ မလုပ်ရဲအောင် ကြိုတင်ဟန့်တား လိုတာကြောင့်လို့ တချို့က ယူဆကြပါတယ်။ အလားတူ ဒေါက်တာ ဆိတ်ဖွားလိုမျိုး ရေးသားဝေဖန်နေတဲ့ ပြည်တွင်းက မီဒီယာတချို့ကိုပါ တဖက်လှည့်နဲ့ သတိပေးချင်တဲ့ အတွက်လို့ ယူဆကြပါတယ်။

ရန်ကုန်မီဒီယာဂရုပ်ရဲ့ အကြီးအကဲဖြစ်သူ ဦးကိုကို (ကိုကို – စက်မှုတက္ကသိုလ်) ကတော့ ဒေါက်တာ ဆိတ်ဖွား ကိစ္စကို လွှတ်တော်မှာ တရုတ်တရက် အရေးကြီး အဆိုတင်တာဟာ အကဲဆတ်တဲ့ တုံ့ပြန်မှုလို့ မှတ်ချက်ပြုပါတယ်။ ဒါပေမယ့် မီဒီယာတချို့က လွှတ်တော်အပေါ်မှာ ဝေဖန်ထောက်ပြ ရေးသားမှုတွေ လျော့ကျသွားနိုင်သလို အများစုကတော့ လျော့ကျသွားမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“အစိုးရကိုလည်း ဝေဖန် ရေးသားနေကြတာပဲလေ။ ပြောရမယ်ဆိုရင် အစိုးရက လွှတ်တော်ထက် ဝေဖန်မှု ခံနိုင်ရည်ရှိတယ် ပြောရမှာပဲ။ လွှတ်တော်ဟာ အရင်ကလည်းပဲ တုံ့ပြန်မှုတချို့ ရှိခဲ့ပါတယ်” လို့ ဦးကိုကိုက ဆိုပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးကတော့ လွှတ်တော်အနေနဲ့ ဥပဒေကို ကျော်ပြီးလုပ်တာ ဘာမှ မရှိဘူး၊ ဖွဲ့စည်းပုံအတိုင်း လုပ်နေတာချည်းပဲ။ ပြည်သူတွေက ယုံကြည်လို့ ရွေးချယ်ထားတဲ့အတွက် ပြည်သူ့ ဆန္ဒအတိုင်း လုပ်ဆောင်နေကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ၆၀၀ ကျော်ရှိတယ်။ ဒီလူ ၆၀၀ ကျော်ရဲ့ဆုံးဖြတ်ချက်ဟာ ဘယ်တော့မှ မမှားနိုင်ဘူးလို့ ကျနော်ထင်တယ်” လို့ ဦးဝင်းဦးက ဆိုပါတယ်။

ဒေါက်တာ ဆိတ်ဖွားကတော့ လွှတ်တော်ဟာ ခုံရုံးကိစ္စအပြင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သမ္မတရဲ့ သဘောထား မှတ်ချက်ကိုလည်း ပယ်ချကာ လွှတ်တော်တွင်းမဲခွဲ၊ မိမိတို့သဘောနဲ့ အတည်ပြုတဲ့ ကိစ္စဟာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်လို့ ဝေဖန်ထားပါတယ်။

ဧရာဝတီ

အမေရိကန်ပြည်ထောင်စုမှ ပူပေါင်းဖြေရှင်းပေးမည့်အပေါ် သဘောထား ထုတ်ပြန်ချက်


(၁) ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ သည်-၊ မြန်မာနိုင်ငံ ၏ နိုင် ငံရေး ပြုပြင် ပြောင်းလဲမှု တို့အား အစဉ်တစ်စိုက် ကြိုဆိုထောက်ခံခဲ့ပြီး၊ ဒီမိုကရေစီ ဟူသည့် အမည် နာမအား အသုံးပြုလျှက်- နာဇီ ၀ါဒဘက်သို့ ဦးတည်သွားခြင်း၊ ဘာသာရေးအကြမ်းဖက်မှုဆီသို့ ဦးတည် သွားခြင်းနှင့် ဖက်ဒရယ်စနစ်ကို အကြောင်းပြ လျှက် ခွဲထွက်ရေးဘက်သို့ ဦးတည်သွားခြင်း၊ မဟာ လူမျိုးကြီးဝါဒ ဘက်သို့ ဦးတည် သွားခြင်းများကို ပြတ်ပြတ်သားသား ဆန့်ကျင် ခဲ့ပါသည်။

(၂) မြန်မာ့ သမိုင်းစဉ်တစ်လျှောက် ပုဂံ ခေတ်မတိုင် မှီကပင် လူမျိုးစုံ၊ ဘာသာစုံ (ထိုခေတ်က ခရစ်ယာန်၊ အစ္စလာမ် မရောက် ခဲ့သေးသော်လည်း၊ ဘာသာရေး ကိုးကွယ်မှု၌ ဗုဒ္ဓဘာသာ တစ်မျိုးတည်း မဟုတ် ခဲ့) အေး တူ ပူမျှ၊ လွတ်လပ်စွာ အတူနေထိုင်ခဲ့သော မြန်မာနိုင်ငံတော်ကြီးအား- အယူသည်း မျက်ကန်း စစ်အာဏာရှင် လူတစ်စုနှင့် ဘာသာရေးအား နိုင်ငံရေး လက်နှက်အဖြစ် အသုံးပြုသည့် နာဇီဝါဒီ လူတစ် စု၏ ဖျက်ဆီးမှုကြောင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ ပျက်စီးခဲ့ရ သည်ကို လည်း ကြေကွဲ ၀မ်းနည်း မိပါသည်။

(၃) ဤသို့ ၀မ်းသာစရာ၊ ၀မ်းနည်းစရာများ ရောပြွန်းနေသည့် အချိန်အခါ၌ အမေရိကန်ပြည်ထောင်စု အနေဖြင့် တိုင်း ရင်းသားဒေသ များအရေးနှင့် မြန်မာ့နိုင်ငံရေးအခက်အခဲတို့အား ကူညီဖြေရှင်း သွားမည် ဟု- အမေရိ ကန်ပြည်ထောင်စု နိုင်ငံခြားရေး ဌာန အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင် ငံခြားရေး ဝန်ကြီး Kurt Campbell ၏ ၂၀၁၃ ခု ဇန်န၀ါရီလ ၁၈ ရက်နေ့မှ ကမ်းလှမ်းမှုအား ကျွန်ုပ်တို့ မြန်မာ မွတ်ဆ လင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့မှ အပြုသဘော ဆောင် ကြိုဆို လိုက်ပါသည်။ အလားတူ အဆိုပါနေ့ရက်၌ ကျင်းပသည့် ၆၅ နှစ်မြောက် လွတ်လပ်ရေး မိတ်ဆုံစားပွဲ၌ အမေရိကန်နိုင် ငံဆိုင် ရာ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေမှ ပြောကြားသည့် “ကျွန်တော်ဘဝမှာ အဖြစ်စေချင်ဆုံး ဆန္ဒ ကတော့ မြန်မာကို နိုင်ငံတကာက လေးစားစေချင်တာပဲ၊ ကျွန်တော်တို့ လေးစားအောင် နေမှ လုပ်မှရမယ်” ဟူသည့် စကားကိုလည်း ကြိုဆိုထောက်ခံလိုက်ပါသည်။

(၄) ထို့ပြင် အမှန်တစ်ကယ် ၂၁ ရာစု ဒီမိုကရေစီ စနစ်ကြီးအား လိုလားတောင့် တနေ သည့် မြန် မာပြည် သူပြည်သား အားလုံးအနေဖြင့်လည်းကောင်း၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်များ အနေဖြင့် လည်းကောင်း ၊ နိုင်ငံတော်အား အမှန် တစ်ကယ်ပြုပြင်လိုသည့် ခေါင်းဆောင်များ အနေဖြင့်လည်းကောင်း ကမ္ဘာ့ တိုးတက်သည့် ဒီမိုကရေစီနိုင်ငံကြီးများ၏ စံနမူအား အတုယူကျင့်သုံးနိုင်ရန်၊ နာဇီဝါဒ နှင့် ဒီမိုကရေစီဝါဒ၏ ကွဲပြားခြားနားမှုများအား နားလည် သဘောပေါက် စေရန် မျက်လုံး၊ နား၊ နှလုံးသားများ ဖွင့်လျှက် စဉ်ဆက်မပြတ်လေ့လာသင့်ကြောင်းကိုလည်း တိုက်တွန်း လိုက်ပါ သည်။

မိုးကျော် (LA)
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ

RB News

နစကမှလုပ်ကြံမှုကြောင့် ငါးခူရရွာသားတစ်ဦး ငွေကျပ်သိန်း ၆၀ ပေးလိုက်ရ

မောင်တော ။ ။ ယမန်နေ့က မောင်တောမြို့နယ် ငါးခူရကျေးရွာ အခြေစိုက် နယ်စပ်ဒေသကွပ်ကဲရေး (နစက) နယ်မြေ (၅) နယ်မြေမှူး ဗိုလ်မှူးဝင်းလှိုင်ဦးဆောင်၍ အဖွဲ့ဝင် ၁၀ ဦးပါဝင်သောအဖွဲ့သည် ငါးခူ ရကျေး ရွာရှိ ဦးမိုဟာမတ်ဟူစိန်း (ဘ) ဦးအက်သာကမာလ် (အသက် ၅၃ နှစ်) ၏နေအိမ်သို့ ၀င်ရောက် စီးနင်း ရှာဖွေခဲ့သည်။ ရာဘာဆေးပြားများ ရှာဖွေရန်ရှိသည်ဟု အကြောင်းပြ၍ ၎င်းတို့ကိုယ် တိုင်ယူဆောင် လာသော မူးယစ်ဆေးဝါးအချို့ကို ရှာဖွေနေသည့် အချိန်တွင် ဘီဒိုထဲ၍ လုပ်ကြံခဲ့သည်ဟု သိရသည်။ ထို့နောက် ဦးမိုဟာမတ်ဟူစိန်းအား ငွေကျပ်သိန်း ၆၀ ရသည့်အထိ ဖမ်းဆီးထိန်းသိမ်း ထားခဲ့ ပြီး၊ ငွေကျပ် သိန်း ၆၀ ရသည့်အခါပြန်လည်၍ လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ယမန်နေ့ကပင် မောင်တောမြို့ခမောင်းဆိတ်ရွာ (ဖကီရာဘာဇား) အခြေစိုက်နစကနယ်မြေ (၂) မှ စုံစမ်းရေး မှူးချုပ်ထွန်းစိန်မှ ရေနံဆီရောင်း ချသူ ဦးဂျမာလ် (ဘ) ဦးအဒူမာဘုသ် (အသက် ၃၅ နှစ်) အား ဖမ်းဆီး ခဲ့ကြောင်းသိရသည်။ နစကမှ၎င်းအား ဖမ်းဆီးရခြင်းမှာ နေအိမ်၌ ရေနံဆီကီလို ၄၀ ခန့် တွေ့သော ကြောင့်ဖြစ်သည်။ ဦးဂျာမာလ်သည် မိသားစု ၆ ဦးကို အရောင်းအ၀ယ်ပြုလုပ်၍ ၀င်ငွေအ နည်း ငယ်ဖြင့်စောင့်ရှောက်နေ သူဖြစ်ပြီး ငွေကြေးအားဖြင့် ဆင်းရဲသူ တစ်ဦးဖြစ်သည်။ သို့သော်လည်း နစက များ ကို ငွေကျပ် ၃ သိန်းပေးမှ ပြန်လည် လွတ်မြောက် မည်ဖြစ်သဖြင့် ငွေကျပ် ၃ သိန်းရအောင် ရှာဖွေပေး ခဲ့ပြီး လွတ်မြောက် လာခဲ့ကြောင်း သိရှိရပါသည်။

“နေ့တိုင်း အဲဒီထွန်းစိန်က ရိုဟင်ဂျာတွေ ရဲ့အိမ် ၂ လုံးကနေ ၃ လုံးထိ ပစ်မှတ်ထားပြီး၊ အိမ်တွေကို ပါမစ် မယူ ဘဲဆောက်တယ် ဆိုပြီးအကြောင်းမရှိ အကြောင်း ရှာပြီး ငွေညှစ်နေတယ်။ ကျွန်တော်တို့ အိမ်တွေ ဆောက် ထားတာ နှစ်ပေါင်း ၂၀ မကတော့ဘူး။ အဲဒီ နစကဆိုတဲ့ ဌာနမပေါ်လာခင် ကတည်း ကပါ။ ကျွန် တော် တို့နိုင်ငံမှာ ကျွန်တော်တို့လို ဘယ်သူ့မှ ခံစားရမှာမဟုတ်ဘူး လို့ယုံကြည်တယ်။ ဗဟိုအစိုးရ အနေနဲ့ ကျွန်တော်တို့ရဲ့ ဒုက္ခတွေ အပေါ်အာရုံစိုက် သင့်တယ်” ဟုအမည် မဖော်လို သူရွာသားတစ်ဦးမှ RB News သို့ပြောပါသည်။

မောင်တောမြို့နယ်၊ ဗန္ဓုလကျေးရွာ အုပ်စုသည် နစကနယ်မြေ (၁) အောင်သပြေလက်အောက် ခံဖြစ် ပြီး၊ ထိုရွာတွင် ရိုဟင်ဂျာမိသားစု ၁၀၀ ခန့်နေထိုင် လျက်ရှိသည်။ ထိုထဲမှ မိသားစု ၃၀ ခန့်မှာ နစက၏ အတင်း အဓမ္မ ဘင်္ဂလီဇတ်သွင်းသည့် အစီအစဉ်တွင် ပါဝင်ခဲ့ရသည်ဟု သိရသည်။ ထိုသို့ ဘင်္ဂလီဇတ်သွင်း ခံရ မည်စိုး၍ ထိုရွာမှ ရိုဟင်ဂျာ မိသားစုအချို့တိမ်းရှောင်သွားကြောင်း သတင်းရရှိပါသည်။

Qutub Shah
RB News

ဘူးသီးတောင်ရှိတပ်ရင်း ၃၅၂ မှမတရားသဖြင့်စီးပွားရှာနေ

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် အ၀န်းရှိဒေသခံ ရိုဟင်ဂျာ မွတ်စလင်များ၏ ပိုင်ဆိုင်သော လယ်ယာမြေ ကို ၁၉၉၀ နောက်ပိုင်းမှ စ၍ သိမ်းဆည်းခြင်းများပြု လုပ်ခဲ့ရာ ယခုထိ သိမ်းဆည်းခြင်း၊ အတင်းအဓမ္မတပ် ရန်ပုံငွေ အဖြစ်စပါးစိုက်ပျိုး ခိုင်းခြင်းများ ဆက်လက်ပြု လုပ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်ရှိ တပ်ရင်း ၃၅၂ မှ စည်းရုံးရေးနယ်မြေဟု ဆို၍ တပ်သက်သာချောင်ချိရေး ရန် ပုံ ငွေလို သည်ကိုအကြောင်းပြ၍ ငါးရန့်ချောင်းကျေးရွာအုပ်စုရှိ အမှတ် (၁၀) ရပ်ကွက်မှ ဧက ၄၀၊ အမှတ် (၁၁) ရပ်ကွက်မှ ဧက ၇၀၊ အမှတ် (၁၂) ရပ်ကွက်မှ ဧက ၂၀၀၊ အမှတ် (၁၃) ရပ်ကွက်မှ ဧက ၆၀ – စုစုပေါင်း ဧက (၃၇၀) ကို တပ်ရင်းမှူးနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသော ဦးအဘာစ်မျာနှင့် ဦးကေဖါတုလ္လာတို့ အားကြီးကြပ်စေပြီး နွေစပါးစိုက် ပျိုးရန် အမိန့်ထုတ်ပြန် ခဲ့ကြောင်း သိရသည်။ ထိုသို့နွေစပါးစိုက်ပျိုးရာ တွင် လယ်ပိုင်ရှင်များကို ထွန်ယက်ခွင့်မပေးဘဲ၊ တစ်ဧကလျှင် ငွေကျပ် ၃ သောင်းစီပေးသွင်းနိုင်သူများ သာ လယ်ယာ ထွန်ယက် ခွင့်ပေးနေသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လယ်ပိုင်ရှင်များက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြ သော် လည်း တပ်ရင်းမှ ကြီးကြပ်၍ပြု လုပ်နေသည့် အတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ မရှိဟြု ပန်ကြားကြောင်းဒေသ ခံတစ်ဦးမှ RB News သို့ပြောပါသည်။

“ကျွန်တော်တို့ လယ်ပိုင်ရှင်တွေ အတွက်တော်တော်လေး နစ်နာဆုံးရှူံး ရပါတယ်။ လယ်တွေကိုသိမ်းချင် သလိုသိမ်းတယ်။ မသိမ်းပြန်ရင်လည်း သူတို့စိတ်တိုင်း ကျလုပ်ပေးရတဲ့ အပြင် ကျွန်တော်တို့ရဲ့ လယ်မြေ တွေပေါ်မှာ ကျွန်တော်တို့ လယ်စိုက်ဖို့ တစ်ဧကကို ငွေကျပ် ၃ သောင်းစီပေးရမယ်ဆိုတာ မတရား အ နိုင်ကျင့်တာပါ။ ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်မှတော့ တပ်ရင်း ၃၅၂ နဲ့ ၅၅၁ တို့ကတော့ အင်မ တန်ရက်စက်ယုတ်မာနေတဲ့ တပ်ရင်းတွေဖြစ်ပါတယ်။” ဟုငါးရန့်ချောင်းရွာ မှဒေသခံတစ်ဦးမှ RB News သို့ ပြောပါသည်။

ဌေးဇော်
RB News

သမ္မတအိုဘားမားရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား {တနင်္လာနေ့ ( ဇန်န၀ါရီ ၂၁)}

လာမယ့် တနင်္လာနေ့ ( ဇန်န၀ါရီ ၂၁) ကျရင် အမေရိကန်ပြည်ထောင်စု ရဲ့ မြို့ တော်ဝါ၇ှင်တန်ဒီစီမှာ သမ္မတအိုဘားမားရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားရှိတဲ့ အတွက် ၀ါရှင်တန်ဒီစီတမြို့ လုံး အခမ်းအနားအတွက်ပြင်ဆင်နေကြပါတယ်။

လူပေါင်း ၃ သန်းနီးပါး အခမ်းအနားကို တက်ရောက်မှာဖြစ်တဲ့ အတွက် မြို့ ထဲကလမ်းတွေ အတော်များများကိုလည်း ပိတ်ထားမှာဖြစ်ပါတယ်။

သမ္မတအိမ်ဖြူတော်ကနေ ကျမ်းသစ္စာကျိန်ဆိုမယ့်  Capitol Hill လွတ်တော်ခန်းမအထိ သမ္မတစစ်ရေးပြချီတက်မယ့် လမ်းကြောင်းတလျှောက်မှာလည်း ဖျော်ဖြေရေးစင်မြင့်တွေကို အများအပြား တွေ့ ရပါတယ်။

အဲဒိစင်မြင့်တွေမှာ ကမ္ဘာကျော် အမေရိကန် အဆိုတော်တွေက လာရောက်တဲ့ ပြည်သူတွေကိုအခမဲ့ ဖြေဖျော်ပေးသွားမှာပါ။

Burma Newslelite အဖွဲ့သားတွေက လည်း အဲဒိအခမ်းအနားကို သွားရောက်ပြီး သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးမှာမို့ 
မြန်မာစံတော်ချိန်တင်္နလာနေ့ ညဘက်မှာ သတင်းတွေကို စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
H( ဓာတ်ပုံ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် အိမ်ဖြူတော်ရှေ့မှာ ပြင်ဆင်ထားစဉ် Getty Image)

ဘူးသီးတောင်မှ ရဲ၊ စစ်တပ်နှင့်နစကတို့မှာ ဓါးပြများထက်ဆိုးရွားနေ

ဘူးသီးတောင် ။ ။ ဇန်န၀ါရီလ (၁၅) ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်ညောင် ချောင်း စရဖ တပ်ဖွဲ့မှ ထွန်းထွန်းလှိုင်သည် ကာဒီရွာမှ ဦးအဒူဆလာမ် (ဘ) ဦးအလီအဘာရ် (အသက် ၅၅ နှစ်) အား ညောင်ချောင်းဈေးမှ ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်မှ ဖုန်းလိုင်းသုံးစွဲနေသည်ဟု စွပ်စွဲပြီး ငွေ ကျပ် ၂ သိန်း ယူ သည့်အပြင် ပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။ ထိုသို့ လူမဆန်စွာ ရိုက်နှက်သည်ကို မခံနိုင်၍ အနီးရှိချောင်း ထဲသို့ ခုန်ဆင်းပြေးသွားခဲ့ရာ လိုက်လံဖမ်းဆီးပြီး ထပ်မံရိုက်နှက်ရာ တွင်ခြေလက်ကျိုး ၍ သေလုမျော ပါးဖြစ်ခဲ့သောကြောင့် ဘူးသီးတောင်မြို့ နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ်ဆေးကုသ လျက်ရှိကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း အရေး ယူခြင်း တစ်စုံ တစ်ရာပြုလုပ်ခြင်း မရှိကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။

ဇန်န၀ါရီလ (၁၃) ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဘူးသီးတောင်မြို့ နယ်အော်လံပြင်ရွာ၌ လုံခြုံရေးတာ ၀န်ယူနေသော တပ်ရင်း ၃၄၅ မှ ဒုအရာခံ ဗိုလ်လှဇံ၏ တပည့် ဒုတပ်ကြပ် တစ်ဦးက ထိုရွာ တွင်နေ ထိုင် သော ဦးရီယာဇုဒီးန်နှင့် အသက် (၁၂) နှစ်အရွယ် သားဖြစ် သူတို့အား ဘင်္ဂလားဒေ့ရှ်မှ ဖုန်း လိုင်းသုံးစွဲနေ သည်ဟုစွပ်စွဲ၍ သားအဖနှစ်ဦးအား ကြိုးဖြင့် ချည်နှောင်၍ ချောင်းသို့ ခေါ်သွားခဲ့သည်။ ထိုသားအဖနှစ်ဦး အား ချောင်းထဲသို့ နစ်၍ စစ်ဖိနပ်ဖြင့် ကန်၍ ပြင်းပြင်းထန်ထန် ရိုက်နှက် ညှင်း ပန်းနှိပ် စက်၍ တပ်ရင်းသို့ ခေါ်ဆောင်သွား ခဲ့သည်။ တပ်ရင်းတွင် တစ်ည ချုပ်နှောင် ထားခဲ့ပြီးနောက် တွင် ငွေကျပ်တစ်သိန်းယူ၍ ပြန်လည်လွှတ်ပေး လိုက်ကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ်ရဲစခန်းမှ တာဝန်ခံနယ်ထိန်း ဒုရဲအုပ်မြတ်ထွေးသည် ဘူးသီးတောင်မြို့နယ်မှ ဒေသခံ ရိုဟင်ဂျာများအား မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေညှစ်နေသည်ကို ၎င်း၏ စီးပွားရေးလုပ်ငန်း တစ်ခု အနေဖြင့် လုပ်ကိုင်လျက်ရှိသည်။ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် အလယ်ချောင်း လသာ ရွာနေ မော်လ၀ီ ဦးဖုရ်ကာန် (ဘ) ဦးမာမတ်ကာဆိမ်းအား တစ်ဖက်နိုင်ငံနှင့် တရားမ၀င် ဆက် သွယ်နေ သည်ဟု မဟုတ်မမှန် စွပ်စွဲပြီး ဖမ်းဆီးခဲ့သည်။ ထို့နောက်ငွေကျပ် ၆ သိန်း မပေးပါက တရားစွဲ၍ထောင် ချမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။ မော်လ၀ီဦးဖုရ်ကာန်မှ ၎င်း၏ ဘ၀တစ်ခုလုံး ကိုထောင် ထဲတွင် မနစ်မြှပ် နိုင်သောကြောင့် ငွေကျပ် ၆ သိန်းကိုနီးစပ်ရာဆွေမျိုးများ မှချေးငှား၍ပေး ခဲ့ကြောင်း ဒေသ ခံတစ်ဦးမှ RB News သို့ပြောပါသည်။

ဇန်န၀ါရီလ (၁၂ ) ရက်နေ့တွင်ပင် ဘူးသီးတောင်မြို့နယ်၊ စိမ့်ညှင်းပြားရွာ အခြေစိုက် နစကစခန်းမှ ထိုရွာမှ ရွာသားတစ်ဦးဖြစ်သည့် ဦးမိုဟာမတ်အာမီးန် (ဘ) ဦးအဒူဇလိလ်အား ဘင်္ဂလားဒေ့ရှ်မှဖုန်း လိုင်း သုံးစွဲနေသည့်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် ၅ သိန်းယူ သွားခဲ့သည်။ ဦးမိုဟာမတ်အာမီးန်အား အဆို ပါနစကများမှ အကယ်၍ သက်ဆိုင်ရာသို့ တိုင်ကြားပါက ၎င်း၏နေအိမ်ကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက် သွားကြောင်း သိရပါသည်။

ဌေးဇော်
RB News

မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ် စတင်ပြေးဆွဲသည့် နေ့၌ပင် ထားဝယ်လေဆိပ်တွင် စက်ချွတ်ယွင်းမှုဖြစ်ပွား


ဇန်န၀ါရီ လ ၁၈ ရက်နေ့က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် UVA-311 ရန်ကုန်-ထားဝယ်-မြိတ်-ထားဝယ်-ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်း ပြေးဆွဲနေသည့် အသစ်ဝယ်ယူထားသော ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ်အမှတ် XY-AGP သည် ထားဝယ်လေဆိပ်တွင် စက်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယင်းလေယာဉ်သည် ရန်ကုန်လေဆိပ်မှ ထားဝယ်လေဆိပ်သို့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ရောက်ရှိ လာခဲ့ပြီး ခရီးသည်များကို တင်ဆောင်၍ မြိတ်လေဆိပ်သို့ ဆက်လက်ထွက်ခွာရန် လေယာဉ်၏ စက်ပိုင်းဆိုင်များကို စစ်ဆေးစဉ် လေယာဉ်၏ တောင်ပံနှစ်ဖက်တွင်ရှိသော အရှိန်လျှော့သည့် ကိရိယာ(flap)မှာ အလုပ်မလုပ်သည့် အတွက် ထားဝယ်လေဆိပ်တွင် ရပ်နားထားခဲ့ပြီး ရန်ကုန်မြို့ရှိ လေယာဉ် အင်ဂျင်နီယာများကို ခေါ်ယူပြင်ဆင် ခဲ့ရကြောင်း သိရှိရသည်။
“လေယာဉ်တော့ ကြီးကြီးမားမား ဘာမှဖြစ်တာ မဟုတ်ပါဘူး။ ထားဝယ်ကွင်းကို ရောက်ပြီး မြိတ်ကိုဆက်သွားဖို့ ခရီးသည်အားလုံး တင်ပြီး လေယာဉ်က စက်ပိုင်းဆိုင်ရာတွေကို စစ်ဆေးတဲ့အခါမှာ လေယာဉ် ဆင်းသက်တဲ့ အချိန်မှာ အသုံးပြုရတဲ့ တောင်ပံ နှစ်ဖက်မှာရှိတဲ့ အရှိန်လျှော့ တဲ့ ကိရိယာတွေက အလုပ်မလုပ်လို့ လေယာဉ်ပျံ တက်မှု မလုပ်ဘဲ ရန်ကုန်က လေယာဉ် အင်ဂျင်နီယာတွေကို ခေါ်ယူပြင်ဆင် ခဲ့ပါတယ်။ ရန်ကုန်ကနေ F-28 နဲ့ လေယာဉ် အင်ဂျင်နီယာတွေ ညနေ ၄ နာရီ ၅၀ မိနစ်မှာ ရောက်လာပြီး ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ ခရီးစဉ်တွေ ကိုတော့ F-28 လေယာဉ်နဲ့ အစားထိုး ပြေးဆွဲပေးခဲ့ပါတယ်။ EMBRAER 190 လေယာဉ်က ထားဝယ်ဘက်က ခရီးစဉ်တွေကို ဒီနေ့မှစပြီး ပြေးဆွဲတာပါ” ဟု ထားဝယ်လေဆိပ် မျှော်စင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်သည် ရန်ကုန်မြို့မှ ထားဝယ်သို့ ခရီးသည် ၉၀ ဦး တင်ဆောင်လာခဲ့ပြီး မြိတ်မြို့သို့ ခရီးသည် ၆၃ ဦး လိုက်ပါရန် ရှိကြောင်း၊ ယင်းလေယာဉ်ကို အင်ဂျင်နီယာများမှ စစ်ဆေးပြုပြင်ခဲ့ပြီး ညနေ ၆ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မြန်မာ့လေကြောင်းမှ သက်တမ်း ကြာမြင့်နေပြီ ဖြစ်သည့် F-28 လေယာဉ်များ နေရာတွင် အစားထိုး ပြေးဆွဲရန်အတွက် မြန်မာ့လေကြောင်းမှ ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များကို အငှားဝယ်ယူ ထားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group